ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, March 01, 2012

မြအေး (သို့မဟုတ်) နိုင်ငံရေးကို သီချင်းရေး၍ ဘောလုံးကန်သည်




နှင်းတွေ တဖွဲဖွဲကျနေသည်။ မြူနှင်းတွေလား၊ မီးခိုးလား မသဲကွဲခင် အချိန်ပိုင်းလေးတွင် တောင်ကြီးသို့ သူရောက်လာသည်။ တကယ်တော့ သူ့ကို အင်းစိန်ကနေ လွိုင်ကော်ထောင်သို့ ရွှေ့ပြောင်းပေးခဲ့သည်။ သူနှင့် အဆက်ပြတ်သွားခဲ့သည်မှာ နှစ်နှစ်ခန့် ရှိပြီ။ နောက်တော့ သူ့ရဲ့ ကျန်းမာရေး မကောင်းလှဟု ကြားသိရသည်။ လွိုင်ကော်အပြင် ဆေးရုံကြီးသို့ တက်ရောက် ကုသရသည်။ ကျွန်တော်တို့ အားလုံးလည်း သူ့အတွက် စိုးရိမ်နေကြပါသည်။ ခုတော့ စ၀်စံထွန်းဆေးရုံကြီးနှင့် နီးနီးနားနား နေနိုင်အောင် သက်ဆိုင်ရာက စီစဉ်ပေးလိုက်ခြင်း ဖြစ်မည်ထင်သည်။ ကျွန်တော်တို့နှင့် သူ၏ ရေစက်က တော်တော် ပတ်သက် ယှက်နွယ်နေပုံရ သည်။

တောင်ကြီး ရောက်တော့ သူက တိုက် ၂ မှာ။ ကျွန်တော်တို့ တိုက်ကို အလည်မလာပေမယ့် သူ့တိုက်ကို ကျွန်တော် မကြာခဏ သွားလေ့ ရှိပါသည်။ ဘာကြောင့်လဲ ဆိုတော့ သူတို့တိုက်က ဘောလုံး ကစားတဲ့ကွင်း ရှိနေတာကိုး။ ဘောလုံးကွင်းက သိပ်အကျယ် ကြီးတော့ မဟုတ်။ ဒါပေမယ့် တစ်ဖက် ငါးယောက် ဖူဆယ် ကောင်းကောင်း ကစားလို့ရသည်။ ပြီးတော့ သူတို့တိုက်မှာ သေဒဏ်၊ ကြိုးလွတ် အကျဉ်းသား သုံးဆယ်ကျော် ရှိသည်။ ဒီတော့ အသင်း နှစ်သင်းအတွက် လူအင်အားက ပူစရာမလို။ ကိုမြအေးဆီမှာ ဖူဆယ်ဘောလုံး သုံး၊ လေးလုံးက အမြဲရှိနေတတ်သည်။ သူ့ကျန်းမာရေးအတွက် ထောင်မှ ဘောလုံးကစားခွင့် ပြုထားသည်။ သူ့အိမ်ကလည်း လိုအပ်တာ အားလုံးပို့ပေးသည်။ ရသည့် Space မှာ ပျော်အောင်နေတတ်သူ။

သူက ကော်ဖီနှင့် ဆေးလိပ်တော့ အတော်ကြိုက်သည်။ တစ်နေ့လုံး မိုးလင်းမှမိုးချုပ် ကော်ဖီကို တစွတ်စွတ် သောက်နေတတ်သည်။ တစ်နေ့လုံး သူသောက်သည့် အရေအတွက်က ၁၀ ခွက်နှင့် ၁၅ ခွက်ကြား ရှိသည်။ ဘောလုံး မကစားသည့် အချိန်တွေဆိုလျှင် ကော်ဖီလေး သောက်လိုက်၊ သီချင်းလေးရေးလိုက်။ သူက သီချင်းနှင့် ပတ်သက်ပြီး တော့လည်း အစဉ်အလာရှိသူ ဖြစ်သည်။ ၁၉၈၈ ခုနှစ်က သူရေးခဲ့သော "ကမ္ဘာမကြေဘူးဟေ့" သီချင်းသံက ကျွန်တော်တို့ နှစ်ပေါင်း နှစ်ဆယ်ကျော် ခဲ့သော်လည်း မမေ့နိုင်ကြသေး။ ခုလည်း သူ့ဆီမှာ သီချင်းပုဒ်ရေ ၅၀ လောက် စုဆောင်း မိနေပြီ။

ဘောလုံးကစားခြင်း ကတော့ သူ့အတွက် အတော် ကောင်းပါသည်။ သူပျော်ရွှင်နေ၍လား။ အားကစား လုပ်နေ၍လား မပြောတတ်။ တောင်ကြီးကို ရောက်လာကတည်းက ထူမတ်လာသည်။ လန်းဆန်းလာသည်။ သူက ဘယ်အလုပ်မဆို စိတ်ရော ကိုယ်ပါ နှစ်ပြီး လုပ်တတ်သူ။ ဒီတော့ ဘယ်အရာမဆို ပိုအားကုန် ပိုအားစိုက်ထုတ်ရသည်။ ကျွန်တော်တို့က နေပူ၍ သာယာသော နေ့တစ်နေ့တွင် ဘောလုံး ကစားမည်ဟု တစ်ခွန်းတည်း ပြောသွားသည်။ သူစီစဉ်ရသည့် အလုပ်တွေက အဆင့်ဆင့်။ တစ်ထောင်လုံးမှ ဖူဆယ်ဘောလုံး ကျွမ်းကျွမ်း ကျင်ကျင် ကစားတတ်သည့် လူတွေကို စုရသည်။ ပြီးတော့ အဆောင်ပေါင်းစုံမှ ထိုလူတွေ ဘောလုံး ကစားခွင့်ရအောင် Main Jail နှင့် သွားရောက် ညှိနှိုင်းရသည်။ နှစ်ကြီးဆောင်၊ ထောင်ကျဆောင်၊ ဆေးရုံ၊ မီးဖိုနှင့် အလုပ်ကြီးမှ ဘောလုံးသမားတွေကို အကြောင်းကြားရသည်။ ထိုဘောလုံးသမားတွေ ဘောလုံးကစားပြီး သောက်ဖို့ အချိုရည်၊ စားစရာနှင့် လိုအပ်လျှင် နံနက်စာပါ ကြက်သားချက်ပြီး ကျွေးသည်။ ကုန်ကုန်ပြောရလျှင် ဘောလုံးကန်ဖိနပ်မှအစ ဘောလုံးကန် အင်္ကျီအထိ သူ့ဆီမှာ အားလုံးရသည်။

ဒါပေမယ့် ဘောလုံးကစား နေချိန်မှာတော့ သူ့ဆီမှာ Diplomacy မရှိ။ အနိုင်အရှုံး ရလဒ်အတွက် ကျားကုတ်ကျားခဲ ကစားသည်။ သူက နောက်သို့ တစ်လက်မမှ မဆုတ်။ ပြိုင်ဘက်အပေါ် ကြင်နာသနားစိတ် လုံးဝမရှိ။ ဘောလုံးပွဲ ပြီးရင်တော့ အားလုံး ဟေးလားဝါးလား။ ဤသို့ ဘောလုံးအပေါ် ရူးသွပ်သူကို မြအေးအတွက် ၂၀၁၂ ခုနှစ် လွတ်လပ်ရေးနေ့ အထိမ်းအမှတ် ဘောလုံးပြိုင်ပွဲက ရောက်ရှိလာခဲ့ပါသည်။

တကယ်တော့ ထောင်တွင်း ဘောလုံးပြိုင်ပွဲဆိုတာ ကျွန်တော်တို့တွေနှင့် သိပ်မသက်ဆိုင်လှပါ။ ဒီပွဲက အဆောင်နေ အကျဉ်းသား များအတွက် ရည်ရွယ် ကျင်းပပေးခြင်း ဖြစ်သည်။ သီးသန့် အကျဉ်းသားတွေ နေထိုင်သည့် တိုက်မှလွဲ၍ ကျန်အဆောင်တွေအားလုံး ဘောလုံးအသင်း ဖွဲ့စည်းခွင့်ရှိသည်။ ပြိုင်ပွဲဝင်ခွင့်ရှိသည်။ သို့သော် ထောင်ပိုင်ကြီး၏ လူသားချင်းစာနာမှုအရ တိုက်မှ ဘောလုံး အသင်း တစ်သင်းပြိုင်ပွဲ ၀င်ခွင့်ပေးသည်။ သို့သော် ကျွန်တော်တို့ အုပ်စုကိုတော့ ကစားခွင့်မပေး။ ထိခိုက်ဒဏ်ရာရမှာစိုး၍ ဖြစ်သည်။ ဒီတော့လည်း ဖြစ်ပါသည်။ ကျွန်တော်နှင့် ဂျင်မီက ဒိုင်လူကြီးလုပ်သည်။ ကိုမြအေးက တိုက် ၂ အသင်းကို မန်နေဂျာ နည်းပြလုပ် သည်။ သူက တိုက်တွင် နေထိုင်ရသည့် အကျဉ်းသား အစိတ်၊ သုံးဆယ်ထဲမှ ဖူဆယ်ကစားတတ်သူ ငါးယောက်အား အတော် အားစိုက် ရွေးရသည်။ တခြား အသင်းတွေက လူ ၁၅၀၊ ၂၀၀ လောက် အစုတွေထဲက တစ်သင်းဖွဲ့ရတာ သိပ်လွယ်သည်။ ပြီးတော့ အသင်းတွေက တောင့်တင်း အားကောင်းသည်။ ကိုမြအေးအသင်းက အားနည်းချိနဲ့သည်။

ဒီမှာ ကိုမြအေး၏ အစွမ်းကို မြင်တွေ့ခွင့်ရသည်။ သူက သူ့အသင်းသား ငါးယောက်ကို နီးနီးကပ်ကပ် ရင်းနှီးခင်မင်အောင် အတူတူ စားခိုင်းသည်။ အတူတူ နေခိုင်းသည်။ အားဆေးတွေ တိုက်သည်။ တိုက်ရှေ့ ကွက်လပ်တွင် ပင်နယ်တီကန် လေ့ကျင့်စေသည်။ သူက သူ့လူတွေကို အသင်းအပင်း စိတ်ဓာတ် သွင်းပေးသည်။ Discussion ဆွေးနွေးညှိနှိုင်း၍ နည်းဗျူဟာ၊ မဟာဗျူဟာတွေ ချမှတ်သည်။ ကျွန်တော်တို့ အမြင်ကတော့ လူသုံးဆယ်ထဲက ရွေးထားသော အသင်းက လူနှစ်ရာထဲက ရွေးထားသော အသင်း လောက် မကောင်းဟု။
တကယ် ကစားတော့လည်း တိုက်အသင်းကို မည်သူကမှ အထင်မကြီးပါ။ ဗိုလ်စွဲဖို့ ရေပန်းစားနေတာက BMI ဆေးရုံ အသင်း။ ထိုအသင်းမှာ တောင်ကြီး လက်ရွေးစင်တွေ ဖြစ်သည့် ချီးလူးတို့၊ တီးတီးတို့ပါသည်။ တိုက်အသင်းက အုပ်စုမှာ ကစားတော့ နှစ်ပွဲနိုင် တစ်ပွဲသရေ။ အားလုံး စိုးရိမ်နေသည့်ကြားမှ ဆီမီးဖိုင်နယ်မှာ တိုက်က BMI နှင့်တွေ့သည်။ ကိုမြအေးက သူ့လူတွေ ဖြစ်သည့် ဇော်မိုးဌေး၊ တေဇာ၊ အပုလေး တို့ကို စိတ်ဓာတ်မြှင့်တင် ပေးသည်။ ကွင်းဘေးကနေ နည်းဗျူဟာကို အနီးကပ် ညွှန်ကြားနေသည်။ ရလဒ်က အားလုံး မထင်ထားသည့် ရလဒ် လေးဂိုးတစ်ဂိုးဖြင့် လက်ရှိ ချန်ပီယံအသင်းကို နိုင်သွားသည်။

တစ်ဖက်အုပ်စုက ရှုံးပွဲမရှိ ပေးဂိုးမရှိ ကစားထားသော အဆောင် ၃ က ဗိုလ်လုပွဲတက်လာသည်။ အဆောင် ၃ က ပအို့ဝ်တိုင်းရင်း သားတွေ။ လူကောင်ထွားသည်။ ခံစစ်ကျစ်လစ်သည်။ ဗိုလ်လုပွဲမကစားခင် တစ်ရက်အလိုမှာ လွတ်ငြိမ်း ချမ်းသာအမိန့် တစ်ခု လာသည်။ ကိုမြအေးက ၆၅ နှစ်မှ နှစ် ၃၀ သို့ လျော့ကျ သွားသည်။ သို့သော် သူက အရေးမထား။ စိတ်ထဲမှာ ဘာမှမရှိတဲ့ပုံ။ သူ၏ ရုပ်ရော စိတ်ရော ဘောလုံးပွဲ ထဲမှာ မြှုပ်နှံထားသည်။ အိပ်လည်းဒီစိတ်၊ စားလည်း ဒီစိတ်။ သူ့အနားသွားပြီး နိုင်ငံရေး အခြေအနေ တွေ ပြောတော့လည်း သူက စကားဖြတ်ပြီး သူ့အသင်း အကြောင်းပဲ ထုံမွှမ်းနေသည်။ သူ့လူတွေ အကြောင်းပဲ ပြောသည်။

ဗိုလ်လုပွဲတွင် အသင်းသစ်ဖြစ်သည့် တိုက်အသင်းက အားငယ်စရာ။ အဆောင် ၃ က အားပေးသူတွေ ပြည့်နှက်နေသည်။ ဒါပေမယ့် ကိုမြအေးက သူ့လူတွေကို ကွင်းဘေးကနေ အနီးကပ် ညွှန်ကြား ကြီးကြပ်သည့်ပွဲ။ ချိန်ခွင်လျှာက တဖြည်းဖြည်း ပြောင်းလာသည်။ ပွဲပြီးရန် ငါးမိနစ်အလိုတွင် တိုက်အသင်း ရှေ့တန်းက တေဇာက အနိုင်ဂိုးသွင်းယူပြီး ဗိုလ်စွဲသွားသည်။ ဒီဘောလုံးပွဲကို အကြောင်းပြု၍ ဘ၀အတွက် နည်းဗျူဟာများ ကျွန်တော်တို့ ရရှိခဲ့ပါသည်။ သူက လူထူးလူဆန်းတစ်ယောက်။ နိုင်ငံရေးကို သီချင်း ရေး၍ ဘောလုံးကန်သူ။

လွန်ခဲ့သော နှစ်ပေါင်း ၂၃ နှစ်ကျော်က သူ့လက်ရာ သီချင်းသံလေးကို ကျွန်တော်ကြားယောင်နေမိသည်။ သီချင်းအမည်က "ကမ္ဘာမကြေဘူးဟေ့"

"လာပါလေ × × × ညီအစ်ကိုတွေ × × × ခရောင်းတောလမ်းကို နင်းဖြတ်မယ် × × × မြန်မာပြည်ကယ်တင်မယ် × × × တို့ရဲ့ လက်တွေမြဲကြစေ × × × ရာဇ၀င်မှာ × × × အစဉ်အလာပါ × × × သမဂ္ဂဟာ ကြီးမြတ်ပေ × × × တော်လှန်စဉ် × × × အချိန်အခါမှာ × × × တပ်ဦးကနေ × × × ဦးဆောင်ခဲ့တယ်လေ × × × ဒါ × × × တို့တိုင်းပြည် × × × ။http://www.myanmarexpress.net/2012/03/blog-post_3609.html

No comments:

Post a Comment