ရခိုင်ပြည်နယ် ကျောက်တော်၊ မင်းပြား၊ မြောက်ဦး မြို့များတွင် ယမန်နေ့ညက
စတင်၍ ပုဒ်မ ၁၄၄ ညမထွက်ရအမိန့် ထုတ်ပြန် လိုက်ကြောင်း သိရသည်။
ကျောက်တော်မြို့၌
ည ၇ နာရီမှ နံက် ၅ နာရီ အထိ ညမထွက်ရ ထုတ်ပြန်ထားပြီး
မင်းပြားနှင့်မြောက်ဦး မြို့များတွင် ည ၁၀ နာရီမှ နံက် ၄ နာရီအထိ အသီးသီး
ထုတ်ပြန်ထားကြောင်း၊ ထိုအမိန့်အား ဗဟိုမှ လမ်းညွန်ချက်အရ ဒေသဆိုင်ရာ အာဏာ
ပိုင်များက မြို့အနှံ့ လိုက်လံကြေညာခဲ့ကြောင်း ဒေသခံများ က ဧရာဝတီကို
ပြောသည်။
“စစ်တပ်ဗျူဟာမှူး က
ညွန်ကြားတယ် ဆိုပြီး မြို့နယ်မှူးနဲ့အဖွဲ့ဝင်တွေက စပီကာ နဲ့ကြေညာတယ်၊
အိမ်မှာရှိတဲ့ တုတ်တွေ၊ ဓား တွေ၊ ဂျင်ကလိ၊ လေးခွ က အစပေါ့ ရှိရင်
သက်ဆိုင်ရာကို လာအပ်ပေးဖို့၊ စစ်ဆေးတွေ့ရှိရင် အရေးယူမယ်လို့ ကြေညာတယ်”
ဟု မင်းပြား မြို့ခံနှင့်ပြည်နယ် လွှတ်တော် ကိုယ်စားလှယ် ဦးသာကျော် က
ပြောသည်။
ကျောက်တော်မြို့၌ ပြီးခဲ့သည့် ရက်ပိုင်းအတွင်း
ဖြစ်ပွားခဲ့သည့် မီးရှို့မှု၊ အုပ်စုဖွဲ့ တိုက်ခိုက်မှု စသည့်ပဋိပက္ခများ
ဖြစ်ပွားခဲ့သည့် အတွက် ထပ်မံ မဖြစ်စေရန် ယင်းအမိန့်ထုတ်
ပြန်ရခြင်းကြောင်း ရခိုင်ဒေသတွင်း ဖြစ်ပွားခဲ့သည့်
ပဋိပက္ခများနှင့်ပတ်သက်၍ ဖွဲ့စည်းထားသော ပြန်ကြားရေး အဖွဲ့ဝင် ဦးမျိုးသန့်
က ပြောပြသည်။
ကျောက်တော်မြို့၌ သြဂုတ်လ ၅ ရက်နေ့က စတင်ခဲ့သော
ပဋိပက္ခများတွင် ဒေသခံရခိုင်တိုင်းရင်းသား များနှင့်ဘင်္ဂါလီလူမျိုးများ
အကြား အပြန်အလှန် မီးရှို့မှုများကြောင့်
ကျေးရွာတချို့မီးလောင်ကျွမ်းခဲ့ရာ အိမ်ခြေ ၃၀၀ ကျော်
မီးလောင်သွားကြောင်း၊ သေ ဆုံးသူ တချို့နှင့်ထိခိုက် ဒဏ်ရာရသူ အနည်းငယ်
ရှိကြောင်း ၎င်းက ဆက်ပြောသည်။
ဦးမျိုးသန့်က“သေဆုံးသူ တချို့ရှိပေမယ့်
အလွန်နည်းပါတယ်၊ ဘယ်သူ ဘယ်ဝါ ဆိုတာ စာရင်းအတိအကျ မရသေးပါဘူး၊ အတိအကျ
စိစစ်ပြီးတော့ ထုတ်ပြန်ပေးသွားမှာပါ၊ ဒီနေ့တော့ တည်ငြိမ်
အေးချမ်းနေပါပြီ”