ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, March 20, 2012

တပ်မတော်ကို ပြည်သူတွေနဲ့ ထိပ်တိုက်ရင်ဆိုင်ခိုင်းတာ ဗိုလ်ချူပ်ကိုစော်ကားတာပဲ ဒေါ်စု


          မတ်လ(၁၄)ရက်နေ့ ညပိုင်းမှာ မြန်မာ့အသံနှင့်ရုပ်မြင်သံကြားကနေ မြန်မာ့လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီဥက္ကဋ္ဌဦးဇင်အောင်နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ဟောပြောချက်တွေကို နားထောင်လိုက်ရပါတယ်။ အဲဒီမှာကျွန်တော်တို့နားထောင်ချင်တာက ဒေါ်အောင်ဆန်းစုကြည်ရဲ့ဟောပြောချက်ပါ။ အန်တီစုဘာတွေများပြောမလဲ…..ဆိုပြီးနားစွင့်နေမိပါတယ်။ ပြောတာတွေကတော့ အရမ်းကိုကောင်းပါတယ်။ အန်တီစုက ကျွန်တော်တို့ ဗိုလ်ချုပ်ရဲ့ သမီးဆိုပေမဲ့ နိုင်ငံခြားမှာကြီးပြင်း၊ နိုင်ငံခြားသားနဲ့အိမ်ထောင်ကျ၊ နိုင်ငံခြား မှာပဲအနေကြာဆိုတော့မြန်မာစကားပြောတဲ့နေရာမှာ ပီပီသသပြောဆိုနိုင်ပါ့မလားလို့ ထင်မြင်နေတာ မဆိုးပါ ဘူး….ပြောနိုင်ပါတယ်။
          အန်တီစုပါတီပြောပြီးတော့မြန်မာ့လူ့ဘောင်သစ်ကဦးဇင်အောင်ပြောတာကို ဆက်နားထောင်မိပါတယ်။ အဲဒီမှာကွာခြားချက်(၂)ခုသွားတွေ့ပါတယ်။ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ တပ်မတော်အပေါ်သဘောထားနဲ့ အန်တီစုNLDရဲ့ တပ်မတော်ပေါ်သဘောထား(၂)ခုကို နှိုင်းယှဉ်နားထောင်မိပါတယ်။ လူ့ဘောင်သစ်ပါတီရဲ့ သဘော ထားမှာ တပ်မတော်ကို ကျွန်ုပ်တို့၏မိတ်ဆွေကောင်းအဖြစ် သဘောထားမယ် ဆိုပြီး သမိုင်းကြောင်းမှာတွေ့ ကြုံခဲ့ ရတဲ့ အတ္တလွန်ကဲမှုကြောင့် ဆုံးရှုံးနစ်နာမှုတွေဖြစ်ခဲ့ရတဲ့ အကြောင်းပြောသွားပါတယ်။ ထိပ်တိုက်ရင်ဆိုင်ရေး၊ အာဏာဖီဆန်ရေး၊ အလုံးစုံပျက်သုဉ်းရေးမူဝါဒလမ်းစဉ်တွေကြောင့် ပြည်သူလူထုရဲ့ရင်ထဲမှာ ဒဏ်ရာဒဏ်ချက်တွေ ရရှိစေပြီး ဒေါသမီးတောက်လောင်ခဲ့တယ်လို့ ရိုးသားပွင့်လင်းစွာတင်ပြသွားပါတယ်။
NLD ပါတီဥက္ကဋ္ဌ အန်တီစုကတော့ တပ်မတော်ခေါင်းဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်းရဲ့သမီးဖြစ်ပေမဲ့ တပ်မတော်အပေါ်မှာမလိုလားမှုတွေ တွေ့နေရပါတယ်။ လွှတ်တော်ထဲမှာ တပ်မတော်သားတွေ၂၅ ရာခိုင်နှုန်း ရှိနေတာ  အရွေးချယ်မခံဘဲ လွှတ်တော် ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် မနှစ်သက်တဲ့အကြောင်း ပွင့်ပွင့်လင်းလင်း ထုတ်ဖော်ပြောဆိုသွားပါတယ်။ ဒီလိုမျိုး ရှိနေတာဟာဒီမို ကရေစီစံနှုန်းနဲ့မညီဘူးလို့လဲ ထောက်ပြခဲ့ပါတယ်။ အန်တီစု ပြောဆိုတဲ့ ဒီမိုကရေစီ စံနှုန်းဆိုတာ ဘယ်နိုင်ငံကဒီမိုကရေစီနဲ့ တိုင်းတာ သလဲဆိုတာ မသိပေမဲ့ ကျွန်တော်တို့မြန်မာ့နိုင်ငံမှာ ဒီမိုကရေစီ အစိုးရသစ်ပေါ်ထွန်းတာ(၁)နှစ်ပဲရှိ ပါသေးတယ်။ တကယ်တန်းတည်တည်ငြိမ်ငြိမ်ရှိတဲ့ နှစ်ပေါင်း များစွာ ကြာမြင့် နေပြီဖြစ်တဲ့ဒီမိုကရေစီစစ်စစ်နိုင်ငံ မဟုတ်သေး ဘူးဆိုတာအန်တီစုသိသင့် ပါတယ်။ ဒီမိုကရေစီစနစ် တည်တည် ငြိမ်ငြိမ်ဖြစ်ဖို့အတွက် ကျွန်တော်တို့နိုင်ငံမှာတော့ တပ်မတော်ရဲ့ အခန်းကဏ္ဍတစ်ရပ် ပါဝင်နေသင့်တယ်လို့ မြင် ပါတယ်။
တပ်မတော်သားတွေအနေနဲ့ကလဲ လွှတ်တော်ထဲမှာ တက်ရောက်နေကြရတာကို အခွင့်အရေးကြီးတစ်ခုလို့ သဘောမထားကြပါဘူး။ နိုင်ငံတော်အတွက် ကျရာတာဝန်တစ်ခုကို ထမ်းဆောင်နေခြင်းဖြစ်တယ်လို့ပဲသတ်မှတ် ထားကြပါတယ်။ ၂၀၀၈ခုနှစ်၊ ဖွဲ့စည်းပုံအခြေခံဥပဒေဆိုတာကလဲ ပြည်သူတစ်ရပ်လုံးက ၉၂.၄ရာခိုင်နှုန်း ထောက်ခံ ထားတဲ့ ဥပဒေဖြစ်ပါတယ်။  လွတ်လပ်ရေးကြိုးပမ်းစဉ်ကာလကစပြီး တပ်မတော်ဟာ နိုင်ငံတော်အပေါ်သစ္စာရှိစွာနဲ့ ပြည်သူတွေရဲ့အသက်အိုးအိမ်စည်းစိမ်ကိုကာကွယ်ပေးခဲ့ပြီး ပြည်သူတွေရဲ့အကျိုးကို အမြဲသယ်ပိုးလျက်ရှိနေပါတယ်။ ပြည်တွင်းရောင်စုံသူပုန်သောင်းကျန်းမှုများ၊သဘာဝဘေးအန္တရာယ်အပါအ၀င် သာမန်လူတွေမလုပ်ချင်တဲ့ အလုပ်တွေကို သက်စွန့်ဆံဖျားလုပ်ကိုင်ခဲ့ တာကို အတိတ်သမိုင်းမှာလဲကြည့်နိုင်ပါတယ် ဒေါ်စုကြည်။
တပ်မတော်ရဲ့ဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်းကတော့ သမီးဖြစ်သူ ဒေါ်စုကြည်ရဲ့ပါတီစည်းရုံးရေးမိန့်ခွန်းကို ကြားရရင်တော့`` ငါ့သမီး မှားနေပြီ၊ တပ်မတော်သားတွေက ပြည်သူထဲက ပေါက်ဖွားလာတာ၊ တိုင်းပြည်အတွက် အသက်စွန့်ပြီးတာဝန်ထမ်းဆောင်နေတဲ့သူတွေဖြစ်တယ်။ ငါ့သမီးက ဗြိတိန်နိုင်ငံသားကို ယူထားတော့ အတွေး အခေါ်တွေက မှားမှာပေါ့``… အဲဒီလိုပြောဆိုမယ်ဆိုတာ ဒေါ်စုကြည်တွေးမိရဲ့လား။ ဘုရားပြီးရင် ငြမ်းဖျက်တယ်ဆိုတဲ့ စကားပုံရှိပါတယ်။ ဒါပေမဲ့ အခုဟာက ဘုရားကစတည်နေတုန်းမို့ ငြမ်းကို မဖျက်သင့်ပါဘူး။ ဒီမိုကရေစီလမ်းကြောင်း ပေါ်လျှောက်လှမ်းနေတာ (၁)နှစ်တောင် မပြည့်သေးဘဲ တပ်မတော်သားတွေကို လွှတ်တော်ထဲမှာ မရှိစေချင်ဘူး ဆိုရင် ဒေါ်စုကြည်အတွေးအခေါ်တွေ မှားနေပြီ။ ဆန္ဒစောနေပြီ။
ဒေါ်စုက အခုမှ နိုင်ငံအကျိုး၊ ပြည်သူအကျိုးကို စတင်ထမ်းဆောင်ဖို့ လွှတ်တော်ထဲကိုဝင်မယ်ဆိုရုံရှိပါသေး တယ်။ တပ်မတော်သားတွေက ခေတ်အဆက်ဆက်တိုင်းပြည်ရဲ့လွတ်လပ်ရေးနဲ့ အချုပ်အခြာအာဏာကိုအသက် သွေး ချွေးတွေနဲ့ ထမ်းဆောင်ခဲ့တာ ဒေါ်စု မမြင်ဘူးလား။ မတွေ့ဘူးလား၊ မသိတော့ဘူးလား။ တပ်မတော်သားတွေ ကို လွှတ်တော်ထဲက ဖယ်ရှားဖို့ ကြိုးစားတာ ပြည်သူတွေအတွက်လား၊ ဒီမိုကရေစီနည်းလမ်းကျကျ အကောင် အထည်ဖော်နေတယ်လို့ ပြောနေတဲ့ ဒေါ်စုကြည်၊ ပြည်သူအတွက် ဘာမှမလုပ်ပေးနိုင်သေးပါဘူး။ ဖခင်ဗိုလ်ချုပ် တည်ထောင်ခဲ့တဲ့ တပ်မတော်ကို လွှတ်တော်ထဲကနေဖယ်ရှားတာ၊ ဖခင်ဗိုလ်ချုပ်ကို စော်ကားတာနဲ့ တူနေပြီ။ ဖခင်ကလက်နဲ့ရေး၊ သမီးက ခြေနဲ့ဖျက်ဖို့ ကြိုးစားနေတယ်။ ဒေါ်စုကြည်ရဲ့ NLD ဟာ ယခုကြားဖြတ်ရွေးကောက်ပွဲမှာ ထင်သလောက်အောင်မြင်မှာမဟုတ်ဘူးဆိုတာ ရဲရဲကြီးအာမခံရဲပါတယ်။

No comments:

Post a Comment