ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, February 27, 2012

NLD ပါတီ၏ မဲဆွယ်စည်းရုံးရေး ခရီးစဉ်အဖြစ် ကချင်ပြည်နယ်သို့ ဒေါ်အောင်ဆန်းစုကြည် သွားရောက်




အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ကချင်ပြည်နယ်သို့ မဲဆွယ်စည်းရုံးရေး
ခရီးစဉ်အဖြစ် နှစ်ရက်ကြာ သွားရောက်ခဲ့ကြောင်း သိရသည်။ အဆိုပါ ခရီးစဉ်ကိုရန်ကုန်မြို့မှ မြစ်ကြီးနားမြို့သို့ စင်းလုံးငှားလေယာဉ်ဖြင့် သွားရောက်ပြီး ဖေဖော်ဝါရီ လ ၂၃ ရက်နေ့တွင် မိုးကောင်း အိုးတန်းဘောလုံးကွင်း၌ လည်းကောင်း၊ ၂၄ ရက်နေ့တွင် ဗန်းမော်မနောကွင်း၌ လည်းကောင်း လူထုဟောပြောပွဲ ပြုလုပ်၍ မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။
“ပြည်တွင်း ငြိမ်းချမ်းရေးဟာ ကျွန်မတို့ နိုင်ငံအတွက် တကယ့်ကို လိုအပ်တယ်ဆိုတာကို ကချင်ပြည်နယ်သူ ပြည်နယ်သား အားလုံးနားလည် ကြလိမ့်မယ်လို့ ကျွန်မထင်ပါတယ်။ ငြိမ်းချမ်းမှ ကျွန်မတို့ တိုးတက်နိုင်မယ်။ တိုးတက်မှ ကျွန်မတို့ သာယာနိုင်မယ်။ ဒါကြောင့်မို့ ကျွန်မတို့ဟာ တိုးတက်ချင်တယ်။ ပြည်တွင်းငြိမ်းချမ်းရေးရဲ့ အခြေခံက ဘာ လဲဆိုလို့ရှိရင် တစ်ဦးအပေါ် တစ်ဦး နားလည်မှု၊ တစ်ဦးအပေါ် တစ်ဦး ယုံကြည်မှု၊ တစ်ဦးကိုတစ်ဦး လေး စားမှု၊ တိုတိုပြောရမယ်ဆိုလို့ရှိရင် ပင်လုံစိတ်ဓာတ်ပါပဲ၊ ပင်လုံစိတ်ဓာတ်နဲ့ ကျွန်မတို့ ငြိမ်းချမ်းရေးကို ရယူရမယ်လို့ ကျွန်မတို့ ဒီလိုပဲ ယုံကြည်ပါတယ်။ ပင်လုံမြို့လေးမှာ  တိုင်းရင်းသားတွေဟာ ပထမဦးဆုံး အကြိမ် နိုင်ငံရေးအရ ပူးပေါင်းဆောင်ရွက်ဖို့ သဘောတူညီစွာ စာချုပ်တစ်ခု ကို လက်မှတ်ထိုး ခဲ့ကြပါတယ်။ အဲဒီ စာချုပ်ကို ပင်လုံစာချုပ်လို့ ခေါ်တယ်။ အဲဒီတော့ ပင်လုံစိတ်ဓာတ်ဆိုတာ ဘာလဲဆိုတော့ ပင်လုံစိတ်ဓာတ်ဆိုတာ ရိုးရိုးလေးပြောရရင် ငါတို့အားလုံးလက်တွဲပြီးတော့ ငါတို့လိုချင်တဲ့ ပန်းတိုင်ကို ရောက်အောင်သွားမယ် ဆိုတဲ့ ညီညွတ်မှုကို အခြေခံတဲ့ စိတ်ဓာတ်ဖြစ်ပါတယ်”ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားခဲ့သည်။
7227a “လွယ်လွယ် ကတိပေးတာ၊ စိတ်ထဲကနေပြီးတော့ မပါဘဲနဲ့ ပါးစပ်ပြောနဲ့ မဲလိုချင်တော့ ကတိပေးတယ် ဆိုတာဟာ ပြည်သူကိုစော်ကားရာ ရောက်ပါတယ်။ ဒီတော့ ကျွန်မက မဲလိုချင်တာတော့ အမှန်ပဲ။ ကျွန်မရဲ့ ကိုယ်စားလှယ်လောင်း ဒေါ်ခင်ကြည် ကို မဲပေးကြပါလို့ ကျွန်မကတော့ ဆော်သြမှာပဲ။ ဒါပေမယ့် ဒီလို မဲတောင်း ခံတဲ့နေရာမှာ ကျွန်မက ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ်နဲ့ တောင်းခံပါရစေ။ မဲတောင်းတယ်ဆိုတာက ကျွန်မတို့ ပြည်သူလူထုအတွက် လုပ်ပေးနိုင်မယ့် အခွင့်အရေး တောင်းတာ ပဲဖြစ်တယ်။ အခွင့်အရေးကလည်း အခုထိတော့ မကြီးမားသေးဘူး။ ဘာဖြစ်လို့လဲဆိုရင် အခုလွှတ်တော်ထဲမှာ လစ်လပ်တဲ့ မဲဆန္ဒနယ်က ၄၈ နေရာပဲရှိတယ်။ ၄၈ နေရာမှာ ကျွန်မတို့ အောင်မှာပါလားလို့ အင်မတန်မှ စဉ်းစားရတယ်”ဟု ဆိုခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်သည် နိုင်ငံရေးပါတီ တစ်ခုအနေဖြင့် လွတ်လွတ်လပ်လပ် စနစ်တကျ လှုပ်ရှားပိုင်ခွင့်ရသည်မှာ နှစ်လလောက်သာ ရှိသေးကြောင်း၊ ထိုနှစ်လလောက်အတွင်း၌ ပါတီကို ပြန်လည် ဦးမော့လာပြီးတော့ ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက်  ဆောင်ရွက်ရသည်မှာ အင်မတန်ခက်ခဲကြောင်း၊ ပြည်သူ၏ထောက်ခံမှုကြောင့်သာ ဖြစ်ကြောင်း၊ ပြည်သူများအနေဖြင့် မိမိတို့ပါတီကို မဲပေးစေလိုကြောင်း နှင့် ပြည်သူများ၏ တာဝန်ကိုထမ်းဆောင်၍ ခြေလှမ်းနောက်တစ်လှမ်း လှမ်းပါရစေကြောင်းလည်း ထည့်သွင်း ပြောကြားမှုများတွင် ပါဝင်ခဲ့သည်။
“ကျွန်မတို့ဟာ ၁၉၉၀ ခုနှစ် တုန်းက ရွေးကောက်ပွဲဝင်ခဲ့တယ်ဆိုတာ ကလေးလေးတွေက သိချင်မှသိမယ်။ လူကြီးတွေကတော့ သေချာ သိပါတယ်။ စဉ်းစားကြည့်ပါ။ ၁၉၉၀ ဆိုတာ ၂၂ နှစ်ရှိသွားပြီ။ လူငယ်တွေ ကလေးလေးတွေ တော်တော်များများက အဲဒီအချိန်တုန်းက မမွေးသေးဘူး။ မမွေးသေးတော့ ဒီ၁၉၉၀အကြောင်းကို သိကြမှာ မဟုတ်ဘူး။ ပြီးတော့ မေးကြမယ်။ ၁၉၉၀ ရွေးကောက်ပွဲက ဘာအရေးကြီးသလဲ ဆိုတော့ ဘာအရေးကြီးလဲလို့ ပြောရမယ်ဆိုလို့ရှိရင် အဲဒီရွေး ကောက်ပွဲဟာ ဒီမိုကရေစီရမယ်ဆို တဲ့မျှော်မှန်းချက်နဲ့ ကျွန်မတို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၁၉၈၈ ခုနှစ်မှာဖွဲ့စည်းပြီးတော့ ပထမဦးဆုံးဝင်ခဲ့တဲ့ ရွေးကောက်ပွဲ ဖြစ်တယ်။ ကျွန်မတို့တင်မကပါဘူး။ ပါတီပေါင်းက ရာနဲ့ချီပြီးတောင် ၀င်ကြပါတယ်။ ဒီမိုကရေစီ ရွေးကောက်ပွဲမှာ ၀င်ပြိုင်ခွင့်ရှိပြီဆိုတော့ ၀င်လာလိုက်တဲ့ ပါတီတွေကလည်း အများကြီးပဲ။ လွှတ်တော်တွင်းက မရခဲ့ဘူးဆိုတော့ လွှတ်တော် မခေါ်တော့လည်း လွှတ်တော်တွင်းက မရခဲ့ဘူးပေါ့နော်။ ဒါပေမယ့် အဲဒီလိုမရခဲ့ဘူး ဆိုပေမယ့်လည်း အဖွဲ့ချုပ်က ဘယ်တုန်းကမှ အားမလျော့ခဲ့ပါဘူး။ ကျွန်မတို့ရဲ့ မူဝါဒတွေကိုလည်း ကျွန်မတို့ လက်မလွှတ်ခဲ့ဘူး။ ကျွန်မတို့ မူဝဒါဒတွေ ဆိုတာ အင်မတန်မှ ရိုးပါတယ်။ အကြမ်းမဖက်တဲ့နည်းနဲ့ ဒီမိုကရေစီ ရဖို့အတွက် ကျွန်မတို့ဆက်ပြီး လုပ်သွားရမယ်။ အကြမ်းမဖက်တဲ့ နည်းနဲ့လုပ်တယ် ဆိုတဲ့နေရာမှာ အကြမ်းဖက်တဲ့နည်းထက် အချို့နေရာတွေမှာ ပိုပြီးတော့ ခက်ခဲပါတယ်။ အကြမ်းမဖက်တဲ့ နည်းနဲ့လုပ်တယ်ဆိုတော့ စွန့်စားရတယ်။ ခံရဲရတယ်။ ကျွန်မ တို့ဟာ အဆင့်ဆင့်ပေါ့လေ။ စွန့်စား ခဲ့တယ်။ ခံရဲခဲ့တယ်။ ကျွန်မတို့ရဲ့ လုပ်ရပ်တွေ အားလုံးမှန်ခဲ့လားဆို ဒီလိုလည်း ကျွန်မတို့မပြောနိုင်ပါဘူး။ လူတစ်ဦး၊ ပုဂ္ဂိုလ်တစ်ဦး အဖွဲ့အစည်း တစ်ခုဆိုတာ မှားတာတွေလည်း ရှိပါတယ်။ ဒါပေမယ့် ကျွန်မတို့အနေနဲ့ ကျွန်မတို့ရဲ့ အားနည်းချက်တွေ၊ အမှားတွေပေါ်မှာ သုံးသပ်ပြီးတော့ ပြုပြင်နိုင်ခဲ့တယ်လို့ ကျွန်မဒီလိုပဲ ယုံကြည်ပါတယ်။ ဒီလိုပြုပြင်နိုင်ခဲ့လို့ အခုချိန် မှာ အများပြည်သူက လက်ခံတဲ့ နိုင်ငံရေးပါတီ တစ်ခုအနေနဲ့ဆက်ပြီး တည်ရှိ နေတာပါ”ဟု မိုးကောင်းအိုးတန်း ဘောလုံးကွင်း၌ ပြုလုပ်သော လူထုဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့သည်။
ဆက်လက်၍ ဒေါ်အောင်ဆန်းစုကြည်သည် ပင်လုံညီလာခံတွင် လက်မှတ်ရေးထိုးရာ၌ ပါဝင်ခဲ့သော ကချင် တိုင်းရင်းသား ခေါင်းဆောင်များ၏ ဆွေမျိုးများနှင့်အတူ မနောကွင်းအတွင်းရှိ မဂျွယ်ခန်းမတွင် ညစာအတူ စားသုံးခဲ့ကြောင်း သိရသည်။
ဖေဖော်ဝါရီလ ၂၄ ရက်နေ့ မနောကွင်း၌ နံနက် ၉ နာရီမှ ၁၀ နာရီအထိ တစ်နာရီကြာ ဟောပြောပွဲ ပြုလုပ်ခဲ့ရာ အဆိုပါ ဟောပြောပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က “လူငယ်တွေကို ငယ်စဉ်ကတည်းက စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ်ကို မွေးမြူပေးရမယ်။ စစ်မှန်တဲ့ ပြည်ထောင်စုစိတ်ဓာတ် မမွေးမြူနိုင်ခဲ့လို့ ငြိမ်းချမ်းရေး မရသေးတာဖြစ်ပါတယ်။ ပြည်တွင်း ငြိမ်းချမ်းရေးမရှိရင် ပြည်သူတွေ ဘယ်လောက်နစ်နာတယ် ဆိုတာ ထွေထွေထူးထူး ရှင်းပြနေစရာ မလိုပါဘူး။ ပြည်နယ်ခေါင်းဆောင် အချို့နဲ့ စကား ပြောဖြစ်တဲ့အခါ ဒီပြည်နယ်ရဲ့အရေးကြီးဆုံးပြဿနာက ငြိမ်းချမ်းရေး မရှိတာကိုပါပဲ။ ပြည်တွင်းငြိမ်းချမ်းရေး မရှိတဲ့ အခြေခံအကြောင်းကတော့ တစ်ယောက်ကို တစ်ယောက် ယုံကြည်မှုမရှိလို့၊ လေးစားမှုမရှိလို့ပါပဲ။ ယုံ ကြည်မှု၊ လေးစားမှုမရှိဘူးဆိုတာ ပွင့်လင်းဖြောင့်မတ်မှု မရှိတဲ့ ကိစ္စတွေ ကြောင့်ပါပဲ။ ဒီနိုင်ငံမှာရှိတဲ့ ချမ်းသာ ကြွယ်ဝမှု မှန်သမျှဟာ နိုင်ငံသူ နိုင်ငံသားအားလုံးနဲ့ သက်ဆိုင်တယ်။ ဒီချမ်းသာကြွယ်ဝမှုတွေကို မျှမျှတတ ၀င်ယူဖို့က အရေးကြီးတာပါပဲ။ ဒီလို စနစ်တစ်ခုဖြစ်ဖို့ ကြိုးစားနေတာ ဖြစ်ပါတယ်။ နိုင်ငံတစ်နိုင်ငံရဲ့ တစ်နေရာမှာ ငြိမ်းချမ်းမှုမရှိဘူးဆိုရင် နိုင်ငံ တစ်နိုင်ငံလုံးရဲ့ အလားအလာကို ထိခိုက်ပါတယ်။ ကချင်ပြည်နယ်မှာ ဖြစ်နေတဲ့ အရေးကိစ္စတွေဟာ ကိုယ့်အိမ်ထဲမှာ ဖြစ်နေတဲ့ကိစ္စလို့ သဘောထား နိုင်ရမယ်”ဟု ထည့်သွင်းပြောကြား ခဲ့သည်။
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌဒေါ်အောင်ဆန်းစုကြည်၏ ကချင်ပြည်နယ် ခရီးစဉ်တွင်လည်း ယခင်ခရီးစဉ်များ နည်းတူ ဒေသခံများက ထောင်နှင့်ချီ၍ တစ်ခဲနက် ကြိုဆို ထောက်ခံခဲ့ကြကြောင်း လည်း သိရသည်။ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ကြားဖြတ် ရွေးကောက်ပွဲတွင် လစ်လပ်နေရာ ၄၈ နေရာစလုံး၌ ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ပြီး ကချင်ပြည်နယ်တွင် ဖားကန့်မြို့၌ ဒါရှီလဆိုင်း၊ မိုးကောင်းမြို့၌ ဒေါ်ခင်ကြည်၊ ဗန်းမော်မြို့၌ ဦးဘမြင့်တို့က ၀င်ရောက်ယှဉ်ပြိုင်မည် ဖြစ်ကြောင်း သိရသည်။

No comments:

Post a Comment