ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, March 05, 2012

မြန်မာ့အင်တာနက် ကွန်ယက်ပုံများ

မြန်မာပြည်၏ အင်တာနက်လိုင်းအားလုံး၏ အဆုံးသတ်တွင် ဟံသာဝတီ Gateway တည်ရှိနေပါသည်။ ထို ဟံသာဝတီ Gateway သည် SEA-ME-WE3 အမည်ရှိသော Backbone ဖြင့် ချိတ်ဆတ်ထားသည်။ ထို့ပြင် ကုန်းတွင်းပိုင်းချိတ်ဆတ်မှုအနေဖြင့် မဲခေါင်ဖိုက်ဘာဆက်ကြောင်းသို့ တရုတ်နှင့်ထိုင်းနိုင်ငံမှတစ်ဆင့် ချိတ်ဆတ်ထားသည်။ ပုံ (၁) ကိုကြည့်ပါ။
MPT International Backbone Links

ပုံ (၁) မြန်မာ့ဆက်သွယ်ရေးဌာန၏ နိုင်ငံတကာ Backbone ဆက်ကြောင်းပြပုံ

ကုန်းတွင်းပိုင်းချိတ်ဆက်မှုအနေဖြင့် မဲခေါင်ဆက်ကြောင်းသို့ ပုံ (၂)အတိုင်း ဆက်သွယ်ထားပါသည်။
Mekong Fibre Backbone Link
ပုံ (၂) မဲခေါင်ဆက်ကြောင်းပြ မြေပုံ
မြန်မာပြည်တွင်းရှိ မြို့များ အချင်းချင်းကိုလည်း ဖိုက်ဘာဆက်ကြောင်းများဖြင့် ဆက်သွယ်ထားရာ ဖိုက်ဘာဆက်ကြောင်း၏အရှည်မှာ စုစုပေါင်း မိုင်အားဖြင့် မိုင်ရှစ်ထောင်ကျော် ရှည်လျားပါသည်။
Myanmar Local Fibre Links
ပုံ(၃) တပ်ဆင်ပြီးသွားသော ဖိုက်ဘာဆက်ကြောင်းများ
အင်တာနက်မြန်နှုန်း ပိုမိုမြင့်မားလာစေရန်အတွက် လက်ရှိရှိပြီးသား Main ISP များအပြင် မြစ်ကြီးနား၊ တောင်ကြီး၊ လားရှိုး၊ မုံရွာ၊ မကွေး၊ မြိတ် အစရှိသော မြို့များတွင် Sub-ISP များ ထားရှိပြီး ဆောင်ရွက်သွားရန် အစီအစဉ် ချမှတ်ထားပါသည်။
Myanmar Sub ISP Plan
ပုံ(၄) Sub ISP လျာထားဒေသကြီးများ
မြန်မာနိုင်ငံတစ်နိုင်ငံလုံးအတွက် စုစုပေါင်း Bandwith ပမာဏသည် လက်ရှိအချိန်တွင် 3.145 Gbps ထိသာ ရရှိနေပါသည်။ ၂၀၁၀ခုနှစ် မတ်လအထိတွင် 1.285 Gbps ထိသာ ရှိခဲ့သည်။
Hantharwaddy National Gateway Bandwith
ပုံ(၅)ဟံသာဝတီ Gateway ၏ Bandwith ပမာဏ
နောင်တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံမှတစ်ဆင့် အာရှ-ဥရောပ ရေအောက်လိုင်းဖြစ်သည့် SEA-ME-WE-4 ဖိုက်ဘာဆက်ကြောင်းဖြင့် ချိတ်ဆက်သွားရန် အစီအစဉ်ရှိသည်ဟု သိရပါသည်။
ISP စနစ်များ
၂၀၀၄ ခုနှစ်မှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ မြန်မာနိုင်ငံတွင် ISP(Internet Service Provider) နှစ်ခုရှိခဲ့ပါသည်။ တစ်ခုမှာ မြန်မာ့ဆက်သွယ်ရေးဌာန ISP ဖြစ်သော Myanmar Teleport (MTP) နှင့် နောက်တစ်ခုမှာ ရတနာပုံ ISP (YTP) တို့ ဖြစ်ပါသည်။ ယခင်ကရှိခဲ့သော Bagan Cyber Tech ပိုင် ISP ကို Myanmar Teleport က လက်လွှဲယူခဲ့သည်။
Myanmar ISP Previous Configuration
ပုံ (၆) မြန်မာပြည် ISP များ၏ ကွန်ယက်ဖွဲ့စည်းပုံ (၂၀၀၄ ခုနှစ်မှ ၂၀၁၀ခုနှစ် အောက်တိုဘာလအထိ)
အထက်ပါ ချိတ်ဆက်မှုအရ ပြည်သူပြည်သားများသည် အစိုးရပိုင်းနှင့် စစ်ဘက်ဆိုင်ရာများနှင့်အတူ ခွဲဝေသုံးစွဲရသောကြောင့် Internet အမြန်နှုန်း နှေးကွေးခဲ့ရပါသည်။

ISP စနစ်သစ်
ISP ချိတ်ဆက်မှုအသစ်တွင် အဓိက ISP နှစ်ခု ခွဲထုတ်ထားပါသည်။ MOD ISP နှင့် MPT ISP တို့ဖြစ်သည်။ ပုံ (၇) ကိုကြည့်ပါ။
Myanmar ISP Current Configuration
ပုံ (၇) မြန်မာပြည် ISP များ၏ ကွန်ယက်ဖွဲ့စည်းပုံ (လက်ရှိ)
စစ်ဘက်ဆိုင်ရာသုံးစွဲမှုများသည် ပြည်သူပြည်သားများနှင့် ရောထွေးမှုမရှိတော့ဘဲ MOD ISP မှ ဖြတ်သန်းသွားပါသည်။ MPT ISP လက်အောက်တွင် Sub ISP အဖြစ် Yatanarpon Teleport ISP နှင့် Naypyitaw ISP တို့ကို ထားရှိထားပါသည်။ နေပြည်တော် ISP ကိုမူ အစိုးရသုံးအဖြစ် သတ်မှတ်ထားပြီး ပြည်သူပြည်သားများ သုံးစွဲမှုအားလုံးသည် ရတနာပုံ ISP မှတစ်ဆင့် ဖြတ်သန်းသွားမည် ဖြစ်ပါသည်။ စနစ်သစ်အရ စစ်ဘက်ဆိုင်ရာသုံးစွဲမှုများနှင့် ပြည်သူပြည်သားများ သုံးစွဲမှုများ ရောထွေးမှု မရှိတော့သောကြောင့် Gateway နှင့် ISP များတွင် ၀န်ပိမှုလျော့ကျသွားမည် ဖြစ်ပြီး Sub ISP မှ Main ISP, Main ISP မှ Gateway သို့ ဖြတ်သန်းသောကြောင့် Bandwith ပိုမိုရရှိလာမည်ဖြစ်ပြီး အင်တာနက်အမြန်နှုန်း မြင့်တက်လာမည်ဖြစ်ပါသည်။ သို့သော် မြန်မာပြည်သူပြည်သားများအတွက် ယခင်ထက်ပိုမိုများလာသော ISP များကို အဆင့်ဆင့် ဖြတ်သန်းသွားရမည်ဖြစ်သည်။
Myanmar ISP Current Configuration
ပုံ (၈) မြန်မာပြည် ISP များသို့ အဆင့်ဆင့်ဖြတ်သန်းသွားပုံ (လက်ရှိ)
၂၀၁၀ခုနှစ် အောက်တိုဘာလမှ စတင်သုံးစွဲခဲ့သည့် စနစ်သစ်သည် စစ်ဖက်၊အရပ်ဖက်နှင့် အစိုးရ၀န်ထမ်း ဟူ၍ အုပ်စုသုံးစု ခွဲခြားလိုက်ခြင်း ဖြစ်သည်။ တစ်တိုင်းပြည်လုံးရှိ ပြည်သူများသည် ရတနာပုံ ISP ကိုသာ အားထားသုံးစွဲရမည်ဖြစ်သောကြောင့် ရတနာပုံ ISP သည် စစ်ဘက်နှင့်အစိုးရ၀န်ထမ်းသုံး ISP များထက် များစွာ ၀န်ပိသွားမည်ဖြစ်ပါသည်။ အကယ်၍ မြန်မာနိုင်ငံအတွက် လောလောဆယ် ရရှိထားသော 3.145 Gbps ကို ISP သုံးခုက ညီတူညီမျှ ခွဲဝေသုံးစွဲရသည်ဆိုပါက ISP တစ်ခုချင်းစီအတွက် ပျှမ်းမျှရရှိမည့် Bandwidth မှာ 1.048 Gbps သာ ရရှိမည်ဖြစ်သည်။
နိဂုံး
စစ်တမ်းကောက်ယူမှုများအရ မြန်မာပြည်သည် လူတစ်ထောင်လျှင် တစ်ဦးနှုန်း အင်တာနက်သုံးစွဲသည်ဟု ဆိုထားပါသည်။ ထို့ကြောင့် လူဦးရေသန်းခြောက်ဆယ်ဆိုပါက အင်တာနက်သုံးစွဲသူဦးရေ ခြောက်သောင်းခန့်ရှိမည်ဟု အကြမ်းဖြင်းအားဖြင့် ယူဆနိုင်ပါသည်။ လက်တွေ့တွင် ထိုပမာဏထက် မြောက်မြားစွာပိုနိုင်ပါသည်။
အိမ်နီးချင်း ထိုင်းနိုင်ငံတွင် အင်တာနက်သုံးစွဲသူဦးရေ ၁၈.၃ သန်းကျော်ရှိနေပြီး ထိုသုံးစွဲမှုပမာဏအတွက် ၁၀၄.၂၈ Gbps ရှိသော Bandwidth သုံးစွဲနေပြီ ဖြစ်ပါသည်။ တစ်နည်းအားဖြင့် တစ်ဦးချင်းစီလျှင် 6.07 Mbps နှုန်းထားဖြင့် သုံးစွဲနေပြီ ဖြစ်ပါသည်။ မြန်မာပြည်သူတစ်ယောက်အတွက်မူ မိမိ ISP ၏ Bandwidth မှာ 1.048 Gbps သာရှိသောကြောင့် သုံးစွဲသူဦးရေ ၆၀၀၀၀ ကျော်ဖြင့် တွက်ပါက လူအားလုံး တစ်ပြိုင်နက်တည်း အသုံးပြုလျှင် တစ်ဦးလျှင် ရရှိမည့် Bandwidth မှာ 0.017 Mbps သာ ရရှိနေပါသည်။ ထို့ကြောင့် မြန်မာပြည်၏ အင်တာနက်အမြန်နှုန်း မြင့်မားစေရန်တွက် တစ်ခုတည်းသော ဖြေရှင်းနည်းမှာ နိုင်ငံ၏ Bandwidth ကို ချဲ့ရုံမှတစ်ပါး အခြားမရှိပါကြောင်း အကြံပြုရေးသားလိုက်ပါသည်။http://www.myanmaritmen.org/articles/internet/myanmar-internet-network-map.html

No comments:

Post a Comment