ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, March 19, 2012

ပဒို မန်းငြိမ်းမောင် လွှတ်ပေးလို့ ကရင်များက အစိုးရကို ကျေးဇူးတင်



မတရားသင်း ဥပဒေ ပုဒ်မ ၁၇ (၁) အရ ထောင်ဒဏ် ၃ နှစ်၊ နိုင်ငံတော် အစိုးရအား လက်နက်စွဲကိုင် ပုန်ကန်မှုပုဒ်မ ၁၂၂ (၁) အရ တသက်တကျွန်း ချမှတ်ခံထားရသော ကရင်အမျိုးသားအစည်းအရုံးမှ ဖဒိုမန်းငြိမ်းမောင်ကို ယနေ့နံနက်တွင် လွတ်ငြိမ်းချမ်းသာခွင့်ပြုလိုက်ကြောင်း သတင်းရရှိသည်။

“ငြိမ်းချမ်းရေးကိုသွားတဲ့အခါ အဆင်ပြေချောမွေ့ဖို့အတွက် အထောက်အကူဖြစ်စေတယ်။ ဘားအံဆွေးနွေးပွဲပြီးတော့ ဦးအောင်မင်းက လက်ဆောင်ပေးမယ်လို့ပြောခဲ့ဖူးပါတယ်။ ပဒိုမန်းငြိမ်းမောင်လွတ်မယ့်ကိစ္စလည်းပါပါတယ်။ သူတို့ပေးထားတဲ့ကတိကို လုပ်ဆောင်ပေးတဲ့အတွက် သမ္မတကြီးနှင့်တကွ ဦးအောင်မင်းကိုလည်း ကျေးဇူးတင်တယ်လို့ ပြောချင်ပါတယ်။ အားလုံးက အရမ်းပဲဝမ်းသာနေကြတယ်”ဟု ပဒိုဒေးဗစ်တောက ပြောသည်။

နေပြည်တော်သို့ရောက်ရှိနေသော ပဒိုမန်းငြိမ်းမောင်ကို ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းကိုယ်တိုင် ပို့ဆောင်ပေးမည်ဖြစ်ကြောင်း ၄င်းကဆက်ပြောသည်။

တစ်သက်တစ်ကျွန်းပြစ်ဒဏ်မှ လွတ်မြောက်လာသော ဖဒိုမန်းငြိမ်းမောင်သည် ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖော်ဆောင်ရေးအဖွဲ့ ခေါင်းဆောင်တစ်ဦးဖြစ်သော ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်း၏ ဧည့်သည်တော်အဖြစ် နေပြည်တော်သို့ သွားရောက်နေကြောင်းလည်း ထပ်မံသတင်းရရှိသည်။

ပဒိုမန်းငြိမ်းမောင် အား ၂၀၁၁ ဇူလိုင်လအတွင်းက နိုင်ငံကူးလက်မှတ် တရားမ၀င် ကိုင်ဆောင်မှုဖြင့် လေဆိပ် တွင် ဖမ်းဆီးခဲ့ပြီး၊ လူဝင်မှု ဥပဒေ ဖြင့် အကျဉ်းချခဲ့သည်။ ထို့နောက် တရားမ၀င်အသင်း ဆက်သွယ်မှု ပုဒ်မ ၁၇(၁)နှင့် နိုင်ငံတော်ပုန် ကန်မှုစသည့် အမှုနှစ်ခုဖြင့် အင်း စိန်မြောက်ပိုင်းခရိုင် တရားရုံးက ထောင်ဒဏ် ၃ နှစ်နှင့် တစ်သက်တစ်ကျွန်းကို မတ် ၁၃ ရက်တွင် ချမှတ်ခဲ့ခြင်းဖြစ်သည်။

ဦးအောင်မင်းခေါင်းဆောင်သော အစိုးရ၏ ငြိမ်းချမ်းဆွေးနွေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU တို့မှာ ဇန်န၀ါရီလ၁၂ရက်တွင် အပစ်အခတ်ရပ်စဲရေးအပါအ၀င် ပဏာမသဘောတူလက်မှတ်ရေးထိုးနိုင်ခဲ့သည်။ နှစ်ဖက်သဘောတူညီမှုလက်မှတ်ရေးထိုးရာတွင် KNU ဘက်မှ
ပဒိုမန်းငြိမ်းမောင်ကို လွတ်မြောက်ပေးရန် တောင်းဆိုထားပြီး၊ ဦးအောင်မင်းကလည်း နိုင်ငံတော်သမ္မတက ပဒိုမန်းငြိမ်းမောင်ကို လွတ်မြောက်ပေးရန်ရှိကြောင်း ပြောကြားထားသည်။

ဦးအောင်မင်းခေါင်းဆောင်သော ပြည်ထောင်စုအဆင့် ငြိမ်းချမ်းရေးဆွေးနွေးဖော်ဆောင်ရေးအဖွဲ့နှင့် KNU တို့မှာ လာမည့်ဧပြီလဆန်းပိုင်းတွင် ငြိမ်းချမ်းရေးအတွက် ထပ်မံတွေ့ဆုံဆွေးနွေးရန် သဘောတူညီထားသည်။

နိုင်ငံတော် သမ္မတ၏ လွပ်ငြိမ်းချမ်းသာခွင့်အရ ယနေ့ ( မတ်လ ၁၈ ရက်နေ့ ) တွင် အင်းစိန်အကျင်းထောင်မှ လွတ်မြောက်လာသော ပဒို မန်းငြိမ်းမောင်သည် ရထားပို့ဆောင်ရေး ဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး၏ အထူးဧည့်သည်အဖြစ် နေပြည်တော်သို့ သွားရောက် လေ့လာ နေကြောင်း သတင်းရရှိပါသည်။

ပဒို မန်းငြိမ်းမောင်အား အမျိုးသား ရင်ကြားစေ့ရေးနှင့် ပြည်တွင်းငြိမ်းချမ်းရေး လုပ်ငန်းများ အကောင်ထည် ဖော်ရာတွင် ထိရောက်မှု ရှိစေရန်အတွက် လွတ်ငြိမ်းချမ်းသာခွင့် ရရှိရေးကို ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေးဖော်ဆောင်မှု အဖွဲ့ခေါင်းဆောင် တစ်ဦးဖြစ်သူ ပြည်ထောင်စုဝန်ကြီး ဦးအောင်မင်းက နိုင်ငံတော် သမ္မတကြီးထံ တင်ပြပေးခဲ့ခြင်း ဖြစ်သည်။

၂၀၁၁ ခုနှစ် ဇူလိုင်လက တရုတ်ပြည် ကူမင်း လေဆိပ် တွင် ဖမ်းဆီးခံခဲ့ရသော ပဒို မန်းငြိမ်းမောင်အား တရားရုံးက အမိန့်ချမှတ်ခြင်း မပြုမှီ လွတ်ငြိမ်းချမ်းသာခွင့် ပေး၍မရဘဲ တရားရုံးက အမိန့်ချမှတ် ပြီးမှသာ လွတ်ငြိမ်းချမ်းသာခွင့်အား ဆောင်ရွက်ပေးနိုင်မည်ဟု ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းက သတင်းမီဒီယာ၏ တွေ့ ဆုံမေးမြန်းမှုများကို ကြားခဲ့သည်။

မတ်လ ၁၈ ရက်နေ့တွင် ရန်ကုန်မြို့ သမ္မတ ဟိုတယ်၌ ပြုလုပ်သော ပြည်ထောင်စု ဝန်ကြီး ဦးအောင်မင်းနှင့် ကရင် အဖွဲ့အစည်းများ တွေ့  ဆုံပွဲတွင် KNU နှင့် ထာဝရ ငြိမ်းချမ်းရေး ရရှိရေး လုပ်ငန်းစဉ်များအတွက် ကရင် တိုင်းရင်းသား နိုင်ငံရေးပါတီများ ကရင်အရပ်ဘက် လူ့အဖွဲ့အစည်းများ၊ ကရင်ဒေသခံများ ပါဝင်ကူညီပေးရန် ဦးအောင်မင်းက ပြောကြားခဲ့သည်။

No comments:

Post a Comment