ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, May 15, 2012

ပြည်သူအားလုံးကို အသိပေးပါရစေ ၊ မိမိကိုယ်ကိုမိမိ အားကိုးခြင်းဖြင့် ဘ၀ ရပ်တည်ကြပါစို့


ဘယ်ပါတီ၊ ဘယ်ပုဂ္ဂိုလ်၊ ဘယ်အဖွဲ့အစည်းမှ အားကိုးစရာမလိုပါဘူး၊ ကိုယ့်အလုပ် ကိုယ်လုပ်မှ ဘ၀ရပ်တည်ဖို့ အဆင်ပြေမှာပါ။

ကျွန်တော်လဲပြည်သူတစ်ယောက်မို့ ပြည်သူတွေကောင်းစားဖို့အကြောင်း တစ်ခွန်းစကားနဲ့ လက်ဆောင်ပါးချင် ပါတယ်။ အဲဒီစကားကတော့“အတ္တာဟိ အတ္တနော နာထော“ မိမိကိုယ်သာ ကိုးကွယ်ရာ ဆိုတဲ့စကားလေးပါပဲ။ ဒါဟာဘုရား ဟောစကားတော်ဖြစ်သလို ကျွန်တော်လူသားတိုင်းအတွက် တန်ဖိုးမပြတ်နိုင်တဲ့စကားပါပဲ။ ကျွန်တော်တို့ ဗမာစကားတစ်ခု ရှိပါတယ်။ ဝေလေလေ ယောင်တောင်တောင်သမားတွေအတွက် ပြောတဲ့စကားပါ။ သိုက်စာဖတ်ရာ နားထောင်ပါ ဥစ္စာရနိုးနိုး စတဲ့စကား၊ နတ်ကရာ ကြည့်မော စတဲ့စကားတွေဟာလဲ ကျွန်တော်ပြောချင်တဲ့ စကားနဲ့ သွယ်ဝိုက် တိုက်ဆိုင် နေတဲ့ စကားတွေပါပဲ။

ဒီကနေ့မြန်မာနိုင်ငံမှာ ဒီမိုကရေစီစနစ်ကျင့်သုံးနေပါတယ်။ ပြည်သူတွေစိတ်ကြိုက်ရွေးချယ်တဲ့အစိုးရတစ်ရပ်က အုပ်ချုပ်နေပါတယ်။ ဒီအစိုးရဆိုတဲ့စကားထဲမှာ လွှတ်တော်ကိုယ်စားလှယ်တွေအားလုံးကိုလဲ ရည်ညွှန်းပါတယ်။ဘာဖြစ်လို့ လဲဆိုတော့ လွှတ်တော်ဆိုတာလဲ ပြည်သူ့ဆန္ဒ ပြည်သူ့အသံတွေကို ကိုယ်စားပြုနေတဲ့အဖွဲ့ဖြစ်လို့ပါပဲ။ လွှတ်တော်ကိုယ်စား လှယ်တစ်ယောက်အဖြစ်အရွေးခံရဖို့ ပြည်သူတွေကို ဘာလုပ်ပေးမယ် ညာလုပ်ပေးပါ့မယ် ကတိတွေခံထားပေမဲ့ တကယ် တန်းလွှတ်တော်ထဲရောက်သွားတဲ့အခါ ရော့..အင့်..အုံဖွဆိုပြီး ဘယ်သူမှ စေတစ်လုံးပိုင်ရှင်တွေမဟုတ်ကြပါဘူး။

ပြောချင်တာက ကိုယ်လုပ်မှကိုယ်စားရတာပါ။ ဘယ်သူကမှ အလကားအခမဲ့ ကျွေးမွေးမထားနိုင်ပါဘူး။ပြည်သူ တွေကောင်းကျိုးကိုအမှန်တကယ်ဆောင်ရွက်ပေးချင်လွန်းလို့ အနစ်နာခံပြီး လွှတ်တော်ထဲဝင်လာတဲ့သူကရှားလှပါတယ်။ ကျွန်တော်ဒီလိုပြောတော့ စာဖတ်သူကထင်ပါလိမ့်မယ်..ဒေါ်အောင်ဆန်းစုကြည်ကို သွယ်ဝိုက်ပြောနေတာလားလို့။အရှင်း ဆုံးပြောရယင် ဒေါ်ဆောင်ဆန်းစုကြည်ဆိုတာ သူ့တစ်သက်စားလို့မကုန်နိုင်အောင်ချမ်းသာတဲ့သူမို့ သူမနိုင်ငံရေးလုပ်နေ တယ်ဆိုတာ ကိုယ်ချမ်းသာဖို့ထက် အများကောင်းစားဖို့လုပ်နေတာ ဖြစ်တယ်ဆိုတာ အားလုံးသိပြီးသားပါ။
အခုပြောချင်တာက ပါတီနိုင်ငံရေးလဲမလုပ်၊ ရွေးကောက်ပွဲလဲမ၀င်..ဘေးထိုင်ဘုပြောနေတဲ့သူတွေကိုပြောချင် တာပါ။ ပွင့်ပွင့်လင်းလင်းပြောရယင်တော့ ၈၈ မျိုးဆက်ကျောင်းသားဟောင်းများဆိုတဲ့သူတွေကိုပြောချင်တာပါ။ သူတို့တွေ ရဲ့အဓိကလှုပ်ရှားမှုတွေက ဘာကိုဦးတည်ချင်တာလဲ။ ဟိုအရင်တုန်းကလို အစိုးရကို ပုတ်ခတ်ချင်တာလား။ အစိုးရနဲ့ပြည်သူကို တိုက်ခိုက်ပေးချင်တာလား။ ခွဲခွဲခြားခြားမေးကြည့်ချင်ပါတယ်။ လက်ရှိလုပ်နေတာတွေ တွေ့မြင်ရ သလောက်တော့ နှစ်မျိုးစလုံးလုပ်နေတာတွေ့နေရပါတယ်။ ဒါမှမဟုတ် နဂါးနီ သီချင်းထဲလို ဆင်းရဲသားတွေ သူဋ္ဌေးဖြစ်အောင်လုပ်ပေးနေတာလား။ ဟိုဒုက္ခသည်စခန်းသွားလိုက်၊ ဟိုနေရာသွားလိုက်၊ ဘာတွေလိုအပ်ပါတယ်။ ဘယ်လိုတွေတော့လုပ်သင့်ပါတယ်ဆိုတဲ့ စကားမျိုးကတော့ လူတိုင်းပြောတတ် လုပ်တတ်ပါတယ်။

ဒီလိုမျိုးပြောဆို လုပ်ကိုင်ပြီး ဆင်းရဲသားတွေကို မစားရ၀ခမန်း ပြောနေမဲ့အစား ပါတီထောင်ရင်ထောင်၊ ဒါမှမဟုတ် ကုမ္ပဏီထောင်ရင်ထောင် ဟန်ကျပန်ကျလုပ်ပြီး ပြည်သူတွေကို တကယ်အကျိုးပြုလိုက်စမ်းပါ။ ဒါဆိုရင် အပြောနဲ့အလုပ် တွဲလုပ်ပြလို့ရတာပေါ့။ အခုတော့ ဟိုနေရာမှာ မျက်လှည့်ပြသလိုလို၊ ဒီနေရာမှာ မျက်လှည့်ပြသလိုလို လုပ်နေတာဟာဖြင့် ဘယ်လိုအဓိပ္ပာယ်ကောက်ရမှန်းမသိတော့ပါဘူး။ အစိုးရကိုပုတ်ခတ်နေတယ်ဆိုရင်လဲ ကြည့်ပြောတော့နော်…အစိုးရထဲမှာ ဒေါ်အောင်ဆန်းစုကြည်ရှိနေပြီ။

အဲဒီတော့ ၈၈မျိုးဆက် လက်ကျန်ဆိုသူတွေကိုတော့ ဘာမှမပြောလိုတော့ပါဘူး။ အဓိကပြောချင် တာကကျွန်တော်တို့ပြည်သူတွေ၊ ကိုယ်လုပ်မှကိုယ်စားရမဲ့ ပြည်သူတွေအတွက် ကိုယ့်အားကိုယ်ကိုးခြင်းဖြင့်သာ စီးပွာ တိုးနိုင်ပါလိမ့်မယ်။ လူပေါ်လူညွန့်ခူးစားချင်နေတဲ့ သူတွေရဲ့စကားကို မယုံလိုက်ကြပါနဲ့။ ဒါကတကယ့် စေတနာပါ။ ပွင့်လင်းလူ့အဖွဲ့အစည်းဆိုတာ ဒီကနေ့မှာ သီးခြားရှိနေရမယ့် လူတန်းစားအဖွဲ့အစည်းမဟုတ်တော့ပါဘူး။ အားလုံးဟာ ဒီမိုကရေစီခေတ်ထဲမှာရှိကြတဲ့ လူသားတွေပီပီ တရားမျှတ လွတ်လပ်ခြင်း ဆိုတာတွေရှိနေပါပြီ။ အရင်တုန်းကလို လူ့အခွင့်အရေးတို့၊ ဒီမိုကရေစီအရေးတို့ ဆိုတာတွေ မြန်မာပြည်မှာမရှိတော့ပါဘူး။ နိုင်ငံတကာက ပိတ်ဆို့မှုတွေလဲ ရုပ်သိမ်းနေကြပါပြီ။ မနေ့ကပဲ အင်တာနက်သတင်းတစ်ပုဒ်မှာ ဖတ်လိုက်ရပါတယ်။ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်တွင် ဆက်လက်လျှောက်လှမ်းပါက မြန်မာနိုင်ငံသည် အာရှ၏စီးပွားရေးနိုင်ငံကြီး တစ်နိုင်ငံ ဖြစ်လာနိုင်ဖွယ်ရှိတယ်လို့ နိုင်ငံတကာငွေကြေး ရန်ပုံငွေအဖွဲ့ကဖော်ပြထားပါ တယ်။

မြန်မာနိုင်ငံမှာ ဒီမိုကရေစီလဲ ရနေပြီ။ ကမ္ဘာကလဲ အပြည့်ဝနီးပါးထောက်ခံနေပြီ။ မကြာမီကာလမှာ ဟိုအရင်တုန်း ကလို အထည်ချုပ်လုပ်ငန်းတွေ၊ အခြားစီးပွားရေးလုပ်ငန်းတွေ လာတော့မယ်။ ဘယ်လိုပဲလာလာ၊ ဘယ်သူပဲလာလာ မိမိ ကိုယ်တိုင်က ဘာအလုပ်မှမလုပ်ဘူးဆိုရင်တော့ ဘာမှဖြစ်မလာပါဘူး။ ဒါကြောင့်မို့ အန်တီဒေါ်အောင်ဆန်းစုကြည်လိုမျိုး ပြည်သူတွေအတွက် တကယ်အလုပ်လုပ်ချင်ပါတယ်ဆိုရင် တကယ်လုပ်ပြလိုက်ပါ။ လူအထင်ကြီးခံရအောင်လိုလို၊ ကယ် တင်ရှင်ကြီးလိုလို၊ ဒုက္ခသည်စခန်းတွေမှာ ဖြစ်ပျက်နေတာတွေဟာ သူတို့သွားကြည့်မှပဲ အမှန်တွေသိရသလိုလိုမျိုးနဲ့တော့ မလှည့်စားချင်ပါနဲ့တော့။ အရင်တုန်းကလို ပြည်ပကထောက်ပံ့မှုတွေကို ခေါင်းပုံဖြတ်စားချင်တယ်ဆိုရင်လဲ တစ်ခြားနည်း လမ်းမျိုးကိုရွေးချယ်ကြဖို့ ပြောချင်ပါတယ်။

ကျွန်တော်တို့ပြည်သူများအနေနဲ့ကတော့ ကိုယ်လုပ်မှကိုယ်စားရမှာမို့လို့ သိုက်စာဖတ်ရာ နားထောင်ပါ ဥစ္စာ ရနိုးနိုးဆိုတဲ့စိတ်ဓာတ်မျိုးမရှိတော့ဘူးဆိုတာ ၈၈လက်ကျန်မျိုးဆက်ဟောင်းများကိုပြောလိုက် ချင်ပါတယ်။

No comments:

Post a Comment