ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, June 09, 2012

ရခိုင်ပြည်နယ် မောင်တောမြို့၌ ဆူပူ အကြမ်း ဖက်မှုများ ဖြစ်ပွား၊ ဒေသ ရပ်ရွာ တည်ငြိမ်အေးချမ်းမှု ရရှိစေရေး အတွက် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ထိန်း သိမ်းဆောင်ရွက်




From : သမ္မတရုံး

နေပြည်တော် ဇွန် ၈ ရက်

နိုင်ငံတော်အစိုးရသည် ဒီမိုကရေစီကျင့်စဉ် နှင့် အညီ အေးချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုး တိုးတက်သော နိုင်ငံတော်ကို ပုံဖော်တည်ဆောက်လျက်ရှိရာ နိုင်ငံတည်ငြိမ်အေးချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကိုလည်း အလေးထား ထိန်းသိမ်းဆောင်ရွက် လျက်ရှိပါသည်။

လတ်တလော ကာလအတွင်း ရခိုင်ပြည်နယ်တွင် တည်ငြိမ်အေးချမ်းမှု ပျက်ပြားသည့် အခြေ အနေများ ဖြစ်ပေါ်လျက်ရှိပြီး ယနေ့မွန်းလွဲပိုင်းမှ စတင်၍ အကြမ်းဖက်သူများက လူနေအိမ်များ၊ ဈေးဆိုင်တန်းများ၊ တည်းခိုခန်း စသည်တို့ကို မီးရှို့ဖျက်ဆီးခြင်း၊ လူအချို့ကို ရန်ပြု သတ်ဖြတ်ခြင်းများ ပြုလုပ်ခဲ့ကြောင်း၊ ထိုကဲ့သို့ ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားနေသည့်အတွက် ရခိုင်ပြည်နယ် မောင်တောမြို့နယ်နှင့် ဘူးသီးတောင်မြို့ နယ် တို့တွင် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ဒေသတည်ငြိမ်အေး ချမ်းရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိန်းသိမ်း ဆောင်ရွက်လျက်ရှိကြောင်း သတင်းရရှိသည်။

ယနေ့ နေ့လည် (၁)နာရီခန့်တွင် အကြမ်း ဖက်သူ အင်အား (၁၀၀၀) ကျော်ခန့်သည် ကမ္ဘောဇဘဏ် အဆောက်အအုံ၌ အဖီချထားသည့် အမိုးအားဆွဲချ ဖျက်ဆီးခြင်း၊ ယူနိုက်တက် တည်းခိုခန်းနှင့် နေအိမ် တစ်လုံးတို့ အား ခဲများဖြင့် ပစ်ပေါက်ခြင်းများ ပြုလုပ်ခဲ့ ကကြောင်း။

နေ့လယ်(၂)နာရီ ခန့်တွင် သီရိမင်္ဂလာခန်းမရှေ့ သဇင်တည်းခိုခန်း၊ စားသောက်ဆိုင် ဈေးတန်းအား မီးရှို့ ခဲ့ရာ ဆိုင်ခန်း(၆)ခန်း မီးလောင်ကျွမ်းခဲ့ကြောင်း၊ ဆက်လက်၍ နာရီစင် နှင့် ဆေးရုံကြား ရှိ ရပ်ကွက် (၄) သို့ မီးကူး စက်လောင်ကျွမ်းပြီး စုစုပေါင်းနေအိမ် (၁၅)လုံးခန့် မီးလောင် ကျွမ်းခဲ့ကြောင်း၊ မြို့ ဦးရပ်ကွက်၌ လည်း နေအိမ်(၂)လုံးအား မီးရှို့ ဖျက်ဆီး ခဲ့ကြောင်း၊ ဆက်လက်၍ မောင်တော-အလယ်သံကျော် ကားလမ်းပေါ်ရှိ ဒူးချီးယားတန်း ကျေးရွာအုပ်စု ခရေမြိုင်ကျေးရွာအား မီးရှို့ခဲ့ကြကြောင်း။

ညနေပိုင်းတွင် ဆူပူသူ (၂၀) ဦးခန့်သည် မောင်တောမြို့ ပြည်သူ့ဆေးရုံအတွင်းသို့ ဝင်ရောက် နှောက်ယှက်ခဲ့ သည့် အတွက် ကျန်းမာရေးဝန်ထမ်းများ ပုန်းရှောင်နေ ခဲ့ရကြောင်း၊ ဆေးရုံအရှေ့ ရှိ မြို့မ အရှေ့ရပ်ကွက်မှ နေအိမ် (၂) လုံးအား ထပ်မံ မီးရှို့ ခဲ့သည့်အတွက် ရပ်ကွက် အတွင်းရှိ ပြည်သူများ ပြောင်းရွှေ့ ရှောင်တိမ်းခဲ့ရကြောင်း။

ထို့ပြင် ဆူပူသူများ၏ ရန်ပြု မှုများကြောင့် ဒေါက်တာ ခင်မောင်လတ် (၆၃) နှစ်၌ ဝမ်းဗိုက်ဓားထိုးခံ ဒဏ်ရာ၊ ဒေါ်သန်းရီ (၅၇) နှစ်၌ ဦးခေါင်းတွင် ဓားခုတ်ခံ ရ ဒဏ်ရာ၊ ဦးကျော်လှ (၇၈) နှစ်၌ ဦးခေါင်းတွင် ဓားခုတ်ခံရ ဒဏ်ရာ၊ ဦးသိန်းဇော် (၃၆) နှစ်၌ ခြေ၊ လက်တို့တွင် ဓားခုတ် ခံရ ဒဏ်ရာများ အသီးသီးရရှိခဲ့ပြီး ဦးလှမောင် (၆၅) နှစ် မှာ ဦးခေါင်း ဓားခုတ်ခံရ ဒဏ်ရာများဖြင့် သေဆုံးခဲ့ကြောင်း သိရှိရသည်။

မောင်တောမြို့ ဆူပူအကြမ်းဖက်မှုဖြစ်စဉ်များ၌ နယ်မြေခံရဲတပ်ရင်း၊ ရဲတပ်ဖွဲ့တို့မှ ဆူပူမှု များအား သေနတ် ပစ်ဖောက် ခြောက်လှန့်ဖြို ခွဲ၍ အခြေအနေကို ထိန်းသိမ်းခြင်း၊ မီးငြိမ်း သတ်ခြင်း၊ ဒေသခံ ပြည်သူတို့၏ အသက်အန္တရာယ်လုံခြုံရေးကို ကာကွယ် စောင့်ရှောက်ခြင်းများ ဆောင်ရွက်လျက်ရှိပြီး နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေး ကွပ်ကဲမှု ဌာနချုပ်မှူး ကိုယ်တိုင် အနီးကပ်ကြီးကြပ်ကွပ်ကဲ ထိန်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း သိရှိရသည်။

လက်ရှိရခိုင်ပြည်နယ် မောင်တောမြို့ ၌ ဖြစ်ပွားခဲ့သော ဆူပူအကြမ်း ဖက်မှုများသည် နိုင်ငံတည်ငြိမ်ရေးနှင့် တရားဥပဒေ စိုးမိုးရေးကို ထိခိုက်ပျက်ပြားစေသည့် အတွက် အခြေအနေ အားလုံးကို အချိန်မီ ထိန်းသိမ်းပြီး ဒေသရပ်ရွာ တည်ငြိမ်အေး ချမ်းမှု ရရှိစေရေးအတွက် မောင်တောမြို့ နယ်နှင့် ဘူးသီးတောင်မြို့ နယ်တို့ တွင် ပုဒ်မ (၁၄၄) ထုတ်ပြန်၍ ထိန်းသိမ်း ဆောင်ရွက် လျက်ရှိကြောင်း သတင်းရရှိသည်။

No comments:

Post a Comment