ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, September 15, 2012

ရန်ကုန်မြို့တွင်း ၁၄ မြို့နယ် သုံးရက်ကြာ ဂျိုးဖြူရေ ပြတ်မည်

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သောက်သုံးရေများကို ဖြန့်ဝေရာ နေရာတစ်ခုဖြစ်သော လှော်ကား ရေပေး
ဝေကန်မှ ရေပို့ပိုက်ကြီး ချို့ယွင်းမှုကြောင့် ရန်ကုန်မြို့တွင်း ၁၄ မြို့နယ်တွင် သုံးရက်ကြာ ရေပြတ်တောက် မည် ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီ အင်ဂျင်နီယာဌာန (ရေနှင့်သန့်ရှင်းမှု) ထံမှ စုံစမ်းသိရှိရသည်။
အဆိုပါ ရေပြတ်တောက်မှုမှာ စက်တင်ဘာလ ၁၄ ရက်နေ့ နံနက် ၆ နာရီက စတင်ကာ လှော်ကားရေပေး
ဝေရေး စခန်းမှ ရေဖြန့်ဝေသည့် မင်္ဂလာဒုံ၊ ရွှေပြည်သာ၊ အင်းစိန်၊ မရမ်းကုန်း၊ လှိုင်သာယာ၊ လှိုင်၊ တာမွေ၊ ရန်ကင်း၊ ကမာရွတ်၊ မင်္ဂလာတောင်ညွှန့်၊ ပုဇွန်တောင်၊ ကျောက်တံတား၊ သာကေတနှင့် ဗိုလ်တထောင်မြို့ နယ် တို့တွင် စက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းအထိ ခေတ္တရေပြတ်တောက်မည် ဖြစ်ကြောင်း ယင်းဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။
အဆိုပါ လှော်ကား ရေပို့ပိုက်ကြီးမှာ ၆၆ လက်မ ကွန်ကရစ်ပိုက်ဖြစ်ပြီး ၁၉၀၄ ခုနှစ်မှ စတင်အသုံးပြုခဲ့သဖြင့် နှစ်ကာလ ကြာမြင့်သောကြောင့် လည်းကောင်း၊ မြို့နယ်များကိုတိုးချဲ့ရေပေးဝေသောကြောင့်လည်းကောင်း
စက်စွမ်းအား အရှိန်မြင့် အသုံးပြုနေသောကြောင့် ကွန်ကရစ်ပိုက်ပေါက်မှု ဖြစ်ကာ ရေပြတ်တောက်ခြင်း ဖြစ်ကြောင်း ရေနှင့် သန့်ရှင်းမှုဌာနမှ အမည်မဖော်လိုသူ အကြီးတန်း အရာရှိတစ်ဦးက ပြောကြားသည်။
ရေပို့ပိုက်ကြီးကို နေ့ရောညပါ လူအား၊ စက်အားဖြင့် ပြုပြင်နေပြီးစက်တင်ဘာလ ၁၇ ရက် နံနက်ပိုင်းတွင် ရေပြန်ပေးဝေနိုင်မည် ဖြစ်ကြောင်း၊ ရေပြတ်တောက်မည့် မြို့နယ်များ အနေဖြင့် ယင်းမြို့နယ်များတွင် ဌာနပိုင် တွင်းများမှ တစ်ဆင့် ချိတ်ဆက်၍ ရေပေးဝေ သွားမည်ဖြစ်သဖြင့် နေထိုင်သူပြည်သူများ စိုးရိမ် ရန်မလိုကြောင်း ယင်းဌာနထံမှ သိရသည်။
“ရေပြတ်မယ်ဆိုရင်လည်း ကြိုတင် အသိပေးသင့်တာပေါ့။ ရေမရှိလို့ မဖြစ်ဘူးလေ။ ရှိတဲ့ရေကိုပဲ ချွေတာပြီး သုံးရမယ်” ဟု တာမွေမြို့နယ်တွင် နေထိုင်သည့် အသက် ၅၀ အရွယ် အိမ်ရှင်မတစ်ဦးက ပြောကြားသည်။
လက်ရှိ ရေပြတ်တောက်သော မြို့နယ်များမှာ လှော်ကားရေပေးဝေရေး စခန်းက ပေးဝေနေသော မြို့နယ် များဖြစ်ပြီး ကျန်ရေပေးဝေရေး စခန်းများဖြစ်သော ဂျိုးဖြူရေပေးဝေရေး စခန်းနှင့် ငမိုးရိပ်ရေပေးဝေရေး စခန်းတို့မှ ကျန်မြို့နယ်များကို ပုံမှန်အတိုင်း ရေပေးဝေသွားမည်ဖြစ်ကြောင်း ရန်ကုန်မြို့တော် စည်ပင်
သာယာရေးကော်မတီ ရေနှင့်သန့်ရှင်းမှုဌာနထံမှ စုံစမ်းသိရှိရသည်။ ရန်ကုန်မြို့တော်နေ ပြည်သူလူထုကို တစ်ရက်လျှင် ရေဂါလန်သန်း ၁၆၀ ဖြန့်ဝေပေးလျက်ရှိပြီး ရန်ကုန်မြို့တော်တွင် နေထိုင်သော လူဦးရေ ၅ ဒသမ ၁ သန်းကျော်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီက ဖြန့်ဝေလျက်ရှိသော သောက် သုံးရေများကို တိုက်ရိုက် ရယူသုံးစွဲသူ ၆၂ ရာခိုင်နှုန်း ရှိကြောင်း ယင်းကော်မတီ၏ ထုတ်ပြန်ချက်များအရ သိရသည်ဟု ၂၀၁၂ ခုနှစ် စက်တင်ဘာ ၁၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

from - ခေတ်လူငယ်

No comments:

Post a Comment