ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, May 03, 2012

ဖားကန့်ကျောက်စိမ်းလုပ်ငန်းရှင်များထံမှ ငွေကျပ်သိန်းပေါင်းခြောက်သောင်းတောင်းယူသွားတဲ့ KIA တပ်ရင်း(၆)


          မြန်မာနိုင်ငံ၏ ကျောက်စိမ်းအများအပြားထွက်ရှိနေတဲ့ ဖားကန့်ဒေသရှိ ကျောက်စိမ်းလုပ်ငန်းရှင်များ
 ထံမှ ကေအိုင်အေတပ်ဖွဲ့များဟာ စစ်ရေးရန်ပုံငွေ(ဆက်ကြေး)သိန်းပေါင်းခြောက်သောင်း ကောက်ခံ ခဲ့တယ်လို့ သိရပါတယ်။ အဲဒီလို ဆက်ကြေးကောက်တဲ့နေရာမှာ ကေအိုင်အေရဲ့ ဘဏ္ဍာသိုက် လိုဖြစ်နေတဲ့ ကေအိုင်အေ၊ တပ်ရင်း(၆)အဖွဲ့မှ ဦးစီးကောက်ခံခဲ့တယ်လို့ဒေသခံများမှ ပြောပါတယ်။ ပြီးခဲ့တဲ့ မတ်လနဲ့ အေပြီလတွေမှာ ကေအိုင်အေတပ်ရင်း(၆)အဖွဲ့ဟာ ကျောက်စိမ်းများသယ်ဆောင်ရာမှာ အဓိကအသုံးပြုတဲ့ ဖားကန့်-လုံးခင်းနဲ့ ကာမိုင်း-မိုးကောင်းကို ဆက်သွယ်ထားတဲ့ လမ်းကြောင်းကို ပိတ်ပစ်လိုက်ပါတယ်။
လမ်းကြောင်းပြန်ဖွင့် ပေးဖို့အတွက် ကေအိုင်အေတပ်ဖွဲ့ဟာ လုပ်ငန်းရှင်များစုပြီး ငွေကျပ်သိန်းပေါင်းခြောက်သောင်း ပေးရန် တောင်းဆိုခဲ့တဲ့အတွက် အောင်ဟိန်းမင်း၊ မောနင်းလိုက်၊ အဲဗားဝင်း၊ လင်းလက်ဝင်းကုမ္ပဏီများမှ ဦးဆောင်ပြီးကောက်ခံပေးခဲ့ရပါတယ် ။ လုပ်ငန်းတွေက အရင်းအနှီး များနေ လို့ ပေးလိုက်ရကြောင်းကို လုပ်ငန်းရှင်တစ်ဦးမှ 
“ ကျွန်တော်တို့ ကုမ္ပဏီတွေက ဦးဆောင်ပြီး လုပ်ငန်းရှင် တွေဆီကနေ စုပြီးပေးရပါတယ်။ ကျွန်တော်တို့ ကလည်း ဒီလုပ်ကွက်တွေမှာ ရင်းနှီးမြှုတ်နှံထားတာက များတယ်။ လုပ်ငန်းတွေစွန့်လွှတ်ပြီး ဆက်မလုပ်တော့ဖို့ ဆိုတာကလဲ မဖြစ်နိုင်ဘူး။ ဒါကိုကေအိုင်အေက သိတယ်။ အဲလိုသိလို့ လဲ သူတို့ကခုလိုမျိုးကောက်ခံနေတာပါ။ မပေးရင်လဲ ကျွန်တော်တို့ရဲ့ စီးပွားရေးရော၊ အသက်အန္တရာယ်ပါ စိုးရိမ်ရတယ်။ ဒါကြောင့် သူတို့တောင်းတဲ့ငွေကို ခုလိုပေးနေရတာပါ “ လို့ ရင်ဖွင့်ပြောပြခဲ့ပါတယ်။
          ကေအိုင်အေတပ်ဖွဲ့များဟာ အေပြီလကုန်တွင် ဖားကန့်၊ လုံခင်းဒေသမှာရှိတဲ့ ကျောက်စိမ်းတူးဖော်တဲ့ လုပ်ငန်းရှင်များထံမှ လုပ်ကွက်တစ်ကွက်တစ်ဧကကို သိန်းငါးဆယ်နဲ့ ကျောက်စိမ်းရိုင်းသယ်တဲ့ကားတစ်စီးကို ကျပ်ရှစ်သိန်း ဆက်ကြေးကောက်ခံခဲ့ကြပါတယ်။ 
          ကေအိုင်အေတပ်ဖွဲ့များဟာ အစိုးရတပ်များနဲ့ တိုက်ခိုက်နေရပြီး ငွေကြေးအခက်အခဲဖြစ်လာတဲ့အခါ များမှာ ဖားကန့်ဒေသမှာရှိတဲ့ ကျောက်စိမ်းလုပ်ငန်းရှင်များထံမှ အခွန်ငွေတောင်းခြင်းနဲ့ ကျောက်စိမ်းရိုင်းများ သယ်ဆောင်တဲ့လမ်းများကို ပိတ်ပြီးငွေညှစ်ခြင်းများပြုလုပ်လေ့ရှိပါတယ်။ အခွန်ငွေ (ဆက်ကြေး)ကောက်ခံ  တဲ့ အခါမှာလည်း လုပ်ငန်းရှင်များကြောက်လန့်လာအောင် ကုမ္ပဏီများမှ အလုပ်သမားများကို သတ်ဖြတ်ခြင်း၊ ခြိမ်းခြောက်များပြုလုပ်ကြပါတယ်။
          ကျောက်စိမ်းလုပ်ငန်းရှင်များဟာလုပ်ကွက်များမပြီးပြတ်သေးလို့ ကျောက်စိမ်းများဆက်လက်တူးဖော် နေရသော်လည်း အခုလို ကေအိုင်အေတပ်ဖွဲ့မှ မကြာခဏ ဆက်ကြေးလာရောက်ကောက်ခံနေတဲ့အတွက် လုပ်ငန်းများလုပ်ကိုင်ရာမှာ ကျီးလန့်စာစား လုပ်ကိုင်နေရတယ်လို့ လုပ်ငန်းရှင်တစ်ဦးပြောပါတယ်။ “ ကျွန်တော် တို့လည်းဒီမှာ လုပ်ကွက်တွေက မပြတ်သေးတဲ့အတွက် အလုပ်လုပ်နေရတာ မှန်ပေမဲ့ ကေအိုင်အေအဖွဲ့က အစိုးရ တပ်တွေနဲ့တိုက်ခိုက်ပြီး သူတို့ဌာနချုပ် က ငွေကြေးထောက်ပံ့မှုမရတဲ့အခါတွေမှာ အခုလိုလာရောက် ကောက်ခံနေ တဲ့အတွက် ပေးနေရတယ်။ မပေးရင်လဲ လုပ်ငန်းအနှောင့်အယှက်ဖြစ်အောင် လူသတ်ပြတယ်၊ ကားလမ်းတွေ ပိတ်ပစ်တယ်။ ကျွန်တော်တို့လည်း မပေးချင်ပေမဲ့ လုပ်ငန်းအဆင်ပြေအောင်လို့ ပေးနေရတယ်” လို့ ကုမ္ပဏီ မန်နေဂျာတစ်ဦးမှ ပြောပြပါတယ်။
          ကေအိုင်အေတပ်ဖွဲ့တွေဟာ လက်ရှိအချိန်မှာ အစိုးရတပ်တွေနဲ့ တိုက်ခိုက်နေတဲ့အတွက် သူတို့ရဲ့ စားဝတ်နေရေးအဆင်ပြေရန် အခွန်ငွေလို့ပြောတဲ့ (ဆက်ကြေး)ကောက်ခြင်း၊ မပေးနိုင်ပါက လူသတ်ခြင်း၊ ကျေးရွာများအားမီးရှို့ခြင်းနဲ့ အဓိကလမ်းကြောင်းများအား ပိတ်ပစ်ခြင်း၊ မိုင်းဖောက်ခွဲခြင်း များကို ပြုလုပ်ကြ ပါတယ်။ အင်အားဖြည့်တင်းရန်အတွက် ကချင်ပြည်နယ်အတွင်းရှိ ကျေးရွာများမှာရှိတဲ့ ရွာသူ၊ ရွာသားများအား အဓမ္မလူသစ်စုခြင်း အဆက်မပြတ်ပြုလုပ်နေတဲ့အတွက် ဒေသခံများမှာ စားဝတ်နေရေး ကျပ်တည်းလာပြီး သွားလာရေးခက်ခဲနေကြောင်း သိရပါတယ်။
          ဖားကန့်ဒေသအား ထိန်းချုပ်ထားသည့် ကေအိုင်အေ တပ်ရင်း ၆ မှာမိခင်အဖွဲ့ဖြစ်သည့် ကေအိုင်အို အဖွဲ့အား အများဆုံးငွေကြေး ရှာဖွေပေးသည့် တပ်ရင်းဖြစ်တယ်လို့သိရပါတယ်။

No comments:

Post a Comment