ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 12, 2012

ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ် သတင်းများဖော်ပြမှုနှင့်ပတ်သက်၍ ဂျာနယ်လစ်များကို ခေါ်ယူသတိပေး



From : ခေတ်လူငယ်


ရခိုင်ပြည်နယ်အတွင်းဖြစ်စဉ် သတင်းများ ဖော်ပြမှုနှင့်ပတ်သက်၍ ပြန်ကြားရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် အရေးယူမှုအပြင် အရေးပေါ်စီမံမှု အက်ဥပဒေ၊ ပုဒ်မ ၅ (ည)အရ ထောင်ဒဏ် (၇)နှစ် ကျခံရနိုင်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ်ဦးမြင့်ဆွေက ဇွန်လ ၁၀ ရက် နေ့ ည ၇ နာရီက ရန်ကုန်တိုင်းဒေသကြီး အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ဂျာနယ်လစ်များကို ခေါ်ယူ သတိပေးရာတွင် ထည့်သွင်းပြောကြားခဲ့ပါသည်။ ထိုသို့ တွေ့ဆုံ သတိပေးရာတွင် ရခိုင်ပြည်နယ်သတင်း၊ ဖြစ်စဉ်များကို နိုင်ငံတော်မှ ထုတ်ပြန်ပေးလျက်ရှိကြောင်း၊ အခြေအနေအား ထိန်းသိမ်းပေးထားကြောင်း၊ သို့သော် မီဒီယာများမှ အခြေအနေကို ပိုမိုဆိုးစေနိုင်သည့် လှုံ့ဆော်ရေးသားမှုများ ရှိလာခြင်းကြောင့် ခေါ်ယူသတိပေးခြင်းဖြစ်ကြောင်း၊ ဖွဲ့စည်းပုံ အခြေခံဥပဒေပါ ပြဋ္ဌာန်းချက်များနှင့် ဆန့်ကျင်ရေးသားလျှင် အုပ်ချုပ်ရေးပိုင်းအရ အရေးယူမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ၀န်ကြီးချုပ် ဦးမြင့်ဆွေက ပြောကြားခဲ့သည်။
မီဒီယာများအနေဖြင့် ရခိုင်ပြည်နယ်သတင်းအား ဖော်ပြရာတွင် သတင်းအချက်အလက် မှန်ကန်သော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေပါ နိုင်ငံတော် လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေးအချက်များကို တော်တော်ကြီး ဆန့်ကျင်နေကြောင်း၊ ထို့အတွက် နောက်ပိုင်းတွင် အုပ်ချုပ်ရေးပိုင်းအ နေဖြင့် တရားဥပဒေအရ အရေးယူသွားမည်ဟု ဂျာနယ်လစ်များအား ပြောကြားခဲ့သည်။
ပြန်ကြားရေးဝန်ကြီးဌာနမှ ချမှတ်ထားသော မူငါးချက်ဖြစ်သော ဘက်လိုက်ရေးသားဖော်ပြခြင်း မပြုရန်၊ အကြောင်းတစ်ရပ်ကို ရေးသားဖော်ပြရာတွင် ဘက်စုံ ထောင့်စုံ လေ့လာသုံးသပ်၍ ရေးသားဖော်ပြရန်၊ လွတ်လပ်မှုနှင့် တာဝန်ယူမှု၊ လွတ်လပ်မှုနှင့် ဆင်ခြင်တုံတရားတို့ကို ယှဉ်တွဲ ကျင့်သုံးရေးသားရန်၊ ဒီမိုကရေစီအရ လွတ်လပ်စွာ ကွဲပြားခွင့်ရှိသော်လည်း ယင်းကွဲပြားမှုများကြားမှ ညီညွတ်မှု Unity In Democracy ဖော်ဆောင်ကြရန်၊ ယင်းသို့ဖော်ဆောင်မှုများအား အမျိုးသားရေးကို အခြေခံဆောင်ရွက်ကြရန်ဟူသော အချက်ငါးချက်နှင့်အညီ ချမှတ်ပေးထားကြောင်း ဂျာနယ်လစ်များကို ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment