ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, July 05, 2012

ဒုသမ္မတလောင်း အဖြစ် ဦးတင်အေးနှင့် ဦးဌေးဦးတို့ တစ်ပြေး



From : The Voice
ရန်ကုန်၊ ဇူလိုင် ၎
ကျန်းမာရေး အခြေအနေကြောင့် နုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထား အမည်စာရင်း တင်သွင်းရမည် ဖြစ်ရာ ဒုတိယ သမ္မတလောင်းအဖြစ် ဦးတင်အေးနှင့် ဦးဌေးဦးတို့ တစ်ပြေးနေကြောင်း နိုင်ငံရေး လေ့လာသူများက ပြောကြားသည်။
အစိုးရသစ် လက်ထက်တွင် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များ ပီပီပြင်ပြင် လုပ်ဆောင်နေသော စက်မှု ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဦးစိုးသိန်းမှာ ဒုတိယသမ္မတ ဖြစ်ရန် ထိပ်ဆုံးက တစ်ပြေးနေသော်လည်း ဖွဲ့စည်းပုံ အခြေခံဥပဒေ ပုဒ်မ ၅၉ (စ) အရ ဒုတိယသမ္မတ အဖြစ် ရွေးကောက် တင်မြှောက်ရန် မဖြစ်နိုင်ကြောင်း၊ ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်ဥက္ကဋ္ဌ ဦးတင်အေးနှင့် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ အထွေထွေ အတွင်းရေးမှူး ဦးဌေးဦးတို့သာ ဖြစ်နိုင်ကြောင်း နိုင်ငံရေး လေ့လာသူများက သုံးသပ်သည်။

အဆိုပါ ထင်ကြေးပေးခံရသူများ စာရင်းတွင် ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်း၊ တပ်မတော် ကာကွယ်ရေး ဦးစီးချုပ် ဒုတိယ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်၊ ကာကွယ်ရေး ဝန်ကြီးဌာနမှ ဗိုလ်ချုပ်ကြီး လှဌေးဝင်းနှင့် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီး ကိုကို တို့လည်း ခန့်မှန်းထားကြောင်း ပြည်တွင်း နိုင်ငံရေး အသိုင်းအဝိုင်းထံမှ သိရသည်။

ကျန်းမာရေး အခြေအနေကြောင့် ဇူလိုင်လ ၁ ရက်နေ့က ရာထူးမှ နုတ်ထွက်ခွင့် ပေးရန် နုတ်ထွက်စာ တင်ထားသော ဒုတိယသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦး၏ လစ်လပ်နေရာအတွက် တပ်မတော်သား ကိုယ်စားလှယ်များက ဇူလိုင်လ ၁၀ ရက်နေ့ နောက်ဆုံးထားပြီး တင်မြှောက်ပေးရန် ပြည်ထောင်စု လွှတ်တော် နာယက ဦးခင်အောင်မြင့်က ယနေ့ကျင်းပသည့် ပြည်ထောင်စုလွှတ်တော် အစည်းအဝေးတွင် ညွှန်ကြားကြောင်း ပြည်ထောင်စု လွှတ်တော်တွင် တက်ရောက် သတင်းရယူနေသည့် The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ယနေ့ မွန်းလွဲ ၁ နာရီခန့်က စတင် ကျင်းပသော ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် စတုတ္တပုံမှန် အစည်းအဝေးတွင် ပြည်ထောင်စု လွှတ်တော် နာယကက ဒုတိယ သမ္မတ ရာထူးနေရာ လစ်လပ်ခြင်းနှင့် စပ်လျဉ်းသည့် သမ္မတကြီး၏ သဝဏ်လွှာကို ဖတ်ကြားခဲ့ပြီး သက်ဆိုင်ရာ လွှတ်တော် ကိုယ်စားလှယ်များ အစုအဖွဲ့က ဒုတိယသမ္မတ တစ်ဦး ရွေးချယ် တင်မြှောက်ပေးရန် ရှိကြောင်း ကြေညာသည့် အစီအစဉ်တွင် ပြည်ထောင်စု လွှတ်တော် နာယကက ယင်းသို့ ညွှန်ကြားခြင်း ဖြစ်သည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး ပေါ်ပေါက်လာသော အစိုးရသစ်တွင် ဒုတိယ သမ္မတများအဖြစ် သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့် ဒေါက်တာ စိုင်းမောက်ခမ်းတို့က စတင် တာဝန်ယူ ခဲ့ကြသည်။

သီဟသူရ ဦးတင်အောင်မြင့်ဦးကို တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းက သမ္မတလောင်းနှင့် ဒုတိယ သမ္မတလောင်းအဖြစ် အဆို တင်သွင်းခဲ့ခြင်းဖြစ်သည်။

ဒုတိယသမ္မတ သီဟသူရဦးတင်အောင်မြင့်ဦးသည် ၁၉၈၈ ခုနှစ်တွင် ဖြစ်ပွားခဲ့သော မိုင်းယန်းတိုက်ပွဲ၌ ဗကပများအား ရွပ်ရွပ်ချွံချွံ တိုက်ခိုက်ခဲ့သဖြင့် သီဟသူရဘွဲ့ ရှိခဲ့ပြီး အမှတ် ၃၃ ခြေမြန်တပ်မ ဌာနချုပ်တွင် ဒုတိယတပ်မမှူး၊ အရှေ့မြောက်တိုင်း စစ်ဌာနချုပ်တိုင်းမှူး၊ နိုင်ငံတော် အေးချမ်း သာယာရေးနှင့် ဖွံ့ဖြိုးရေး ကောင်စီဝင်နှင့် အတွင်းရေးမှူး (၁) ရာထူးများအား အဆင့်ဆင့် ထမ်းဆောင်ခဲ့ပြီး ၂ဝ၁ဝ ရွေးကောက်ပွဲတွင် ကြံ့ခိုင်ရေးပါတီမှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် အနေဖြင့် နေပြည်တော် ပုဗ္ဗသီရိမြို့နယ်မှ ဝင်ရောက် အရွေးခံကာ အနိုင်ရခဲ့သည်။

၂၀၁၁ ခုနှစ် မတ် ၃၀ ရက်နေ့တွင် ဒုတိယသမ္မတ အဖြစ် ကျမ်းသစ္စာ ကျိန်ဆိုခဲ့သည်။ ၎င်းသည် ၁၉၅၀ မေလ ၂၉ ရက်နေ့တွင် မွေးဖွားခဲ့သည်။

No comments:

Post a Comment