ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, September 12, 2012

 လတ်တလောဈေးကွက်အတွင်း၌ ပဲဈေးအတက်အကျမြန်၊ ပဲလောကအတွင်း ယခင်နှစ်များကကဲ့သို့ အရှုပ်အရှင်း ထပ်မံမဖြစ်ပေါ်စေရန် ပွဲစားစနစ်ဖျက်သိမ်း


လတ်တလောအခြေအနေ၌ ဈေးကွက်အတွင်း ပဲဈေးအတက်အကျမြန်နေသည့်အပြင် ပြည်တွင်း၌လည်း ပဲလက်ကျန်မှာ နည်းပါးနေသောကြောင့် ကုန်သည်ကြီးအချို့၏ လက်ဝါးချင်းရိုက် ဈေးကစားမှုများ မဖြစ်ပေါ်ရန် လိုအပ်ကြောင်း ဘုရင့်နောင် ကုန်စည်ဒိုင် တာဝန်ရှိသူများထံမှ သိရှိရသည်။
ပဲလောကအတွင်း ယခင်နှစ်များကကဲ့သို့ ငွေကြေးလိမ်လည်မှု အရှုပ်အရှင်းများ ထပ်မံမဖြစ်ပေါ်စေရန်အတွက်လည်း ပွဲစားဖြင့် ရောင်းဝယ်ခြင်းစနစ်ကို စက်တင်ဘာလ ၁ ရက်နေ့မှ စတင်ကာ ဖျက်သိမ်းခဲ့ကြောင်း ကုန်စည်ဒိုင် တာဝန်ရှိသူများထံမှ သိရသည်။
မြန်မာနိုင်ငံ၏ ပဲစိုက်ပျိုးမှု အလားအလာအရ မြန်မာပဲကုန်သည်အချို့သည် ဇူလိုင်လကုန်၊ သြဂုတ်လဆန်းပိုင်းအတွင်း ဈေးကစားရောင်းဝယ်မှုများ ရှိလာခဲ့ကြောင်း၊ မတ်ပဲဈေးအနေဖြင့်
ဇွန်လဆန်းအတွင်း FOB ဈေးတစ်တန်လျှင် အမေရိကန် ဒေါ်လာ  ၅၀၀-၅၂၀၊ ဘုရင့်နောင်ကုန်စည်ဒိုင်တွင် ကျပ် ၄၀၁၀၀၀-၄၀၂၀၀၀ ရှိခဲ့ရာမှ ဇူလိုင်လဆန်းတွင် FOB တစ်တန် ဒေါ်လာ ၅၅၀ -၅၇၀၊ ဘုရင့်နောင်ဈေး ကျပ် ၄၇၂,၀၀၀-၄၈၀၀၀၀ နှင့် သြဂုတ်လ ပထမပတ်တွင် FOB ဈေး ဒေါ်လာ ၇၄၀-၇၆၀နှင့် ဘုရင့်နောင်ဈေး ကျပ် ၆၂၂၀၀၀-၆၃၁၀၀၀ ထိ ပြည်တွင်း ဈေးကျပ်နှစ်သိန်းကျော် မြင့်တက်ခဲ့ကြောင်းလည်း သိရှိရသည်။
အလားတူ ပဲစင်းငုံဈေးမှာလည်း ဇွန်လဆန်းတွင် FOB တစ်တန် အမေရိကန်ဒေါ်လာ ၅၇၀-၅၈၀၊ ဘုရင့်နောင်ဈေးကျပ် ၄၅၄၀၀၀ ရှိရာမှ ဇူလိုင်လဆန်းတွင် FOB တစ်တန် ဒေါ်လာ ၆၇၀-၆၉၀၊ ဘုရင့်နောင် ဈေးကျပ် ၅၆၇၀၀၀၊ သြဂုတ်လ ပထမပတ်အတွင်း FOB တစ်တန် ဒေါ်လာ ၈၃၀-၈၅၀၊ ဘုရင့်နောင် ဈေးကျပ် ၇၁၀၀၀၀ထိ တစ်တန်လျှင် ၂၆၀၀၀၀ ခန့်အထိ ဈေး အဆမတန် မြင့်တက်လာခဲ့ကြောင်း၊ အလားတူပဲတီစိမ်းဈေးမှာလည်း တစ်တန် ကျပ်နှစ်သိန်းကျော် မြင့်တက် လာခဲ့ကြောင်း၊ သို့သော်လည်း သြဂုတ်လ ဒုတိယပတ်အတွင်း မတ်ပဲနှင့် ပဲစင်းငုံဈေး ပြန်အေးလာခဲ့ရာ တစ်ပတ်အတွင်း တစ်တန်ကျပ်နှစ်သောင်းကျော် ပြန်လည်ကျဆင်းလာခဲ့ကြောင်းလည်း သိရှိရသည်။
ယခုဘဏ္ဍာရေးနှစ် လက်ရှိကာလ၌ ပြည်ပသို့ မတ်ပဲတင်ပို့မှုတန်ဖိုး ယခင်နှစ်ကထက် ကန်ဒေါ်လာ သန်းတစ်ရာကျော် လျော့ကျနေကြောင်း ကုန်သွယ်ရေးညွှန်ကြားမှုဦးစီးဌာနမှ ညွှန်ကြားရေးမှူးချုပ် ဦးကျော်ထူးက ပြောကြားခဲ့ကြောင်း သိရှိရပါသည်။
''ကုန်စည်ဒိုင်မှာ ပွဲစားတွေနဲ့ အရောင်းအ၀ယ် မလုပ်ရတော့ဘူး။  ဈေးကွက်မှာ ပွဲစားရှိရင် ကောင်းတာက အရောင်းအ၀ယ်သွက်တယ်။ အခုပွဲစားမရှိတော့ အရောင်းအ၀ယ်ကျတယ်။ ဒါပေမဲ့ ဈေးကွက်ကို ထိန်းပြီးလိုသလို လုပ်နေတာမျိုးတွေတော့ မရှိဘူးပေါ့။ လွန်ခဲ့တဲ့လက ပဲဈေးမြင့်ခဲ့တယ်။ ပြည်တွင်းဈေးက FOB ဈေးထက်မြင့်နေတယ်။ ဒီတော့ ပဲတွေနိုင်ငံခြားကို လိုသလောက် မပို့နိုင်ကြတော့ဘူး။ ဒါကြောင့် နိုင်ငံခြားကိုမရောင်းဘဲ ပြည်တွင်းမှာပဲအရောင်းအ၀ယ်ဖြစ်နေတယ်လို့ သုံးသပ်ရပါတယ်။ ဒါကြောင့် ပွဲစားနဲ့မရောင်းဘဲ တိုက်ရိုက်အရောင်းအ၀ယ်လုပ်နိုင်အောင်လို့ ကုန်စည်ဒိုင်မှာ ပွဲစားတွေ ၀င်ခွင့်မပြုတော့တာ ဖြစ်ပါတယ်''ဟု မြန်မာနိုင်ငံ ပဲမျိုးစုံနှင့် နှမ်းကုန်သည်များအသင်းမှ တာဝန်ရှိသူတစ်ဦးကလည်း ပြောကြားခဲ့သည်။
''ပဲလောကရဲ့ အဓိကပြဿနာက ပြည်တွင်းဈေးကွက်ကို တည်ငြိမ်အောင် ထိန်းသိမ်းရင်း နိုင်ငံတကာ ၀ယ်လက်ကို ပုံမှန်ချိတ်ဆက်ရောင်းချနိုင်ဖို့ပါ။ လယ်ယာထွက်ကုန်တွေရဲ့ သဘောအရ သီးနှံထွက်ချိန် ဈေးကျတတ်ပြီး နောက်သီးနှံမပေါ်မီ စပ်ကူးမတ်ကူးကာလမှာ ဈေးတက်လေ့ရှိသလို အဓိကစိုက်ပျိုးတဲ့ နိုင်ငံတွေရဲ့ ရာသီဥတုပြောင်းလဲမှုတွေကြောင့် ထုတ်လုပ်မှု အတိုး၊ အလျော့တွေကလည်း ပြည်တွင်းပြည်ပ သီးနှံဈေးကွက်ကို သက်ရောက်မှုရှိပါတယ်။ ထုတ်လုပ်သူကနေ နိုင်ငံ တကာဈေးကွက်အကြား ကြားခံချိတ်ဆက်မှုအပိုင်းမှာ မြန်မာကုန်သည်တစ်ဦးချင်းက လုပ်ဆောင်နေရုံနဲ့တော့ မြန်မာ့ပဲဈေးကွက် တည်ငြိမ်ဖွံ့ဖြိုးတိုးတက်ရေးက အလှမ်းဝေးနေဦးမှာ ဖြစ်ပါတယ်''ဟုလည်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီး ဌာနမှ ညွှန်ကြားရေးမှူး ဦးသန်းအောင်ကျော်က ပြောကြားခဲ့သည်။

No comments:

Post a Comment