ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, April 06, 2012

ကြားဖြတ်ရွေးကောက်ပွဲ အပေါ် နိုင်ငံတကာက အပြုသဘော တုံ့ပြန်မှုများ ပြုလုပ်

From : ခေတ်လူငယ်


မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ပြုလုပ်ခဲ့သော ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် ပါဝင်ဆင်နွှဲခဲ့သော မြန်မာပြည်သူများကို ချီးကျူးမှုအပါအ၀င် ကြားဖြတ်ရွေးကောက်ပွဲအပေါ် နိုင်ငံတကာက အပြုသဘော တုံ့ပြန်မှုများ ပြုလုပ်ခဲ့ကြကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။ အမေရိကန်သမ္မတ အိမ်ဖြူတော်မှ ဧပြီလ ၂ ရက်နေ့တွင် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ရာတွင် အမေရိကန်ပြည်ထောင်စုအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲ လုပ်ငန်းစဉ်တွင် မဲပေးခဲ့ကြသည့် မြန်မာပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း၊ ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်နှင့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်၏ အောင်မြင်မှုအတွက်လည်း ချီးကျူးဂုဏ်ယူပါကြောင်း ပြောကြားခဲ့သည်။ ယခုရွေးကောက်ပွဲသည် မြန်မာ့ဒီမိုကရေစီရေး အသွင်ကူးပြောင်းမှုတွင် အရေးကြီးသည့် ခြေလှမ်းတစ်ရပ်ဖြစ်ပြီး ယင်းသည် မြန်မာအစိုးရအနေဖြင့် ပိုမိုပွင့်လင်း ထင်သာမြင်သာရှိကာ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်သို့ ဆက်လက်လျှောက်လှမ်းရန် ရည်ရွယ်သည့် လက္ခဏာတစ်ခု ဖြစ်မည်ဟု မျှော်လင့်ကြောင်း အမေရိကန်သမ္မတ အိမ်ဖြူတော်မှ ထုတ်ပြန်သည့် ကြေညာချက်တွင် ဖော်ပြထားသည်။ ထို့ပြင် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကလည်း ကြားဖြတ်ရွေးကောက်ပွဲတွင် ပါဝင်ခဲ့ကြသည့် မြန်မာပြည်သူများကိုလည်း ချီးကျူးပြောကြားလိုက်ပြီး  မိမိတို့အနေဖြင့် ပြုပြင်ပြောင်းလဲရေးများကို ထောက်ခံအားပေးရန် ပိုင်းဖြတ်ထားပါကြောင်း၊ အစိုးရအနေဖြင့် ပွင့်လင်းမြင်သာအောင် ဆက်လက်ဆောင်ရွက်ရန် လိုအပ်သလို မဲမသမာမှုများနှင့် ပတ်သက်၍ ကိုင်တွယ်ဆောင်ရွက်ရန်လည်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းကလည်း မြန်မာနိုင်ငံတွင် ဧပြီလ ၁ ရက်နေ့က ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲများကို ငြိမ်းငြိမ်းချမ်းချမ်းနှင့် စနစ်ကျစွာ ကျင်းပပြုလုပ်နိုင်ခဲ့သည့်အတွက် မြန်မာအစိုးရနှင့် မြန်မာပြည်သူများကို ချီးကျူးဂုဏ်ပြုပါကြောင်း ပြောကြားခဲ့သည်။ ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြားဖြတ်ရွေးကောက်ပွဲတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အနိုင်ရရှိခဲ့ပြီးနောက် မြန်မာသမ္မတဦးသိန်းစိန်၏ သတ္တိနှင့်ပတ်သက်၍လည်း ချီးကျူးပြောကြားခဲ့သည်။ ထို့ပြင် ကြားဖြတ်ရွေးကောက်ပွဲ၏ အရေးကြီးသော အောင်မြင်မှုများအပေါ် တည်ဆောက်ကာ ပူးပေါင်းဆောင်ရွက်ကြရန် မြန်မာအစိုးရနှင့် နိုင်ငံရေးအင်အားစုများ အားလုံးကို တိုက်တွန်းပါကြောင်းလည်း ၎င်းက ပြောကြားခဲ့သည်။ ဥရောပသမဂ္ဂ ကလည်း မြန်မာနိုင်ငံတွင် ကျင်းပခဲ့သည့် ကြားဖြတ်ရွေးကောက်ပွဲအတွက် မြန်မာအစိုးရနှင့် မြန်မာပြည်သူများကို ချီးကျူးပြောကြားခဲ့ပြီး မြန်မာနိုင်ငံတွင် ဆောင်ရွက်နေသည့် ပြုပြင်ပြောင်းလဲမှုများကို ဆက်လက် ထောက်ခံသွားမည် ဖြစ်ကြောင်းနှင့် မြန်မာနိုင်ငံနှင့် ပူးပေါင်းဆောင်ရွက်မှု ဆက်ဆံရေး ပုံစံသစ်ကိုလည်း မျှော်လင့်နေကြောင်း ဥရောပသမဂ္ဂ၏ နိုင်ငံခြားရေးရာ အဆင့်မြင့်ကိုယ်စားလှယ် ကက်သရင်းအက်ရှ်တန်က ဧပြီလ ၂ ရက်နေ့က ပြောကြားခဲ့သည်။ ကြားဖြတ်ရွေးကောက်ပွဲများကို အစီအစဉ်တကျ ပြုလုပ်နိုင်ခဲ့မှုအတွက် အာဆီယံ နိုင်ငံခြားရေးဝန်ကြီးများကလည်း ဧပြီလ ၂ ရက်တွင် ချီးကျူးခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment