ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, April 06, 2012

အနိုင်အရှုံးကြားမှ အပြုံးများနဲ့ USDP ဘာလဲ.. ဘယ်လဲ

၂၀၁၂ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲကြီးဟာ NLD ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တဲ့အတွက် တရားမျှတစွာနဲ့ အောင်မြင်စွာ ပြီးဆုံးသွားပြီဖြစ်ပါတယ်။ ကြားဖြတ်ရွေးကောက်ပွဲမှာ ဖြစ်ပေါ်လာခဲ့တဲ့ အနိုင်အရှုံးများနဲ့ ဝေဖန်မှုတွေကလည်း  တိုင်းရင်းသား ညီအစ်ကိုမောင်နှမများအကြား အငြင်းပွားစရာတွေ ဖြစ်နေလိမ့်မယ်လို့ထင်မိပါတယ်။ NLD ပါတီအနေနဲ့ အနိုင်ရရှိခဲ့တဲ့အတွက် ပျော်မဆုံးဖြစ်နေခဲ့သလို ကြံ့ခိုင်ရေးပါတီအနေနဲ့လည်း အရှုံးကိုရင်မှာပိုက်ပြီး အမုန်းမပွားဘဲ သုံးသပ်မှုတွေ လုပ်နေကြပါပြီ။ ဒီကြားထဲမှာတော့ အမှန်ကိုမမြင်ဘဲ ခြံခုန်တဲ့လူတွေလဲ ပေါ်လာကြအုံးမှာပါ။  NLD အနေနဲ့ နိုင်တယ်လို့ ပြောလို့မရသလို ကြံ့ခိုင်ရေးပါတီအနေနဲ့ ရှုံးတယ်လို့လည်း မဆိုနိုင်တဲ့အခြေအနေဆိုတာ လူတိုင်းသိကြမှာပါ။ ဒါပေမယ့် အရှုံးကို အရှုံးအတိုင်းမထားဘဲ အနိုင်ပိုင်းသွားတဲ့ NLD ရဲ့ လုပ်ရပ်များကို ရင်ထဲမှာသတိထားပြီး အသိတရားရအောင် ပြောပြလိုက်ပါတယ်။ 
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်  အနိုင်ရရှိခဲ့ခြင်း၏ အကြောင်းရင်းများ
၁။       အခြေခံလူတန်းစားများဖြစ်သည့် အလုပ်သမား၊ လယ်သမား၊ လက်လုပ်၊ လက်စား ပြည်သူများ အနေဖြင့် လူမှု့ဘ၀အပြောင်းအလဲများဖြစ်လိုသည့်ဆန္ဒများ ရင်တွင်းကိန်းအောင်းလျက်ရှိခြင်း။
၂။       အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား တပ်မတော်၏လွတ်လပ်ရေး ဖခင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ သမီးဖြစ်သဖြင့် ပြည်သူများအနေဖြင့် ကြည်ညိုလေးစားမှုရရှိခဲ့ပြီး ကြားဖြတ်ရွေးကောက်ပွဲတွင် NLD မှကိုယ်စားလှယ်လောင်းများ ယှဉ်ပြိုင်သည့်မဲဆန္ဒနယ်များကို ကိုယ်တိုင် စည်းရုံးရေးဆင်းမှုကြောင့် ပြည်သူလူထုမှ ထောက်ခံအားပေးမှုရရှိခဲ့ခြင်း။
ပြည်ခိုင်ဖြိုးပါတီ ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင်  ရှုံးနိမ့်ရခြင်း၏ အကြောင်းရင်းများ
၁။       ကြံ့ခိုင်ရေးပါတီဝင်များသည် မိမိမဲဆန္ဒနယ်မြေအတွင်း စည်းရုံးရေးပြုလုပ်မှုများအား အဖြစ်သဘောသာ စည်းရုံးခြင်း၊ အောက်ခြေလူတန်းစားများနှင့် ထိတွေ့ဆက်ဆံခြင်းမရှိဘဲ ယခင်ရွေးကောက်ပွဲရလဒ်များကို မျှော်မှန်း၍ ထိရောက်စွာစည်းရုံးရေး မလုပ်ခြင်း။
၂။       စည်းရုံးမှုရှိသော နယ်မြေများတွင်လည်း ပြည်သူလူထုအား ကောင်းမွန်စွာစည်းရုံးမှုမရှိခြင်း၊ အချို့နေရာများတွင် ခြိမ်းခြောက်၍စည်းရုံးခြင်းတို့ကြောင့် ပြည်သူလူထုမှ လိုလားနှစ်သက်မှု မရှိခြင်း။
၃။       စည်းရုံးရေးနယ်မြေအလိုက် ကြံ့ခိုင်ရေးပါတီဝင် လူငယ်များမှ တက်ကြွစွာစည်းရုံးလှုံ့ဆော်မှု မရှိခြင်း၊ မိမိအဖွဲ့အစည်း အတွင်း၌ပင် စည်းလုံးညီညွှတ်မှုမရှိခြင်း။
၎။       ဂျာနယ်များ၊ သတင်းစာများ၊ အင်တာနက် စာမျက်နှာများ၊ လက်ကမ်းစာစောင်များတွင် ၎င်းတို့၏ စည်းရုံးရေးလှုပ်ရှားမှုများအား ပေါ်လွင်အောင် ဖော်ပြနိုင်ခြင်း မရှိဘဲ အရွေးခံမည့် ကိုယ်စားလှယ်လောင်း များအား ပြည်သူလူထုမှ မသိရှိခြင်း။
၅။       ကြံ့ခိုင်ရေးကိုယ်စားလှယ်များ၏ အကျင့်ပျက်သောကိစ္စများသည်လည်း အင်တာနက်ပေါ်နှင့် ပြည်သူလူထုအတွင်း မလိုလားသောသူများမှ ဖြန့်ဝေနေခြင်းကြောင့် ပြောင်းလဲလိုသော လူအများစုမှလည်း ကြံ့ခိုင်ရေးပါတီအား မဲမပေးခြင်း။
၆။       ကြံ့ခိုင်ရေးပါတီမှ အကြီးအကဲများ ကြားဖြတ်ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်အလိုက် ကွင်းဆင်း စည်းရုံးမှု အားနည်းခြင်း၊ ၂၀၁၀ ရွေးကောက်ပွဲတွင် အနိုင်ရရှိမှုပေါ်တွင် မိမိပါတီကို အထင်ကြီးခဲ့ခြင်း
          NLD ပါတီအနိုင်ရရှိပြီး ကြံ့ခိုင်ရေးပါတီ ရှုံးနိမ့်ရခြင်းမှာ ကြံ့ခိုင်ရေးပါတီကို မလိုလားလို့မဟုတ်သလို NLD ကို အရမ်းကြိုက်လို့လဲ မဟုတ်ဘူးဆိုတာ အစိုးရ၀န်ထမ်းတွေရဲ့ မဲပေးမှုအပေါ်မှာကြည့်ပြီး သိနိုင်ပါတယ်။ အစိုးရ၀န်ထမ်းတွေအနေနဲ့ တပ်မတော်က ပြောင်းလဲတာဝန်ထမ်းဆောင်လာတဲ့ ဦးစီးအရာရှိတွေ အပေါ်မှာ လိုလားမှုမရှိပါဘူး။ ဘာဖြစ်လို့လဲဆိုတော့ သူတို့အနေနဲ့ ပင်စင်သက်တမ်းတစ်ဝက်ကျော်မှ ရခဲ့တဲ့နေရာတွေမှာ တပ်မတော်က ပြောင်းလာတဲ့သူတွေပဲ ရရှိနေတဲ့အတွက် NLD ပါတီသာ အနိုင်ရခဲ့ရင် ဒီစနစ်ဆိုးတွေနဲ့ ဒီအဖြစ်မျိုးတွေ မကြုံရတော့ဘူးထင်လို့ မဲပေးခဲ့တာလို့ သိရပါတယ်။
မြေပိုင်ရှင်တွေအနေနဲ့ကလည်း လယ်ယာမြေတွေ အသိမ်းခံခဲ့ရတာကြောင့် NLD သာ အာဏာရလာရင် ပြန်ရလိမ့်မယ်ဆိုတဲ့ မျှော်လင့်ချက် တွေနဲ့ အတင့်ရဲပြီး မဲပေးခဲ့တာလို့လဲ သိရပါတယ်။
          ပြည်သူလူထုတွေအနေနဲ့ မုန့်ဟင်းခါးချည်းပဲ စားနေရတာကို ပြောင်းလဲစေချင်တဲ့အတွက် ကြာဆံဟင်းခါးချက်လေးနဲ့ စားချင်လို့ မဲပေးခဲ့တာလို့ သိခဲ့ရပါတယ်။

No comments:

Post a Comment