ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, April 29, 2012

ရှေးဟောင်းပျူယဉ်ကျေးမှု မြို့တော်သုံးခုအား ကမ္ဘာ့ယဉ်ကျေးမှုစာရင်းတွင် ပါဝင်နိုင်ရန် ယူနက်စကိုက ကူညီသွားမည်




မြန်မာနိုင်ငံ၏ ရှေးဟောင်းအမွေအနှစ် နေရာများအဖြစ် ထိန်းသိမ်းထားရှိသည့် သရေခေတ္တရာ၊ ဗိဿနိုးနှင့် ဟန်လင်း မြို့ဟောင်းများကို ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ်စာရင်းတွင် ပါဝင်နိုင်ရန်အတွက် ကုလသမဂ္ဂပညာရေး၊ သိပ္ပံနှင့် ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို)၊ ပြည်ပယဉ်ကျေးမှု ပညာရှင်များ ပါဝင်ကူညီ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြန်မာ့ယဉ်ကျေးမှု စောင့်ရှောက်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစွမ်းရည် မြှင့်တင်ရေး အစည်းအဝေးမှ သိရသည်။ အစည်းအဝေးကို ယခုလ ၄ ရက်မှ ၆ ရက်နေ့အထိ ယဉ်ကျေးမှုဝန်ကြီးဌာနက ကြီးမှူးကျင်းပ၍ ယူနက်စကို၊ အီတလီ၊ အခြားပြည်ပ ယဉ်ကျေးမှုပညာရှင်များ၊ ပြည်တွင်းမှ ယဉ်ကျေးမှုပညာရှင်များ တက်ရောက်ဆွေးနွေးခဲ့ကြသည်။ “ကျွန်မတို့ မြန်မာနိုင်ငံဟာ ကြေးခေတ်၊ သံခေတ် စတဲ့ သမိုင်းအထောက်အထားတွေအပြင် ပျူခေတ်၊ ပုဂံခေတ်အထိ သမိုင်းတန်ဖိုး၊ ယဉ်ကျေးမှုလက်ရာ တန်ဖိုးများစွာ ရှိပါတယ်။ ဒါတွေရဲ့ တန်ဖိုးကို အသိအမှတ်ပြု မြှင့်တင်ပြီး ထိန်းသိမ်းစောင့်ရှောက်နိုင်ဖို့ဟာလည်း အရေးကြီးပါတယ်။ အခုလို ယူနက်စကိုရဲ့ အကူအညီပေးမှုနဲ့အတူ၊ အီတလီက ငွေကြေးထောက်ပံ့မှု၊ ပြည်တွင်း၊ ပြည်ပ ပညာရှင်များရဲ့ အားပေးကူညီမှုတွေ အားလုံးကို အထူးပင်လေးစား ကျေးဇူးတင်ပါတယ်။ ကျွန်မတို့လုပ်မယ့် ရှေ့လုပ်ငန်းစဉ်တွေကိုလည်း ဆက်လက်ကူညီသွားဖို့ မျှော်လင့်ပါတယ်” ဟု ယဉ်ကျေးမှုဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါ်စန္ဒာခင်က အစည်းအဝေးဖွင့်ပွဲ အခမ်းအနားတွင် ပြောသည်။ ကမ္ဘာ့အမွေအနှစ် ကွန်ဗင်းရှင်း၏ စနစ်များ၊ မူများဖြင့် အကောင်အထည်ဖော် ဆောင်ရွက်ရာတွင် ယဉ်ကျေးမှု အမွေအနှစ်နေရာ ဒေသများ ကာကွယ်ခြင်းနှင့် စီမံခန့်ခွဲခြင်းလုပ်ငန်း၊ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက် နည်းပညာအခြေပြု စနစ်ဖြင့် မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်ဆိုင်ရာ စီမံခန့်ခွဲမှုလုပ်ငန်း တည်ဆောက်ခြင်းနှင့် ကမ္ဘာ့အမွေအနှစ်စာရင်း အမည်တင်သွင်းမှု လုပ်ငန်းစဉ်များ ပံ့ပိုးကူညီခြင်း လုပ်ငန်းများကို အကောင်အထည်ဖော် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ယူနက်စကို (ယဉ်ကျေးမှုဌာန) မှ တာဝန်ခံဖြစ်သူ မစ္စတာတင်ကာလ်တစ်က အခမ်းအနားတွင် ပြောသည်။ အလားတူ မြန်မာ့ယဉ်ကျေးမှု အမွေအနှစ်များ ကာကွယ်စောင့်ရှောက် ထိန်းသိမ်းရေးအတွက် လုပ်ငန်းစွမ်းရည် မြှင့်တင်ရေး လုပ်ငန်းစီမံချက်များကိုလည်း ဆောင်ရွက်သွားမည် ဖြစ်သလို တစ်ပြိုင်တည်းမှာပင် ကာကွယ်ထိန်းသိမ်းရေး လုပ်ငန်းများကိုလည်း ဆောင်ရွက်သွားမည်ဖြစ်ရာ လုပ်ငန်းတွင် ပါဝင်သူများအနေဖြင့် လက်တွေ့လေ့ကျင့်မှုများ ရရှိမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ “ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းဝင်ဖို့အတွက် Expert meeting ၊ ပညာရှင်အဆင့် ဆွေးနွေးပွဲတွေလုပ်ဖို့ ရှိတယ်။ ရှေးဟောင်းသုတေသန တူးဖော်ရေးပညာရှင်တွေ၊ ထိန်းသိမ်းရေး ပညာရှင်တွေအတွက် စွမ်းရည်မြှင့်တင်ရေး သင်တန်းသုံးကြိမ်၊ ပထဝီဝင်ဆိုင်ရာ သတင်းအချက်အလက် နည်းပညာအခြေပြုစနစ် (GPS) ပညာနဲ့ ပတ်သက်တဲ့ သင်တန်း သုံးကြိမ်စီ ပေးသွားမယ်။ ကမ္ဘာ့အမွေအနှစ် စာရင်းမှာ သရေခေတ္တရာ၊ ဗိဿနိုးနဲ့ ဟန်လင်းဒေသတွေ ပါဝင်ဖို့ဖြစ်တဲ့အတွက် ဒီဒေသတွေမှာ ထိန်းသိမ်းရေးလုပ်ငန်းတွေ လုပ်ဆောင်သွားမှာပါ” ဟု ကော်မတီဥက္ကဋ္ဌ ဦးဆန်းဝင်းက ပြောသည်။ ကမ္ဘာ့ယဉ်ကျေးမှု အမွေအနှစ် စာရင်းတွင် ပါဝင်နိုင်ရေးအတွက် အဆိုပါ စီမံကိန်းသုံးခုကို ၂၀၁၂-၁၃ ခုနှစ်အတွင်း ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ၄င်းက ပြောသည်။ ၁၉၉၄ ဧပြီလတွင် မြန်မာနိုင်ငံက ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး သဘောတူညီမှုစာချုပ် (World Heritage Convention) ကို ပါဝင်လက်မှတ်ရေးထိုးခဲ့သည်။ ပျူရှေးဟောင်းမြို့များသည် မြန်မာနိုင်ငံ၏ အရေးပါထင်ရှားသည့် ယဉ်ကျေးမှု အမွေအနှစ် နေရာဒေသများဖြစ်၍ လွန်ခဲ့သော နှစ်ပေါင်းနှစ်ထောင်ခန့်ကာလ ရှေးပျူတို့ အခြေချနေထိုင်သည့် အထောက်အထားများကိုလည်း ထိန်းသိမ်းထားလျက်ရှိပါသည်။
 

No comments:

Post a Comment