ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, May 23, 2012

ရေအောက်ဥမင်လမ်း အပါအဝင် ရန်ကုန်တွင် မြစ်ကူးတံတားလေးစင်း ကန်ဒေါ်လာသန်း ၁၀၀ ခန့် အကုန်အကျခံ တည်ဆောက်မည်



From : ခေတ်လူငယ်


ရန်ကုန်မြစ်ကူး ရေအောက်ဥမင်လမ်း အပါအဝင် မြစ်ကူးတံတားလေးစင်းကို ရန်ကုန်တွင် ကန်ဒေါ်လာသန်း ၁၀၀နီးပါးအကုန်အကျခံကာတည်ဆောက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်း အမှုဆောင်အင်ဂျင်နီယာ ဦးသက်ဇော်ဝင်းက ထုတ်ဖော်ပြာကြားသည်။ အဆိုပါ မြစ်ကူးတံတားများမှာ ဒလရေအောက်ဥမင် (ရန်ကုန်-ဒလ-တွံတေး-ကော့မှူး-ဖျာပုံ-ဘိုကလေးလမ်း)၊ လှိုင်မြစ်ကူးတံတား (ကြည့်မြင်တိုင်-အေးရွာလမ်း)၊ ဘုရင့်နောင် တံတားအမှတ်-၂ (ရန်ကုန်-ပုသိမ်လမ်း)၊ ဝါးတစ်ရာတံတား (ထန်းတစ်ပင်-မှော်ဘီလမ်း) တို့ ဖြစ်ကြောင်း သိရသည်။ အထက်ပါ တံတားတည်ဆောက်ရေးများနှင့် ပတ်သက်၍ မေ ၁၅ ရက်မှ ၁၉ ရက်အထိ ကျင်းပသော ပဉ္စမအကြိမ်မြောက် မြန်မာ့စီးပွားရေးညီလာခံ (၂၀၁၂) တွင် ဦးသက်ဇော်ဝင်းက ယင်းတင်သွင်းဖတ်ကြားသော မြန်မာ့လမ်းတံတား ဖွံ့ဖြိုးရေးစာတမ်းတွင် ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်သည်။ အဆိုပါ စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့သော မြန်မာစီးပွားရေးလုပ်ငန်းရှင်တစ်ဦးက “တွေ့လိုက်ရတဲ့ တံတားတွေလုပ်မယ့် နေရာတွေက မဆိုးပါဘူး။ ဒလဆို ဖြစ်သင့်နေတာ ကြာပါပြီ။ ကြည့်မြင်တိုင်ဘက်ကနေ အေးရွာဘက်ကို ထိုးမယ့်တံတားကျတော့လဲ ရန်ကုန်တစ်ဖက်ကမ်း ဖွံ့ဖြိုးရေးအတွက် လိုအပ်မယ် ထင်ပါတယ်။ အခုဆို ရန်ကုန်မြို့က လူဦးရေထူထပ်လွန်းနေပြီ။ နေလို့ထိုင်လို့ မကောင်းတော့ဘူး။ ဒီတော့ ဟိုဘက်ကမ်းတွေပါ ဖွံ့ဖြိုးလာမယ်၊ သွားရေးလာရေးလဲ ကောင်းလာမယ်ဆိုရင် အဲဒီပြဿနာတွေတော့ အထိုက်အလျောက် ပြေလည်မှာပေါ့” ဟု ပြောသည်။ ဦးသက်ဇော်ဝင်း၏ စာတမ်းအရ ဒလရေအောက်ဥမင်သည် နှစ်လမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ သန်း ၅၀ (ချဉ်းကပ်လမ်းအပါအဝင် အရှည်မီတာ ၆၂၅၆)၊ လှိုင်မြစ်ကူးတံတားသည် လေးလမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၁၅ သန်း(ချဉ်းကပ်လမ်းအပါအဝင် အရှည်မီတာ ၁၂၀၀)၊ ဘုရင်နော့င် တံတားအမှတ်(၂)သည် ခြောက်လမ်းသွားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၂၅ သန်း (ချဉ်းကပ်အပါအဝင် အရှည်မီတာ ၁၂၀၀)၊ ဝါးတစ်ရာတံတားသည် ကြိုးတံတားဖြစ်ကာ တန်ဖိုး ကန်ဒေါ်လာ ၆ သန်း(ချဉ်းကပ်အပါအဝင် အရှည်မီတာ ၇၀၀) တို့ဖြစ်ကြောင်း သိရသည်။ မြစ်ကူးတံတား လေးစင်းတည်ဆောက်မည် ဆိုခြင်းနှင့်ပတ်သက်၍ ပဉ္စမအကြိမ် စီးပွားရေးညီလာခံသို့ တက်ရောက်ခဲ့သည့် စီးပွားရေးလုပ်ငန်းရှင် တစ်ဦးက “အခုတံတားလေးစင်းက ဆောက်လုပ်ရေးဝန်ကြီးဌာနက သူ့ဘတ်ဂျက်နဲ့သူ ဆောက်မှာလဲ ဖြစ်ရင်ဖြစ်မှာပေါ့။ ဂျပန်ကပေးမယ့် အိုဒီအေထဲမှာ ရန်ကုန်မြို့ဖွံ့ဖြိုးရေးအတွက်လဲ ပါတယ်လို့ ကြားထားတယ်လေ။ ဒါနဲ့လဲ လုပ်မှာဖြစ်ရင် ဖြစ်မှာပေါ့” ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment