ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, September 19, 2012

မျိုးစပါးနှင့် အကူအညီ အချိန်မီမရောက်သဖြင့် လယ်ပြန်မစိုက်နိုင်



ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းအတွင်း ရေကြီးနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးခင်းတွေကို ပြန် စိုက်ပျိုးဖို့ မျိုးစပါးနဲ့ အကူညီတွေ အချိန်မီ မရောက်တဲ့အတွက် လယ်သမားတွေ အခက်အခဲဖြစ်နေကြ ပါတယ်။
ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က သမ္မတ ဦးသိန်းစိန် ဧရာဝတီတိုင်း ကျောင်းကုန်းမြို့ကို သွားရောက်ခဲ့ပြီး ဧရာဝတီတိုင်းအတွင်း ရေနစ်မြုပ်မှုကြောင့် ပျက်စီးသွားတဲ့ စပါးခင်း ပြန် စိုက်နိုင်ရေး မျိုးစပါး တင်း ၈ သောင်းကျော်ကို တိုင်းအစိုးရအဖွဲ့ဆီကို ပေးအပ်ခဲ့ပါတယ်။
ဒါပေမယ့် မျိုးစပါး အချိန်မီမရောက်တဲ့အတွက်
စပါးပြန်မစိုက်နိုင်တော့ဘူးလို့ ကျောင်းကုန်းမြို့နယ်က လယ်သမားတွေက ပြောပါတယ်။
ငွေးကြေးတတ်နိုင်တဲ့သူတွေက  မျိုးစပါးကို ၀ယ်ယူစိုက်ပျိုးနိုင်ကြပေမယ့် အများစုက မ၀ယ်ယူနိုင်တဲ့အတွက် ကျောင်းကုန်းမြို့နယ်က လယ်ဧက ၁ သောင်းကျော် စပါး ပြန်စိုက်နိုင်တော့ မှာ မဟုတ်ဘူးလို့ ကျောင်းကုန်းမြို့နယ် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးသိန်းဟန် က ပြောပါတယ်။
“လယ်သမားတွေ အလိုအပ်ဆုံးဖြစ်နေတဲ့ မျိုးစပါးက ဒီနေ့အထိ လက်ဝယ်တော့ မရောက်သေးဘူး။ မနေ့ကတော့ ကမ်းနားမှာ ၁၀ ဘီးကားနဲ့ မျိုးစပါးတွေရောက်လာတယ်လို့ ကြားတယ်။ သို့သော်လည်း ဒီရက်မှာ လုပ်ငန်းစမယ်ဆိုရင် လုံးဝ အောင်ရေမရတဲ့အတွက် စိုက်လို့မရတော့ဘူး။ တအားနောက်ကျနေပြီ။ လွန်ခဲ့တဲ့ ၁၂ ရက်လောက်ကတတည်းက စလုပ်ဖို့ အခြေအနေပေးတယ်။ သို့သော်လည်း ဒါကိုစောင့်နေတဲ့ လယ်သမားတွေ မဖြစ်တော့ဘူး။ ရှိတဲ့လယ်သမားကတော့ ၁ တင်းကို ၄ ထောင်ကနေ ၆ ထောင်အထိ ၀ယ်ပြီး တွက်ကြပါတယ်။ စိုက်လို့မရတဲ့လယ်ဧက အနည်းဆုံး ၁ သောင်းအထက် ရှိမယ်။ မစိုက်ဘဲစောင့်နေတာ။ စိုက်မရတော့ရင် ပဲ ပဲစိုက်ဖို့ စောင့်တော့မယ်။ ပဲကတော့ နောက် ၁ လဆို စိုက်တော့မယ်။ စပါးကတော့ မမီတော့ဘူး။”
ပြန်စိုက်လို့မရတော့တဲ့ လယ်သမားတွေအနေနဲ့ မတ်ပဲနဲ့ ပဲတီစိမ်းကိုသာ စိုက်ပျိုးဖို့ ပြင်ဆင်နေကြ ပါတယ်။ လာမယ့် ၁ လကျော်ဆိုရင် ပဲစိုက်ပျိုးနိုင်တော့မယ်လို့ ဆိုပါတယ်။
လယ်သမားတွေအနေနဲ့ စပါးပြန်စိုက်လို့ မရတော့ဘူးဆိုရင် ဘဏ်ချေးငွေကို ပြန်ဆပ်ဖို့ အခက်အခဲတွေ့လာမှာဖြစ်တဲ့အတွက် ဒီချေးငွေကို ဆိုင်းငံ့ပေးဖို့ လယ်သမားတွေ လိုလားနေကြ တယ်လို့ ဦးသိန်းဟန်က ပြောပါတယ်။
ပဲခူတိုင်းအတွင်း ရေဘေးကြုံခဲ့ရတဲ့ သနပ္ပင်၊ ဝေါ နဲ့ က၀ မြို့နယ်တွေအတွက် ပျက်စီးသွားတဲ့ စပါးခင်းတွေအတွက် သမ္မတက သိန်း ၃ ထောင်ကျော် ချပေးခဲ့ပါတယ်။
စပါးပျက်စီးသွားတဲ့ တောင်သူတွေကတော့  ထောက်ပံ့ကြေးအားဖြင့် တဧက ၅၀၀၀ အပြင် စပါး ၁ တင်းခွဲကို တိုင်းဒေသကြီးအစိုးရက ချပေးထားပါတယ်။ ဒါပေမယ့် လယ်သမားတွေက ချပေးထားတဲ့အတိုင်း မရဘူးလို့ က၀မြို့နယ် အဖွဲ့ချုပ်ဥက္ကဋ္ဌ ဦးမျိုးခိုင်က ပြောပါတယ်။
“ပထမ အထောက်အပံ့က တိုင်းဒေသကြီးကပေးတယ်။ ဒါပေမယ့် ပြဿနာ နည်းနည်းရှိတယ်။ လယ်ယာမြေပျက်စီးဆင်းရဲနေရင် ရေအောက်ကတင်ပေးတာပေါ့။ ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးမှူးတွေက တင်ပေးတဲ့အခါ တင်ပေးတဲ့အတိုင်း မရဘူး တ၀က်လောက်၊ ၃ ချိုး ၁ ချိုးပဲ ရတယ်။ ပထမ တိုင်းဒေသကြီးက ပြောတာ ထောက်ပံ့ကြေး ၁ ဧကကို ၅ ထောင်၊ စိုက်မယ့်လယ်အတွက်ဆိုရင် မျိုးစပါး ၁ တင်းခွဲ။ ဒါပေမယ့် ၁ ဧကကို ၅ ထောင်မရကြဘူး။ ကလေးရွာတို့ဆို ၁၇၀၀ နှုန်းပဲရကြတယ်။ ဘာလို့လဲဆို စုံစမ်းသိရသလောက်ဆိုရင် ပျက်စီးစာရင်းကို မြို့နယ်မြေစာရင်းဌာနက တာဝန်ယူကောက်ခံပေးရတယ်တဲ့။ ကြေးတိုင်နဲ့မြေစာရင်းက ၀န်ထမ်းတွေက အောက်ခြေအဆင့်ထိ ဆင်းကောက်တာ အားနည်းတယ်ပြောတယ်။”
အလားတူ သနပ္ပင်မြို့နယ်မှာလည်း တချို့ကျေးရွာအုပ်ချုပ်ရေးမှူးတွေက သူတို့ပေးချင်တဲ့ လယ်သမားတွေကိုပဲ ထောက်ပံ့ကြေး ငွေတွေပေးပြီး မရတဲ့သူတွေအနေနဲ့က လယ်ပြန်စိုက်ရေးမှာ အခက်အခဲဖြစ်တယ်လို့ သနပ္ပင်မြို့နယ် အောက်သကဲ့ရွာက လယ်သူ ဒေါ်ဝင်းမာက ပြောပါတယ်။
“ဧက ပျက်စီးတိုင်းမရဘူး။ ပေးချင်တဲ့သူပေးတယ်။ သူတို့ မပေးချင်တဲ့သူ မပေးဘူး။ ကျမတို့ လယ်သမားအစစ်တွေကျ မခံနိုင်ဘူးလေ။ ကျမတို့လည်း အပိုင် ဧက ၂၀ ကျော် ရှိတယ်။ ထောက်ပံ့ကြေးလည်း မရဘူး။ အခုပြေးလို့လည်းမရဘူး။ ရေက ခါးလောက်ထိ ရှိတယ်လေ။ ကျမှပြေးရင်လည်း ရေနဲ့အလှမ်းဝေးနေတော့ ဘယ်လိုမှမဖြစ်နိုင်ဘူး။  လယ်သမား ၁ ဦးကို ၁ သောင်း ၇ ထောင်၊ ၁ သောင်းခွဲ၊ ၁ သောင်း ဒါပဲပေးတယ်။ ကျေးရွာဥက္ကဋ္ဌအနေနဲ့ လုပ်ရမှာက ရပ်မိရပ်ဖ ၁၀ ယောက် လောက်ခေါ်၊ လယ်ဧက ဘယ်လောက်လောက်ရှိတယ်၊ ၁ ယောက်ကို ဘယ်လောက်နှုန်းကျတယ်။ ဘယ်လိုလုပ်သင့်တယ် ဒီလိုလုပ်ရမှာပေါ့။ ဒီလိုမဟုတ်ဘဲနဲ့ သူပေးချင်ရင်ပေးတယ်၊ မပေးချင်ရင် လုံးလုံး မပေးဘူး။”
ပြီးခဲ့တဲ့ ဇူလိုင်လကုန်ပိုင်းကနေ ဩဂုတ်လလယ်ပိုင်းလောက်အထိ ဧရာဝတီတိုင်းနဲ့ ပဲခူးတိုင်းတွေမှာ ရေကြီးရေလျှံမှုကြောင့် လယ်ဧက သိန်းချီ ပျက်စီးခဲ့ပါတယ်။ ပျက်စီးသွားတဲ့ လယ်မြေစပါးအတွက် သမ္မတက ပြီးခဲ့တဲ့ ဩဂုတ်လ ၂၄ ရက်နေ့က အကူအညီတွေ ချပေးခဲ့တာဖြစ်ပါတယ်။
from - DVB

No comments:

Post a Comment