ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, April 25, 2012

အစစ်အမှန် ရဟန်းခံမှာလား၊ ဘာသာရေးခုတုံးလုပ်ပြီး နိုင်ငံရေးလုပ်ကြမှာလား


၈၈ မျိုးဆက် ကျောင်းသားများ အဖွဲ့နှင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂ (ဗကသ)မှ ကျောင်းသား များ ရွှေည၀ါဆရာတော်ထံမှာ ဒုလ္လဘ ရဟန်းခံမည်…ဆိုတဲ့ သတင်း ဖတ်လိုက်ရပါတယ်။ ဒီသတင်း ဖတ်ကြည့်ပြီးတော့ စိတ်ထဲမှာ ပြောချင်စရာတွေ ပေါ်လာပါတယ်။

 ပြောချင်တာက (၈၈)ကျောင်းသားများအဖွဲ့ ဆိုတဲ့အဖွဲ့ကို… ဒီအဖွဲ့က ဘာတွေ လျှောက်လုပ်နေတာလဲ မေးရမလိုဖြစ်နေပြီ။ ၈၈ ကျောင်းသားတွေကို လေးစားပါတယ်။ ကျွန်တော်လဲ ကျောင်းသားသမဂ္ဂ၀င် တစ်ယောက်ပါ။ ကချင်ပြည်မှာရှိတဲ့ ဒုက္ခရောက်နေတဲ့သူတွေကို သွားတွေ့တာ၊ အကူအညီ ပေးတာ ပြောရယင် အများကောင်းကျိုး လုပ်ပေးနေတာတွေ ကောင်းပါတယ်။ ဒါပေမဲ့ သည့်ထက်ပိုပြီး ထဲထဲ ၀င်ဝင် နိုင်ငံအကျိုးတွေ လုပ်ဆောင်ဖို့ ဘာဖြစ်လို့ ပါတီ မထောင်တာလဲ။
ပါတီထောင် ရွေးကောက်ပွဲဝင်၊ လွှတ်တော်ထဲရောက် ၊ ပြောချင်တဲ့စကားပြော လုပ်ဖို့ပိုကောင်းတာပေါ့။ အခုဟာက ပွင့်ပွင့်လင်းလင်းပြောရယင် အစိုးရကို နေရာတကာမှာ အတိုက်အခံဖြစ်အောင်၊ လူအထင်ကြီးအောင် လုပ်ရမဲ့ အချိန်မဟုတ်ပါဘူး။ 


တကယ် ကုသိုလ်လိုချင်လို့ ရဟန်းဘောင်ဝင်မယ် ဆိုရင်တောင် နိုင်ငံတော်သံဃ မဟာနာယကအဖွဲ့က အသိအမှတ်ပြုထားတဲ့ ကျောင်းတိုက်တစ်တိုက်မှာ သွားပြီးလုပ်သင့်တာပေါ့။ ရွှေည၀ါဘုန်း တော်ကြီးဆိုတာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့က အရေးယူထားတဲ့ ဘုန်းတော်ကြီးတစ်ပါးဖြစ်ပါတယ်။ ဒီဘုန်းတော်ကြီးကို ၈၈ မျိုးဆက်သစ်ကျောင်းသား တွေကသွားပြီး ဒုက္ခပေးတဲ့ပုံစံမျိုးဖြစ်နေတော့ ကာယကံရှင် ဘုန်းတော်ကြီးလဲ ၀ိနည်းတော်နဲ့အညီ နေလို့ရမှာ မဟုတ်ဘူး။
ရွှေည၀ါဆရာတော်ဆိုတာ သက်တော်လဲကြီးပါပြီ။ ဘုန်းကြီးအလုပ် ဘုန်ကြီးလုပ်နေတာကို ၈၈မျိုးဆက်တွေက နှောင့်ယှက်တာဖြင့် မသင့်တော်ပါဘူး။ ဒီကနေ့ခေတ်မှာ အတိုက်အခံ လုပ်စရာမလိုတော့အောင် အစိုးရပိုင်းက လမ်းဖွင့်ပေးထားတာမို့  ၈၈ မျိုးဆက်တို့ ကျောင်းသားသမဂ္ဂတို့ အနေနဲ့ အမှန်တကယ်သာ ဥပ္ပသမ္ပဒကံဆောင် မြင့်မြတ်တဲ့ ရဟန်းဘ၀ ရောက်ချင်တယ်ဆိုရင် ၀ိနည်းသိက္ခာပုဒ်နဲ့ ညီတဲ့ကျောင်းတွေမှာသွားရောက် ရဟန်းပြုတာ အကောင်းဆုံးပါပဲ။



 ဒါကတကယ့် တရားဓမ္မစစ်စစ်လုပ်ချင်တယ်ဆိုရင် ပြောတာပါ။ ဒီလိုမှမဟုတ်ဘဲ ပွင့်လင်းလူ အဖွဲ့စည်းလို့လူကြားကောင်းအောင် လုပ်မဲ့နိုင်ငံရေးမျိုးတွေလုပ်ကိုင်ပြီး ဘာသာရေးကိုခုတုံးလုပ်တာဆိုရင် တော့ မသင့်တော်ပါဘူး။
ရွှေည၀ါဆရာတော်အနေဖြင့် မှော်ဘီတောရကျောင်းမှာ ၀ိနည်းနဲ့အညီ သီတင်းသုံးနေထိုင်ကျင့်ကြံမယ်လို့ သိရ ပါတယ်။ သံဃာနဲ့ မအပ်စပ်တဲ့ နိုင်ငံရေးအလုပ်ကို မလုပ်တော့ဘူးလို့ ဒကာတစ်ဦးရဲ့ပြောပြချက်အရ သိရပါတယ်။ 
၈၈ မျိုးဆက်ကျောင်းသားနဲ့ ကျောင်းသားသမဂ္ဂဟောင်းအချို့ကို ရဟန်းဘောင်ဝင်ပြီး ဘုန်းကြီးဝတ်နဲ့ နိုင်ငံရေး လှုပ်ရှားမှု လုပ်ကြမလို့လား…ရဟန်းဝတ်နဲ့ နိုင်ငံရေးလုပ်ရင် ဥပ္ပသမ္ပဒကံဆောင် မြင့်မြတ်တဲ့ ရဟန်းတော့ ဖြစ်မလာတာသေချာ ပါတယ်။ ရွှေည၀ါဆရာတော်ကို ဒုလ္လဘ ရဟန်းတွေက နိုင်ငံရေးတရားတွေ ဟောရမှာလား၊ ရွှေည၀ါဆရာတော်ကပဲ ဗုဒ္ဓ ရဲ့ အဆုံးအမ သြ၀ါဒတွေပဲ ဟောမှာလား၊ အစိုးရ မကောင်းကြောင်းတွေ ထည့်ဟောမှာလား ဆိုတာ တရားနာ ပရိသတ်ကြီး စောင့်မျှော်နေကြသေးတာပေါ့ ။

ဗုဒ္ဓဘာသာ သာသနာကို ညှိုးနွမ်းမှု မရှိစေရေး ၀ိုင်းဝန်းထိန်းသိမ်းဖို့ သံဃာတော်ထုအတွင်း သန့်ရှင်း စင်ကြယ်ရန် သံဃာမဟာနာယကအဖွဲ့ ဆရာတော်ကြီးများအား သံဃာတော်သန့်ရှင်းမှု လုပ်ဆောင်ရန် အချိန်တန်နေပြီလို့ ဗုဒ္ဓဘာသာဝင် ပြည်သူများက တောင်းဆိုနေပါပြီ…။    ။

ဖိုးသာအောင် (ပခုက္ကူ)

No comments:

Post a Comment