ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, June 05, 2012

သင့်တော်သော အချိန်ရောက်ပါက လွှတ်တော်ရှိ တပ်မတော်သား ကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းကို လျော့ချနိုင်ခြေရှိကြောင်း မြန်မာကာကွယ်ရေးဝန်ကြီး ပြောကြား


From : ခေတ်လူငယ်


နိုင်ငံတော်သမ္မတ ဦးသိန်းစိန်အစိုးရ၏ ဒီမိုကရက်တစ် ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်နေမှုများအပေါ် တပ်မတော်က ၁၀၀ ရာခိုင်နှုန်း ထောက်ခံပြီး အရပ်သားအစိုးရ၏ ညွှန်ကြားမှုများကို လိုက်နာလုပ်ဆောင်မှု ဆက်လက်လုပ်ဆောင်သွားမည်ဟု မြန်မာကာကွယ်ရေးဝန်ကြီး ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ဇွန်လ ၂ ရက်နေ့တွင် ပြောကြားခဲ့သည်။ မြန်မာနိုင်ငံ အသွင်ကူးပြောင်းရေးနှင့် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အချိန်ယူရမည်ဖြစ်ပြီး သင့်တော်သော အချိန်တစ်ခုသို့ ရောက်ပါက ၂၀၀၈ ခုနှစ်၊ အခြေခံဥပဒေအရ လွှတ်တော်ထဲသို့ ရောက်နေသော တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်း အရေအတွက်ကို လျော့ချနိုင်ခြေ ရှိသည်ဟု ဒုတိယဗိုလ်ချုပ်ကြီးလှမင်းက ပြောကြားခဲ့သည်။ ကာကွယ်ရေးဝန်ကြီးသည် စင်ကာပူတွင် နှစ်စဉ်ပြုလုပ်လေ့ရှိသော အာရှလုံခြုံရေးဆိုင်ရာ ရှန်ဂရီလာ ဆွေးနွေးပွဲသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်လာပါက တပ်မတော်သည် နိုင်ငံရေးအခန်းကဏ္ဍတွင် ပါဝင်မှု လျော့ချမည်ဟု စကားပြန်တစ်ဦးမှတစ်ဆင့် ပြော ကြားခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ ထို့ပြင် မြန်မာအစိုးရသစ်သည် နျူကလီးယား သုတေသနစီမံကိန်းကိုလည်း ရပ်ဆိုင်းထားကြောင်းနှင့် အနာဂတ်တွင် ရှေ့တိုးလုပ်ဆောင်ရန် အစီအစဉ်မရှိကြောင်း ဆက်လက်ပြောကြားခဲ့သည်။ မြန်မာသည် ယူရေနီယမ်သန့်စင်မှု နည်းပညာကို မြောက်ကိုရီးယားထံမှရရှိခဲ့ကြောင်း ပြီးခဲ့သော နှစ်နှစ်ခန့်က သတင်းထွက်ပေါ်ခဲ့သည်။ ယင်းစီမံကိန်းသည် ကာကွယ်ရေးအတွက်၊ လက်နက်စီမံကိန်းအတွက် မဟုတ်ကြောင်းကို ယခင်က ရှင်းရှင်းလင်းလင်း ပြောကြားခဲ့ပြီးဖြစ်ကြောင်း၊ သုတေသနအတွက်သာ ရည်ရွယ်ခဲ့ခြင်းဖြစ်ကြောင်း၊ မြန်မာနျူကလီးယားစီမံကိန်း တိုးတက်မှု ရှိနေသည်ဆိုခြင်းမှာ ချဲ့ကားဖော်ပြနေခြင်းသာဖြစ်ကြောင်း ၎င်းကပြောကြားခဲ့သည်။ နျူကလီးယားစီမံကိန်းနှင့် ပတ်သက်၍ အပြည်ပြည်ဆိုင်ရာ အဏုမြူစွမ်းအင်အေဂျင်စီ (IAEA) ကို မြန်မာနိုင်ငံသို့ လာရောက်ခွင့်ပြုရေးနှင့်ပတ်သက်၍ မြန်မာနိုင်ငံတွင် စစ်ဆေးစရာ၊ ကြည့်ရှုစရာ ဘာမှမရှိကြောင်း ပြောကြားခဲ့သည်။ မြန်မာသည် ယခင်က မြောက်ကိုရီးယားနှင့် နိုင်ငံရေး၊ စစ်ရေး ဆက်ဆံရေးရှိခဲ့သော်လည်း မိမိတို့၏ ပွင့်လင်းပြီး ပြုပြင်ပြောင်းလဲရေး ဆောင်ရွက်ချက်များကြောင့် မြောက်ကိုရီးယားနှင့် ယင်းကဲ့သို့ ဆက်ဆံရေးများကို ရပ်ဆိုင်းခဲ့ပြီး ပုံမှန်ဆက်ဆံရေးသာ ရှိတော့ ကြောင်း သိရှိရသည်။
 

No comments:

Post a Comment