ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 29, 2012

တိုင်းရဲတပ်ဖွဲ့မှူးရုံး မှုခင်းသတင်းထုတ်ပြန်မှု ရပ်ဆိုင်း


From : ခင်ဇော်

ရန်ကုန်တိုင်းဒေသကြီးအတွင်း နေ့စဉ်ဖြစ်ပွားနေသော မှုခင်းသတင်းအချက်အလက်များကို ပြည်တွင်းမီဒီယာများသို့ ပုံမှန် ထုတ်ပြန်ပေးလျက်ရှိသော်လည်း အွန်လိုင်း သတင်းဌာနတစ်ခု၏ အင်တာနက်စာမျက်နှာတွင် ဖော်ပြထားသော မှုခင်းသတင်းကြောင့် ဇူလိုင်လ ၂၅ ရက်နေ့မှစ၍ သတင်းထုတ်ပြန်မှု ရပ်ဆိုင်းလိုက်ကြောင်း ယင်းတိုင်းဒေသကြီးရဲ တပ်ဖွဲ့မှူးရုံးထံမှ သိရသည်။ သန်လျင် ရဲတပ်ဖွဲ့စခန်းမှ အချုပ်သား နှစ်ဦး အမိုးဖောက် ထွက်ပြေးသည့် သတင်းနှင့်ပတ်သက်၍ အဆိုပါ သတင်းဌာနကို ပြောကြားခြင်းမရှိသော်လည်း ရဲတပ်ဖွဲ့မှူး ရုံးတာဝန်ရှိသူတစ်ဦး၏ အမည်နှင့် ရာထူးကို သုံးစွဲဖော်ပြ ရေးသားခဲ့သောကြောင့် အပတ်စဉ် လာရောက် သတင်းရယူသူ ပြည်တွင်းသတင်းထောက် အားလုံးကို သတင်းထုတ်ပြန်မှု ရပ်ဆိုင်းလိုက်ခြင်းဖြစ်ကြောင်း ယင်းတာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ ရန်ကုန်တိုင်းရဲတပ်ဖွဲ့မှူးရုံးမှ သတင်းထုတ်ပြန်ပေးရေးတွင် သတင်းလာရောက်ရယူသော သတင်းထောက်အမည်၊ သတင်းဌာနနှင့် ရယူသောသတင်းတို့ကို မှတ်တမ်းတင်ထားရှိကြောင်း၊ အဆိုပါ သတင်းကို ယင်းသတင်းဌာနအမည်ဖြင့် မည်သည့် သတင်းထောက်မျှ တရားဝင် လာရောက်ရယူခြင်း မရှိခဲ့ကြောင်း ရန်ကုန်တိုင်းရဲဖွဲ့မှူးရုံး တာဝန်ရှိသူတစ်ဦးက ပြောကြားသည်။ အဆိုပါ သတင်းထုတ်ပြန်မှု ရုပ်သိမ်းလိုက်ခြင်းနှင့် ပတ်သက်၍ သတင်းတစ်ပုဒ် ခိုင်မာစေရန် လိုအပ်ပါက သတင်းပေးသူ၏ အမည်နာမနှင့် တာဝန်ကို ဖော်ပြရန်လိုအပ်ကြောင်း၊ သတင်းရေးသားသူနှင့် သတင်းပေးသူ ကာယကံရှင်က အမည်နာမ မထည့်ရန် ကြိုတင်သဘောတူညီချက်ရှိပါက မရေးသားရန် လိုအပ်ကြောင်း၊ ယင်းအခြေခံမှာ ဂျာနယ်နှင့် မီဒီယာများ၏ သဘောသဘာဝဖြစ်ကြောင်း Yangon Media Group ၏ဥက္ကဋ္ဌ ဦးကိုကိုက ပြောကြားသည်။ “ဒီလိုလုပ်ခြင်းအားဖြင့် ဒီမိုကရေစီနိုင်ငံတွေရဲ့ အခြေခံမီဒီယာ အခွင့်အရေး၊ ရပိုင်ခွင့်၊ ထုတ်ဝေပိုင်ခွင့်၊ သတင်းရေးသားခွင့်၊ ဖြန့်ချိပိုင်ခွင့်ကို ပိတ်ပင်လိုက်တဲ့ သဘောလိုဖြစ်နေတယ်” ဟု ၎င်းက ရှင်းပြသည်။ မီဒီယာတစ်ခု၏ ရေးသားမှုနှင့်ပတ်သက်၍ မီဒီယာ A က ကျူးလွန်ပါက မီဒီယာ A ကိုသာ အရေးယူသင့်ကြောင်း၊ မီဒီယာ အသိုင်းအဝိုင်းတစ်ခုလုံး အရေးယူတာမျိုး မဖြစ်သင့်ကြောင်း၊ မြန်မာနိုင်ငံ သတင်းစာဆရာများ၊ သတင်းဖြစ်မြောက်ရေး စည်းရုံးရေး အဖွဲ့ဝင်လည်းဖြစ်သူ ဦးကိုကိုက ထပ်လောင်းပြောကြားသည်။ အဆိုပါ ကိစ္စနှင့် ပတ်သက်၍ သက်ဆိုင်ရာ မီဒီယာသို့ ဆက်သွယ်မေးမြန်းခဲ့ရာတွင် အဆိုပါသတင်း မည်ကဲ့သို့ ရယူခဲ့သည်ကို မကြာမီ သတင်းထုတ်ပြန်ပေးသွားမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

No comments:

Post a Comment