ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 29, 2012

ပွင့်ဖြူ (သမန်းရင်ရွာ) လူသတ်မှု သစ်ထူးလွင် ဘာလဲ ဘယ်လဲ


From : john teera

သတင်းထူး သတင်းဦးလေးတွေ ဖတ်ရလို့ သစ်ထူးလွင်ကို အားပေးခဲ့တာကြာပြီ၊ အချို့ သတင်းတွေဆိုရင် တော်တော်မြန်တယ်၊ ဒါပေမယ့် တဖြေးဖြေးသံသယဖြစ်လာမိတာက သူဖော်ပြထားတာတွေက အာဃာတ တရား ကြီးထွားရေး၊ အမုန်းပွားရေး တွေကို ဇောင်းပေး ရေးသားတာကိုပဲဗျ၊ အမြဲ ဆူဆူပူပူ ဖြစ်စေချင် နေတော့တာပဲလား မသိပါဘူး၊ အဲဒီလို သံသယ ရှိပေမယ့်လဲ ဆက်ပြီးတော့ အားပေးနေစဲပါ၊ အပြောင်း အလဲကို လိုချင်တယ်၊ အစိုးရ မဟုတ်တာလုပ်ရင် အရေးယူစေချင်တယ်၊ တိုင်းရင်းသားတွေ သင့်မြတ် စေချင်တယ်၊ ဘယ်ပါတီတွေ ဘာတွေမှ အစွဲ မထားဘူး အားလုံးကောင်းအောင် လုပ်ရင်ကြိုက်တယ်၊ သင့်သင့် မြတ်မြတ်နဲ့ နိုင်ငံကောင်းအောင် လုပ်ကြ စေချင်တယ် ဒီနေ့ သစ်ထူးလွင် ၀င်ကြည့်ဖြစ်တယ် အတော်လေးကို စိတ်ဆင်းရဲသွားတယ်၊ ကြံ့ဖွံ့ တွေက NLD အဖွဲ့ ၀င်တစ်ဦးကို ၀ိုင်းပြီးသတ်ဖြတ်လိုက်တယ်တဲ့၊ ဘာကြောင့် ဖြစ်နေကြတာလဲ၊ ကြံ့ဖွံ့ (၈)ယောက်က NLD တစ်ဦးကို ဓါးမျိုးစုံဖြင့် ၀ိုင်းခုတ်ကြလို့ နေရာမှာတင် သေးဆုံးသွားတယ်တဲ့၊ နောက်ထပ် သတင်း တစ်ပုဒ် မှာတော့ လှည်းနဲ့ဆေးရုံကို လိုက်ပို့ရင်းနဲ့ လမ်းမှာသေဆုံးတယ်တဲ့ ၊ ဒီနှစ်ခုကိုဖတ်ပြီးတော့ စိတ်ထဲမှာ မရှင်းမရှင်းပဲ၊ ဒီလောက်တောင်ပဲလားပေါ့ ။ ကြံ့ဖွံတွေ အတော်မိုက်ရိုင်းတာပဲလို့ တွေးမိတယ်၊ ထားပါတော့လေ ဆိုပြီးတော့ပဲ စဉ်းစားတာ ရပ်လိုက်တော့တယ်။
ကံအားလျော်စွာပဲ ပွင့်ဖြူဘက်ကမိတ်ဆွေက ဖုန်းဆက်လာတော့ စကားမစပ်မေးမိတယ်၊ ခင်ဗျား အဲဒါ သိလား တော်တော် ဥပဒေမဲ့ဆန်တာပဲဗျာလို့ပြောတော့၊ အဲဒီလိုတော့ မဟုတ်ဘူးဗျဆိုပြီး အဖြစ်မှန် ပြောပြတယ်။
ပွင့်ဖြူ၊ သမန်းရင်းရွာ လူသတ်မှု ဖြစ်ရပ်မှန်
ဇူလိုင်(၂၅)ရက်နေ့ မနက်(၁၀း၃၀)လောက်မှာ ဖြစ်ခဲ့တာဗျ၊ ရွာမြောက်ဘက်က ဦးလက္ခဏ ကျောင်းတိုက် ဆောက်လုပ်နေတဲ့နေရာကနေ ဦးရဲဝင်းနဲ့ ဦးကြည်မောင် ပြန်လာကြတာ၊ လမ်းမှာ ကိုဝင်းမော်ရယ် သမုန်းကုန်းက ကိုထွန်းထွန်းရယ် နှစ်ယောက်နဲ့ဆုံကြတယ်တဲ့ဗျ။ သေသူ ဦးရဲဝင်းကလည်း ဒီရွာက ဥက္ကဌဟောင်းလေ၊ သူဥက္ကဌ လုပ်တုန်းက ကိုဝင်းမော်က ရာအိမ်မှူး၊ ပြီးတော့ ကိုဝင်းမော်က ဥက္ကဌ ဖြစ်လာတယ်၊ သူတို့က အပြန်အလှန် တိုင်လိုက် တောလိုက်နဲ့ သံသရာလည်နေတာကြာပြီဗျ၊ အခုလည်း မီးလင်းရေးလုပ်နေတာနဲ့ပတ်သက်ပြီးတော့ ပြဿနာတတ်နေကြမယ်ကြားတယ်၊ အခုကြတော့ ကိုဝင်းမော်ကကြံ့ဖွံ့ရောက်သွားပြီ အုပ်ချုပ်ရေးမှူးမဟုတ်တော့ဘူး ပါလာတဲ့ ကိုထွန်းထွန်းကလည်း ကြံ့ဖွံ့ပဲ၊ ပြီးတော့ ဦးရဲဝင်းကလည်း ကြံ့ဖွံ့ပါတီဝင်ခွင့်တင်ထားတယ်တဲ့၊ ၂၀၁၀ တုန်းကတော့ ကြံ့ဖွံ့ရဲ့အမာခံ သမန်းရင်းအုပ်စု အောင်နိုင်ရေးအဖွဲ့ဝင်ပဲဗျ၊ သူတို့ အားလုံးက စီးပွားရေးက စိုက်ပျိုးရေး အဓိကပဲ၊ ဘာတွေလဲသိပါဘူးဗျာ ရှုပ်နေတာပဲ၊ ဒါပေမယ့် ခင်ဗျားပြောသလို ကြံ့ဖွံ့တွေက NLD တစ်ဦးကို ၀ိုင်းပြီတော့ သတ်ဖြတ်တာတော့ မဟုတ်ပါဘူးဗျ၊ ဖြစ်တဲ့နေရာမှာ ကြံ့ဖွံ့က နှစ်ယောက်ရှိတယ်၊ ပြီးတော့ ဦးရဲဝင်းနဲ့ အတူပါလာတဲ့ ဦးကြည်မောင်ကလည်း မသေပဲကျန်ခဲ့တာပဲလေ။ သူကပြောတာတော့ ၀င်းမော်က ၀င်ခုတ်တာ ခေါင်းရယ်၊ ဇက်ပိုးရယ်၊ လက်တစ်ဖက်ရယ် တော်တော်ဆိုးဆိုးရွားရွားကို ထိသွားတယ်၊ ထွန်းထွန်းကတော့ (၁၅)ကိုက်လောက် အကွာကနေ ကြောင်ပြီးတော့ ကြည့်နေတယ် ၀င်ပြီးခုတ်တာမရှိဘူးလို့ ပြန်ပြောပြတယ်။ ပြီးတော့ ထွက်ပြေးသွားကြတယ်။ အဲဒီအနီးနားက လယ်ကွင်းတွေထဲကလူတွေလဲမြင်တယ်၊ သူတို့ကပဲ ဆေးရုံကို လှည်းနဲ့ လိုက်ပို့တာ သရက်ကုန်းရွာ အရှေ့ဘက်နားရောက်တော့ သေသွားတယ်။ ကျန်တဲ့သူတွေက စခန်းမှာ တိုင်ချက်ဖွင့် တော့ တာဝန်ကျရဲတွေက လိုက်ပြီးအမှုဖွင့်ဖို့နဲ့ တရားခံဖမ်းဖို့လိုက်လုပ်ပေးကြတယ်၊ အဲဒီနေ့ည (၀၈း၃၀)လောက်မှာပဲ ကိုဝင်းမော်ရယ် ကိုထွန်းထွန်းရယ် ပွင့်ဖြူမြို့နယ်ရဲစခန်းမှာ လာအဖမ်းခံကြတယ်။ သူတို့က အရင်ကတည်းက အပြန် အလှန်ရန်ရှာနေကြတာတဲ့ဗျ၊ ခင်ဗျားပြောသလိုကြီးတော့မဟုတ်ပါဘူး။ အမှုမှာလိုက်ပါဆောင်ရွက်နေသူတစ်ဦးက ရှင်းလင်းပြချက်ကို၊ မိတ်ဆွေကတဆင့်သိရှိရခြင်းဖြစ်ပါတယ်။
အမှတ်တမဲ့ကြည့်ရင်ပါတီအချင်းချင်းတွေ သတ်ဖြတ်နေသလိုပဲဗျာ၊ ဖြစ်စဉ်က သူတို့လူမှုရေး ပြဿနာပဲ၊ ဒါမျိုး ရန်မီးမွှေးပေးတာ၊ တိုက်ပေးတာမျိုးတော့ မလုပ်စေချင်ဘူးဗျ၊ တိုင်းပြည်ကအေးချမ်းကာစရှိသေးတာ၊ ဘာရည်ရွယ်ချက်နဲ့ ဒီသတင်းကို အဓိပ္ပါယ်ကောက်လွဲအောင်ဖော်ပြတာလဲ။ အခြားနေရာတွေမှာရှိတဲ့ ဖြစ်စဉ်အမှန်ကို မသိကြတဲ့ ပါတီတာဝန်ရှိသူတွေ၊ တက်ကြွလှုပ်ရှားနေသူတွေ အချင်းချင်းဘာတွေဖြစ်ကုန်ကြမလဲ။ တခြားသတင်းတွေကိုရော ဘယ်လိုယုံကြည်ရတော့မလဲ။ ဒီ ဖြစ်စဉ်မှာ မေးချင်ပါတယ် သစ်ထူးလွင် ဘာလဲ ဘယ်လဲ လို့၊ ရှင်းရှင်းပဲပြောမယ် ဒီအချိန်မှာ ဘယ်ပါတီကိုမှ မယုံသေးဘူး၊ ဒါပေမယ့် ရန်တွေဖြစ်နေမှာကိုတော့လည်း မလိုလားဘူး။ ရန်တိုက်ပေးနေတာတွေ မြှောက်ပေးနေတာတွေ၊ တည်ငြိမ်မှု ကို ဖျက်ဆီးနေတာတွေ ရပ်တန်းက ရပ်လိုက်ပါတော့ဗျာ။

No comments:

Post a Comment