ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 22, 2012

လက်ရှိ ဘဏ္ဍာရေးနှစ်၏ သုံးလကျော်ကာလအတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှု အမေရိကန်ဒေါ်လာ ငါးဘီလျံ နီးပါးရှိလာ၊ နယ်စပ်ကုန်သွယ်မှု ပမာဏ တစ်ခုတည်းပင် တစ်ဘီလျံကျော်အထိ မြင့်တက်




7422
အဓိကနယ်စပ် ကုန်သွယ်ရေးစခန်း တစ်ခုဖြစ်သည့် မူဆယ် ၁၀၅ မိုင် နယ်စပ် ကုန်သွယ်ရေးဇုန်ကို တွေ့ရစဉ်
အစိုးရသစ်လက်ထက် ဒုတိယဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာရေးနှစ်တွင် ဧပြီလ ၃၀ ရက်နေ့ မှ ဇူလိုင်လ ၁၃ ရက်နေ့အထိ ရက်ပေါင်း ၁၀၄ ရက်အတွင်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ အမေရိကန် ဒေါ်လာ ၅ ဘီလျံနီးပါးအထိ ရှိလာကြောင်း စီးပွားရေးနှင့်ကူးသန်း ရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူများထံမှ သတင်းရရှိပါသည်။

ပို့ကုန်ပမာဏမှာ အမေရိကန် ဒေါ်လာ ၂ ဒသမ ၃၇ ဘီလျံရှိပြီး သွင်းကုန်ပမာဏမှာ အမေရိကန်ဒေါ်လာ ၂ ဒသမ ၄၁ ဘီလျံ ရှိကြောင်း၊ လက်ရှိတွင် သွင်းကုန်ပမာဏမှာ ပို့ကုန်ပမာဏထက် အနည်းငယ်မြင့်တက်လျက် ရှိကြောင်း သိရသည်။
ယခုဘဏ္ဍာရေးနှစ်၏ ဧပြီလ ၁  ရက်နေ့မှ ဇူလိုင်လ ၁၃ ရက်နေ့အ ထိရက်ပေါင်း ၁၀၄ ရက်အတွင်း  ကုန်သွယ်မှုပမာဏ အမေရိကန်ဒေါ်လာ ငါးဘီလျံ၌ နယ်စပ်ကုန်သွယ်မှု ပမာဏမှာ အမေရိကန်ဒေါ်လာတစ်ဘီလျံကျော်အထိ ပါဝင်ကြောင်းလည်း သိရသည်။

ကုန်ကြမ်းပို့နေတာတွေကို ကျတော့ အလွယ်တကူခွင့်ပြုပေးနေပြီး ကုန်ချောထုတ်ပြီးပို့တဲ့သူတွေ ကျတော့ ထောက်ခံချက် အဆင့်ဆင့်တောင်းနေတဲ့ ကဏ္ဍတွေလည်း ရှိနေသေးတယ်။ ဒါတွေ လျှော့ချဖို့က ပိုအရေးကြီးတယ်  .  .  .
“နယ်စပ်ရော ပုံမှန်ပါစုစုပေါင်း ကုန်သွယ်မှုတန်ဖိုးက ငါးဘီလျံနီး ပါး အထိရှိပါပြီ။ ဒါက ဇူလိုင်လ ၁၃ ရက်နေ့အထိ စာရင်းပါ”ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ၀န်ကြီးဌာန တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့သည်။
အစိုးရသစ်လက်ထက် ပထမဆုံး ဘဏ္ဍာရေးနှစ်ဖြစ်သည့် ၂၀၁၁-၂၀၁၂ ဘဏ္ဍာရေးနှစ်က မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ စုစုပေါင်းမှာ အမေရိကန်ဒေါ်လာ ၁၈ ဘီလျံကျော်ရှိခဲ့ကြောင်း၊ ဒုတိယဘဏ္ဍာရေးနှစ် ဖြစ်သည့် ယခုနှစ်တွင်လည်း မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏမှာ လက်ရှိအနေအထားအတိုင်း ဆိုပါက ယခင်နှစ် ကထက် ပိုမိုနိုင်ကြောင်း၊ သို့သော် ထိုသို့ပိုမိုရန်အတွက် ပို့ကုန်သွင်းကုန် ဆိုင်ရာ ဘဏ်လုပ်ထုံး လုပ်နည်းများ ပိုမိုလွယ်ကူစွာ ဖန်တီးပေးရန် လိုအပ်ကြောင်း လုပ်ငန်းရှင်များက ဆိုသည်။
“ပို့ကုန်သွင်းကုန်ကတော့ အခုလိုအနေအထားမျိုးမှာ အရမ်းလွယ်ကူသင့်နေပြီ။ မြန်မာနိုင်ငံ အနေအထားကို ပြန်ကြည့်ရင် လက်ရှိမှာ လူဦးရေအများဆုံး မှီခိုနေရတဲ့ စိုက်ပျိုးရေးကဏ္ဍက ပို့ကုန်လုပ်ငန်းပေါ် မှာ မူတည်ပြီးတော့ ကောင်းခြင်းဆိုး ခြင်းဖြစ်နေတာ။ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုလာမှ နိုင်ငံသားတွေ အလုပ်ရမယ်ဆိုတာ မှန်တော့ မှန်တယ်။ ဒါပေမယ့် လက်ရှိအလုပ်အကိုင်တွေ မပျောက်ဖို့ အတွက်ကတော့ ပို့ကုန်သွင်းကုန် လုပ်ငန်းသွက်လက်ရမယ်လို့ မြင်တယ်။ အခုဘာတွေခက်နေလို့လဲ မေးလို့ရပါတယ်။ အဓိကကတော့ Banking System  ပါပဲ။ ဒါကို ပြင်ဆင်ရမှာ။ ဒါမှ အဆင့်ဆင့်ကြားခံပြီး လုပ်နေရတဲ့အတွက် ဖြစ်လာတဲ့ ကုန်ကျစရိတ်တွေ လျှော့ချနိုင်မှာပါ။ နောက်ဌာနဆိုင်ရာ အသီးသီးက ကုန်ကြမ်းပို့နေတာတွေကို ကျတော့ အလွယ်တကူ ခွင့်ပြုပေးနေပြီး ကုန်ချောထုတ်ပြီး ပို့တဲ့သူတွေကျတော့ ထောက်ခံချက် အဆင့်ဆင့်တောင်းနေတဲ့ ကဏ္ဍတွေလည်း ရှိနေသေးတယ်။ ဒါတွေ လျှော့ချဖို့က ပိုအရေးကြီးတယ်။ အခုက နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုတွေ အတွက် ၀င်လာနိုင်အောင် လွယ်ကူအောင် ဥပဒေတွေ ပြင်ဆင်တယ်။ နိုင်ငံသားတွေ လွယ်ကူစွာကုန်သွယ် နိုင်အောင် ပြင်ဆင်ပေးမယ်ဆိုတာမျိုး မကြားရသေးလို့ ပြောရတာ။ ဒီလိုသာလွယ်ကူအောင်လုပ်ပေးမယ်ဆို ရင် မြန်မာနိုင်ငံရဲ့ ကုန်သွယ်မှုပမာဏ က မနှစ်ကထက်မြင့်တက်မှာ သေချာပါတယ်”ဟု သစ်တောထွက် ပစ္စည်းများအား ပြည်ပသို့ကုန်ချော အဖြစ် ထုတ်လုပ်တင်ပို့နေသည့် လုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့ပါသည်။

မြန်မာနိုင်ငံ၏ နှစ်အလိုက် နယ်စပ်ကုန်သွယ်မှု ပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ခုနှစ်  ပို့ကုန်   သွင်းကုန် စုစုပေါင်း
၂၀၀၇-၂၀၀၈    ၇၄၆ .၆၈     ၅၈၂ .၈၅ ၁၃၂၉ .၅၃
၂၀၀၈-၂၀၀၉   ၆၅၇ .၃၀      ၆၉၁ .၀၈ ၁၃၄၈ .၃၈
၂၀၀၉-၂၀၁၀         ၆၆၄ .၃၅ ၇၁၉ .၃၃ ၁၃၈၃ .၆၈
၂၀၁၀-၂၀၁၁          ၁၁၁၄ .၃၄၆ ၁၀၁၅ .၈၄၃ ၂၁၃၀ .၁၈၉
၂၀၁၁-၂၀၁၂       ၂၀၂၈ .၃၉၄ ၁၃၃၉ .၆၀၄ ၃၃၆၇ .၉၉၈
၂၀၁၂-၂၀၁၃(ဇူလိုင် ၁၃ ထိ)     ၆၉၁ .၃၂၇ ၃၇၅ .၅၆၃ ၁၀၆၆ .၈၉၀

နှစ်အလိုက် မြန်မာနိုင်ငံ၏ ကုန်သွယ်မှုပမာဏ (အမေရိကန်ဒေါ်လာ၊ သန်း)
ဘဏ္ဍာနှစ်     ပို့ကုန်ပမာဏ  သွင်းကုန်ပမာဏ စုစုပေါင်း
၂၀၀၅-၂၀၀၆   ၃၅၅၇ .၂၁     ၁၉၈၄ .၄၁ ၅၅၄၁ .၆၂
၂၀၀၆-၂၀၀၇    ၅၂၃၂ .၆၈  ၂၉၃၆ .၇၃ ၈၁၆၉ .၄၁
၂၀၀၇-၂၀၀၈    ၆၄၀၁ .၇၁   ၃၃၅၃ .၄၂ ၉၇၅၅ .၁၃
၂၀၀၈-၂၀၀၉    ၆၇၇၈ .၈၅     ၄၅၄၃ .၄၅ ၁၁၃၂၂ .၃၀
၂၀၀၉-၂၀၁၀    ၇၅၈၆ .၉၄   ၄၁၈၁ .၄၀ ၁၁၇၆၈ .၃၄
၂၀၁၀-၂၀၁၁   ၈၈၆၁ .၀၁    ၆၄၁၂ .၇၃ ၁၅၂၇၃ .၇၄
၂၀၁၁-၂၀၁၂    ၉၀၉၇ .၀၀     ၉၀၅၃ .၇၈ ၁၈၁၅၀ .၇၈
၂၀၁၂-၂၀၁၃(ဇူလိုင် ၁၃ ထိ)    ၂၃၇၀ ကျော်       ၂၄၁၀ ကျော် ၄၇၈၀ ကျော်

No comments:

Post a Comment