ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, July 21, 2012

-အဘိုးအဘွားတွေရဲ့ ဗိုလ်ချုပ်၊ ဒို့ ဗိုလ်ချုပ်-


ဗိုလ်ချုပ်အောင်ဆန်းကို စသိတော့ ကျွန်မ(၆)နှစ်သမီးအရွယ် ကျောင်းနေစပါ။(၁၉၄၀ လောက်က ကလေးတွေကျောင်းထား နောက်ကျကြပါတယ်)၊ စာမဖတ်တတ်သေးပါဘူး၊ဒါပေမယ့် စာတစ်လုံးမှ မတတ်တဲ့အဘွားက ဗိုလ်ချုပ်အကြောင်းကိုစီကာပတ်ကုံးနဲ့ ပုံပြောသလို ခဏခဏပြောပြခဲ့တာပါ၊ အဘိုးက သတင်းစာဖတ်ရင်းဗိုလ်ချုပ်ပုံတွေပါလာရင် ခေါ်ပြလေ့ရှိပါတယ်။ အဲဒီအခါများဆို အဘွားကဝမ်းသာအားရနဲ့“ဟဲ့မြေးလေး ဒီမှာလာကြည့်စမ်း၊ဒါဗိုလ်ချုပ်အောင်ဆန်းပုံတွေ့လား၊ အရွယ်သိပ်မကြီးသေးဘူး၊ ညည်းအဖေလောက်ပဲရှိဦးမှာ၊ သိပ်ချောသိပ်ခန့်တာပဲနော်”လို့ ပြောလေ့ရှိပါတယ် ။ အဘိုးက ဗိုလ်ချုပ်နယ်လှည့်ဟောတဲ့တရားတွေ၊ မိန့်ခွန်းတွေကိုဖတ်ပြရင်လည်းအနားကမခွါတမ်း
နားစိုက်ထောင်ပြီးဟုတ်လိုက်လေ ဗိုလ်ချုပ်ရယ်၊လွတ်လပ်ရေးကိုရအောင်တောင်းရမှာပေါ့၊ မှန်လိုက်လေရှင်တပြည်လုံးညီညွတ်ရမှာပေါ့၊ ဒါမှဒီနယ်ချဲ့တွေလက် ကလွတ်မှာအပြောပိုင်လိုက်တာ အမယ်လေးဗိုလ်ချုပ်ရယ် ငါ့သားလေးသာဖြစ်လိုက်ပါတော့နဲ့ ဝမ်းသာအားရထောက် ခံနေပါတော့တယ်၊ မြေးမလေးကျွန်မအဖို့လည်းစစ်ဝတ်စုံနဲ့ဗိုလ်ချုပ်ပုံကို ခဏခဏကြည့်ရပြီး မှတ်မိနေပါတော့တယ်။ အဲဒီတုန်းက ကျွန်မတို့အဘိုးအဘွားတွေသာမက အိမ်နီးချင်းတွေ၊ အသိမိတ်ဆွေတွေစပ်မိလို့စကားပြောကြရင် ဗိုလ်ချုပ်ကို ကြည်ညိုတယ်တိုင်းပြည်လွတ်လပ်ရေးရအောင် သူပဲလုပ်ပေးလိမ့်မယ်လို့ယုံကြည်ပြီးချစ်ခင်ကြည်ညိုနေကြတာပါ ။ ကျွန်မဖေဖေက ရဲအရာရှိအငယ်စားလေးပါ၊ တောဂတ်(ရဲစခန်း)တွေမှာလှည့်လည်တာဝန်ကျလေ့ရှိလို့အစ်ကိုနဲ့ကျွန်မက မြို့မှာနေခဲ့ပြီး ကျောင်းနေရပါတယ်၊ မေမေကဖေဖေနဲ့လိုက်သွားပြီး တစ်လတစ်ခါလောက်မြို့တက်လာလေ့ရှိပါတယ်၊ မြို့ရောက်ရင်ဖေဖေက မျက်နှာဖြူခရိုင်ရဲဝန်ကြီးဆီဝင်တွေ့ပြီး အလုပ်ကိစ္စတွေတင်ပြရလေ့ရှိပါတယ်၊အဲဒီအခါမျိုးဆို ဖေဖေဟာ မျက်နှာကြီးနီ အံကြိတ် လက်သီးဆုပ်ပြီးပြန်လာတတ်ပါတယ်။ ဒီကောင်တွေသိပ်လူပါးဝတယ်၊ အင်မတန်ဘုရားထူးခံချင်တယ်လူတွေကိုကျွန်တွေလိုပဲဆက်ဆံတယ်ကျွန်တော်ကဘုရားမထူးချင်လို့ အင်္ဂလိပ်လိုပြောတာကို ခေါင်းခါပြီး ဗမာလိုပြောပါလူကလေး၊သခင်အားလုံးနားလည်တယ်တဲ့၊ ပြီးတော့ မောင်မင်း မောင်မင်းနဲ့ ဘုရားထူးအောင်ကို ခေါ်နေတာပဲလို့ ပြောပါတယ် ။ ဒီတော့အဘိုးက“အေး ဒါကြောင့် ဗိုလ်ချုပ်ကလွတ်လပ်ရေးပေးပါလို့တောင်းတောင်းနေတာပေါ့၊ ရမှာပါကွာ၊ ငါတော့ဗိုလ်ချုပ်ကိုယုံတယ်၊တစ်နည်းမဟုတ်တစ်နည်းနည်းနဲ့ လွတ်လပ်ရေးယူပေးမှာ”လို့ အားပေးပါတယ်၊ တစ်ခါဗိုလ်ချုပ်ဘိလပ်သွားတယ်လို့ သတင်းကြားတော့ အဘွားကလည်း “ဟဲ့ ဗိုလ်ချုပ်က အင်္ဂလိပ်စကားကောင်းကောင်းပြောတတ် ရဲ့လား၊ တော်ကြာ ဘုရားထူးနေရဦးမယ်လို့ပူပန်စွာပြောရှာပါတယ်၊ ဖေဖေကပြုံးရယ်ပြီး ဗိုလ်ချုပ်ကကောလိပ်ကထွက်တာပါဗျ မပူပါနဲ့အမေရယ်လို့ ဝင်ပြောပေးရတယ်၊ အဲဒီလောက် ဗိုလ်ချုပ်ကိုချစ်တတ်စိတ်ပူတတ်တဲ့အဘွားပါ ။ နောက်ပြီးမေမေနဲ့အဘွားဟာ သတင်းစာထဲကဗိုလ်ချုပ်ပုံတွေကို စိတ်တူသဘောတူကတ်ကြေးနဲ့ညှပ်ပြီး အိမ်နံရံမှာကပ်ကြပါတယ်၊ ဗိုလ်ချုပ်မိန့်ခွန်းပြောနေတဲ့ပုံ ဒေါ်ခင်ကြည်နဲ့ကလေးတွေနဲ့မိသားစုပုံတွေပါပါတယ်၊ အဘွားက အိမ်ကိုဧည့်သည်တွေလာမှဖြင့် “ဒီမှာရှင့် ဒါဗိုလ်ချုပ်အောင်ဆန်းပုံပေါ့၊ ဒါကဗိုလ်ချုပ်ကတော် ဒေါ်ခင်ကြည်ပုံဟောဒီမယ် သူတို့သားသမီးတွေ ဒါကအကြီးဆုံးအောင်ဆန်းဦးတဲ့၊ ဒါကအလတ်ကလေးအောင်ဆန်းလင်း၊ ဒါလေးကတော့ အငယ်ဆုံးမိန်းကလေး အောင်ဆန်းစုကြည်တဲ့ဘယ့်နှယ်မချောကြ မလှကြပေဘူးလား အားလုံးမျက်ခုံးမျက်လုံးလှလှလေးတွေနဲ့”လို့ပြောပြောပြရတာလည်း မမောနိုင်အောင်ပါပဲ ။ အဘိုးက၁၂နှစ်သားလောက်ရှိတဲ့ အကိုကြီးကို မင်းလည်းကြီးလာရင်ဗိုလ်ချုပ်လိုစာတော်ရမယ်နော် ပြီးတော့ရိုးဖြောင့်ရမယ် သတ္တိရှိရမယ်လို့ပြောလေ့ရှိပြီး တော်လှန်ရေးတုန်းကဗိုလ်ချုပ်ဦးဆောင်ပြီးဘယ်လိုလှုပ်ရှားကြတာ တိုက်ခိုက်ကြတာစသဖြင့် ပြောပြပါတယ်။ ကျွန်မတို့အဖို့ ဗိုလ်ချုပ်ဟာ စံပြပုဂ္ဂိုလ်ကြီးပါ၊တစ်နိုင်ငံလုံးအတိုင်းအတာအနေနဲ့လည်း ဗိုလ်ချုပ်အပေါ်ကျွန်မတို့ထက်မလျော့တဲ့ စိတ်နဲ့ချစ်ခင်ကြည်ညိုခဲ့တာကို အရွယ်ရောက်လာတော့စာအုပ်တွေဖတ်ပြီး သိခဲ့ရပါတယ် ။ တစ်ခါတော့ ကျွန်မတို့မြောင်းမြမြို့က နေသူရိန် ဆိုတဲ့ဇာတ်ရုံကြီးမှာဗိုလ်ချုပ်လာပြီး တရားဟောပါတယ်၊ကျွန်မတို့မောင်နှမနဲ့ အဘိုးအဘွားအမေကြီးတို့ ရုံဝကသွားစောင့်နေပါတယ်၊လာလိုက်ကြတဲ့လူတွေဆိုတာ တစ်မြို့လုံးအိမ်မှာလူမှ ကျန်ပါ့မ လားအောက်မေ့ရပါတယ်၊ အနီးအနားရွာကလူတွေလည်းမျက်နှာသုတ်ပုဝါကြီးတွေခေါင်းပေါင်းပြီးလာကြတာမှ အုံခဲနေတာပဲ၊ ရုံကြီးထဲမှာ မဆန့်လို့ တချို့အနီးအနားကသစ်ပင်တွေပေါ်တောင်တက်ပြီးဗိုလ်ချုပ်မိန့်ခွန်းကို နားစွင့်ကြပါတယ်၊ လူမမြင်ရလည်း အသံမှကြားပါစေတော့ဆိုတဲ့စိတ်နဲ့ပေါ့ရှင် ။ ကျွန်မဆို လူကြားထဲညပ်ပြီး ဘာမှမမြင်ရပါဘူး အဘိုးထမ်းပြလို့ဗိုလ်ချုပ်ရဲ့ဦးထုပ်အစွန်းလေးကိုပဲ ရိပ်ခနဲ တွေ့လိုက်ရပါတယ်၊
ဗိုလ်ချုပ်ရဲ့ မိန့်ခွန်းထဲမှာ အားမာန်ပါတဲ့အသံနဲ့ လွတ်လပ်ရေး၊နယ်ချဲ့ဝါဒ၊ စည်းလုံးကြ ဆိုတဲ့စကားလုံးတွေကိုတော့ မှတ်မိလိုက်ပါတယ်။ မိုးတွေအုံ့နေတဲ့သောကြာနေ့တစ်ညနေမှာ မေမေနဲ့ဖေဖေ ထုံးစံအတိုင်းမြို့ကိုတက်လာပါတယ်၊ ဖေဖေ့အလုပ်ကိစ္စနဲ့ပါပဲ၊ မေမေက ပြောင်းဖူးတွေအိတ်လိုက်
သယ်လာတာမို့ကျွန်မတို့မောင်နှမအကြိုက်တွေ့နေပါတယ်၊ နောက်တစ်နေ့က စနေနေ့ ကျောင်းပိတ်တော့ မေမေတို့အနားပိုကပ်ခွင့်ရတာပေါ့၊ အဲဒီနေ့ကတော့၁၉၄၇ခုနှစ် ဇူလိုင်(၁၉)ရက်နေ့ပါပဲ။ ဖေဖေကမြို့ရောက်တုန်း ရုပ်ရှင်ညပွဲသွားကြည့်မယ် ပြောထားလို့အကိုကဂျွမ်းထထိုးပါတယ်၊ မေမေတို့လာတဲ့အခါမှ ရုပ်ရှင်ကြည့်ရတာဆိုတော့ကျွန်မတို့အဖို့ ပျော်စရာကိစ္စတစ်ခုပေပဲပေါ့။ အဲဒီနေ့က မိုးဟာတစ်နေ့လုံး တစိမ့်စိမ့်ရွာနေလို့အနွေးထည်တောင်ထပ်ဝတ်ထားရပါတယ်၊ ဒါနဲ့ပဲအဘွားကကလေးတွေ အအေးမိပြီးဖျားနာနေဦးမယ် မင်းတို့ဘာသာဓါတ်ရှင်သွားကြည့်ကြလို့ပြောလိုက်တော့ ကျွန်မက တွန့်လိမ်ကောက်ကွေးပြီး ငိုတာပေါ့၊ အစ်ကိုကလည်းအခန်းထောင့်မှာ မှုန်ကုပ်ကုပ်လုပ်နေတာပေါ့လေ၊ အဘိုးကနေသာတဲ့နေ့ကျလိုက်ပြပါ့မယ်လို့ချော့သလို ဖေဖေကလည်း ပြန်လာရင်သကြားလုံးတွေဝယ်
လာခဲ့မယ်ပြောပြီး မေမေနဲ့ထွက်သွားပါတော့တယ် ။ တကယ်တော့ ရုပ်ရှင်ရုံနဲ့ မြို့ပါတ်လမ်းမှာရှိတဲ့ ကျွန်မတို့အိမ်ကဝေးပါတယ်၊ ရုပ်ရှင်ရုံက မြို့လည်ကောင်မှာရှိတာပါ၊ အဲဒီခေတ်က ဆိုက္ကားမရှိမြင်းလှည်းမရှိ ဘတ်စ်ကားဆိုဝေးရော စက်ဘီးနဲ့ ခြေလျင်ပဲသွားကြရတာပါ၊ကျွန်မလည်း မျက်ရည်စက်လက်နဲ့ အဘွားရင်ခွင်ထဲမှာထိုင်ကျန်ခဲ့ပါတယ်၊ အဘွားကအိပ်ယာထဲချော့ခေါ်ပြီး စောင်နဲ့ထွေးပွေ့ပေးလို့သိပ်တာနဲ့ ကျွန်မအိပ်ပျော်သွားခဲ့ပါတယ်၊ ဘယ်လောက်ကြာသွားလဲမသိပါဘူး၊ ကျွန်မနားထဲမှာ စကားတိုးတိုးပြောသံတွေငိုသံတွေလိုလိုကြားပြီး လန့်နိုးလာခဲ့ပါတယ်၊ ဘာတွေဖြစ်နေတာလဲတွေးပြီးအခန်းဝကသွားရပ်ကြည့်တော့ အဘွားနဲ့မေမေကခေါင်းချင်းဆိုင်ပြီးငိုနေကြပါတယ်၊ အဘွားရဲ့ရှိုက်သံက ပိုပြင်းသလိုပါပဲ၊ဖေဖေက လက်ပိုက်အံကြိတ်ပြီးနံရံကိုမှီထိုင်နေပါတယ်၊ မျက်နှာကြီးက ကြောက်စရာကောင်းလောက်အောင်တင်းမာလို့၊ အဘိုးကတင်ပလ္လင်ခွေထိုင်ပြီး ခေါင်းငိုက်စိုက်ချထားပါတယ်၊ ကျွန်မကြည့်နေတုန်းမှာပဲ အဘိုးဟာလက်သီးကျစ်ကျစ်ဆုပ်ပြီး ကြမ်းပြင်ကိုဒုန်းဆိုထုချလိုက်ပါတယ်။ နောက် တောက်တစ်ချက်အကျယ်ကြီးခေါက်လိုက်ပြီး မိုက်ရိုင်းလိုက်တာကွာ ဒါလူကိုခွေးကသတ်တာကွ လို့ အသံတုန်ကြီး နဲ့ပြောနေပါတော့တယ်၊ အဘွားကတစ်ခါတည်းစင်းစင်းသေကြရောလား ဗိုလ်ချုပ်ကိုမကယ်နိုင်ခဲ့ကြတော့ဘူးလားလို့ ငိုသံပါကြီးနဲ့မေးနေတုန်း အိမ်နားကလူကြီးသုံးလေးယောက် ရောက်လာကြပါတယ်။ “မောင်ချစ်တင်၊ ဗိုလ်ချုပ်တို့လုပ်ကြံခံရလို့ဆို ဟုတ်သလား”“ဟုတ်တယ်ဦးကြီးစိန်၊ ကျွန်တော်တို့ ဘိုင်စကုတ်သွားကြည့်တာ ဘာကားမှမပြဘဲအဲဒီသတင်းပဲထိုးပြီးရုံပိတ်လွှတ်လိုက်တယ်၊ ဗိုလ်ချုပ် ဦးဘဝင်း၊ဦးရာဇတ်အပါအဝင်အားလုံးကိုးယောက်တဲ့၊ အကုန်လုံးဆူညံကုန်တာပဲ၊ကျွန်တော်တို့လည်း အိမ်ပြန်ပြေးလာကြတာ” “တို့တိုင်းပြည် ဘယ်လိုဖြစ်သွားမလဲ၊ လွတ်လပ်ရေးကော ရပါတော့မလားဗိုလ်ချုပ်ပဲအားကိုးနေရတာ ” “ဘယ်သူတွေလုပ်ကြံတာလဲ ဗိုလ်ချုပ်ကို ဘယ်သူသတ်တာလဲ ”ဒီတုန်းကဖေဖေမဖြေခဲ့ပါ၊ သူသိသလောက်မပြောသေးတာ တရားဝင်သတင်းမထုတ်ပြန်သေးသရွေ့စောင့်ထိန်းရမယ်လို့ရဲအရာရှိတစ်ယောက်အနေနဲ့သဘောပေါက်
လို့ ဖြစ်မှာပါ၊ “တိုင်းရေးပြည်ရေးက ဘာတွေဖြစ်လာမလဲမသိသေးဘူး၊ ဦးတို့သတိနဲ့နေကြပေါ့၊ဖေဖေ ကျွန်တော်မနက် ဂါတ်ကိုပြန်မယ်၊ မမြရှင်က မလိုက်ခဲ့နဲ့ဦး၊ကလေးတွေနဲ့ ဒီမှာပဲနေခဲ့” အဲဒီနေ့ကစပြီး တစ်မြို့လုံးခြောက်သွေ့တိတ်ဆိတ်သွားပါတော့တယ်၊ဗိုလ်ချုပ်တို့ကျသွားတယ် ဆိုတဲ့သတင်းဟာ လူအားလုံးကို ညှိုးချုံးစေပါတယ်၊ ကျွန်မတို့ ကျောင်းလည်းမသွားရသေးပါဘူး၊ မျက်ရည်တစမ်းစမ်းဖြစ်နေတဲ့အဘွားတို့ကြည့်ပြီး ကစားချင်စိတ်လည်းမရှိ၊ လူကြီးတွေမရွှင်တာနဲ့ကလေးတွေလည်း စိတ်ပျော်စရာကိစ္စမရှိတော့သလိုပါပဲ။ ကျွန်မတို့မြို့က ရန်ကုန်နဲ့ သင်္ဘောတစ်ညအိပ်ခရီးပါ၊သင်္ဘောတစ်ရက်ခြားပဲဆိုက်လို့ သတင်းစာက ရက်ကျော်မှဖတ်ရပါတယ်၊ သင်္ဘောဆိုက်တဲ့နေ့ အဘိုးကအစောကြီးသွားပြီး စောင့်ဝယ်ရပါတယ်၊ သတင်းစာတွေက ရက်ကျော်ပေမယ့် လုပ်ကြံမှုသတင်းသိချင်လွန်းလို့ စောင့်ဝယ်ကြတာရောင်းမလောက်အောင်ပါပဲတဲ့၊ သင်္ဘောဆိုက်တဲ့အချိန်လောက်ပဲမြို့မှာလူစည်ပါသတဲ့၊ ရန်ကုန်ကပြန်လာတဲ့လူတွေကို ဗိုလ်ချုပ်တို့ကိစ္စသတင်းတွေမေးကြစုံစမ်းကြ ပြီးရင်လူစုကွဲသွားပြီး ကိုယ့်အိမ်ကိုယ်ပြန်အချင်းချင်းတိုးတိုးပြောကြနဲ့တဲ့ ဈေးဆိုင်တွေလည်း စုံအောင်မဖွင့်ကြဘူး။ လ္ဘက်ရည်ဆိုင်တွေလောက်ပဲခဏဖွင့်တာပါ၊ အထည်ဆိုင်၊ စတိုးဆိုင်တွေလည်းမဖွင့်ပါဘူး အသီး အရွက် သားငါးသည်တွေလည်း နည်းနည်းပါးပါးပဲလာသတဲ့တောပိုင်းကလှေတွေနဲ့ တက်ပြီး ဈေးရောင်းတဲ့ သူတွေလည်း လာကိုမလာကြတာတဲ့။ ကျွန်မတို့ မြို့မှာ ဒီတုန်းက ရေဒီယိုဆိုတာအလွန်ရှားပါတယ်။စာတိုက်မှာတစ်လုံး မြို့လည်ကတရုတ်သူဌေးအိမ်မှာတစ်လုံး ဗမာသူဌေးနှစ်ယောက်လောက်အိမ်မှာတစ်လုံးစီ ဒါပဲ ရှိတာပါ။ညဘက်သတင်းကြေညာချိန်ဆိုအဲဒီအိမ်တွေနားမှာမှောင်ရိပ်ခိုပြီး သွားနားထောင်ကြရပါတယ်။ ရေဒီယိုကိုကျယ်ကျယ်လေးဖွင့်ထားပေမယ့် ခြံတံခါး၊အိမ်တံခါးတွေတော့ပိတ်ထားသတဲ့။ ဘယ်သူ့ကိုမှန်းမသိ၊ ဘာမှန်းမသိ ကြောက်နေကြရတာတဲ့ ခရိုင်ရဲဝန်ကြီးရဲ့ အိမ်ကရေဒီယိုကတော့ဖွင့်ပုံမရပါဘူး၊ ရဲအစောင့်တွေအများကြီး ချထားလို့ဘယ်သူမှ အနားတောင်မကပ်ဝံ့ပါဘူးတဲ့။ ည ညဆိုစစ်ကားတွေအရေးတကြီး ပုံစံနဲ့ ဒလကြမ်းမောင်း မောင်းသွားရင်ဘာမှန်းမသိကြောက်ကြရပြန်ရော၊ ဖေဖေကလည်း ပြန်မလာနိုင်ပါဘူး၊အမြဲတမ်းအသင့်အနေအထားနဲ့နေပြီး ကျေးရွာလုံခြုံရေးရော၊ရဲစခန်းလုံခြုံရေးရော
သတိနဲ့နေ ရကြောင်း စာလာလို့ သိရပါတယ်။ ဗိုလ်ချုပ်တို့ရဲ့ ရုပ်ကလာပ်ပုံတွေကိုကြည့်ပြီး မေမေက -သူ့ခမျာအငယ်လေးနဲ့ မုဆိုးမဖြစ်ရရှာတယ်၊ ကလေးတွေလည်း အငယ်သားလေးတွေလို့ဒေါ်ခင်ကြည့်ပုံကိုကြည့်ပြီး ဂရုဏာသက်နေပါတယ်။ အဘွားကတော့ -ရန်ကုန်လိုက်ပို့ ဗိုလ်ချုပ်တို့ကို သွားကြည့်ချင်ပါတယ်လို့အဘိုးကိုနားပူပါတယ်။ အဘိုးက တည်းခိုဖို့အိမ်လည်း မရှိ၊ အသိလည်းမရှိတဲ့ အပြင်အဲဒီမှာလူတွေကျိတ်ကျိတ်တိုးနေလို့ တန်းစီရမယ့်အကြောင်း၊ အိမ်မှာကလေးတွေနဲ့ မေမေဘဲကျန်ခဲ့မှာစိတ်မချရတဲ့ အကြောင်း၊တိုင်းပြည်ကမငြိမ်မသက်ဖြစ်နေကြောင်းပြောပြီး အတော် နားချရပါတယ်။ ဗိုလ်ချုပ်တို့ကိုလုပ်ကြံတာဂဠုန်ဦးစောခေါင်းဆောင်တာပါဆိုတာသိပြီးနောက်ပိုင်း အဘိုးဟာ သူ့ကိုယ်ပေါ်မှာထိုးထားတဲ့ ဂဠုန်ရုပ် ကိုမုန်းလွန်းလို့အရေပြားခွာပစ်ချင်ပါသတဲ့။ ဗိုလ်ချုပ်တို့ကျဆုံးလို့ရက်လည်တဲ့နေ့မှာတော့ အဖွားနဲ့ မေမေဟာ ထမင်းဟင်းအချိုပွဲ ဖွယ်ဖွယ်ရာရာချက်ပြုတ်ပြီးဘုန်းကြီးကျောင်း ကို ရက်လည်ဆွမ်းဆိုပြီး သွားကပ်ကြပါတယ်၊ ကျောင်းမသွားခင်အိမ်ကဘုရားမှာ ဆွမ်းပွဲ အချိုပွဲများကပ်လှူပြီးတော့ ကြေးစည်ထုကာအဘွားက-ဗိုလ်ချုပ်နှင့်အတူကွယ်လွန်သွားတဲ့ခေါင်းဆောင်ကြီးများအားလုံး အမျှ အမျှအမျှ ပေးဝေ ပါတယ်၊ ဒီလိုအဖြစ်ဆိုးများ ဒီဘဝမှာတင်ကျေကြပါစေ၊ကိုအောင်ဆန်းရေ သားရေ အမျှ ကွဲ့ အမျှ အမျှ လို့ ငိုသံပါကြီးနဲ့ တတွတ်တွတ်ပြောနေပါတော့တယ်။ အခု ကျွန်မအသက် (၇၃)ထဲမှာပါ။ အဘိုး၊ အဘွား၊မိဘများလည်းကွယ်လွန်ကြရှာပါပြီ၊ အာဇာနည်နေ့ကိုလည်းအကြိမ်ကြိမ် ဖြတ်သန်းပြီးပါပြီ။ တနှစ်တခါ ဒီလိုနေ့ရောက်တိုင်းအဘိုးအဘွားတို့ကိုပိုသတိရမိပါတယ်။ သူတို့ကိုလွမ်းဆွတ်သလောက် သူတို့ချစ်တဲ့ ဗိုလ်ချုပ်တို့ကိုချစ်ခင်လွမ်းဆွတ်မိတာပါပဲရှင်။
http://amayeainn.blogspot.comမှကူးယူဖော်ပြသည်။

No comments:

Post a Comment