ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Saturday, July 21, 2012

နှစ်ကြိမ်တိုင် ရွှေ့ဆိုင်းခဲ့ရသည့် ထိုင်းနိုင်ငံချစ်ကြည်ရေးခရီးစဉ်ကို နိုင်ငံတော်သမ္မတ ဦးသိန်းစိန် ဇူလိုင်လ ၂၂ ရက်နေ့တွင် စတင်မည်



သမ္မတ ဦးသိန်းစိန်သည် သုံးရက်ကြာမြင့်မည့် ထိုင်းနိုင်ငံခရီးစဉ်အတွင်း ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်နှင့် တွေ့ဆုံဆွေးနွေးမည်ဖြစ်ကြောင်း၊ ထိုသို့ တွေ့ဆုံဆွေးနွေးရာတွင် နှစ်နိုင်ငံ အကျိုးတူကိစ္စရပ်များအပြင် ထားဝယ်ရေနက်ဆိပ်ကမ်း စီမံကိန်းကိုလည်း ဆွေးနွေးဖွယ် ရှိကြောင်း သတင်းဖော်ပြချက်များအရ သိရသည်။

နှစ်နိုင်ငံ ခေါင်းဆောင်များသည် ၂၀၁၄ ခုနှစ်တွင် အာဆီယံ အလှည့်ကျဥက္ကဋ္ဌအဖြစ် တာဝန်ထမ်းဆောင်မည့် မြန်မာနိုင်ငံအတွက် ကြိုတင်ပြင်ဆင်မှုများနှင့် လူသားအရင်းအမြစ် ဖွံ့ဖြိုးရေးများ အပါအ၀င် မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုဆိုင်ရာ နားလည် မှုစာချွန်လွှာ လက်မှတ်ရေးထိုးပွဲကို တက်ရောက်မည်ဖြစ်ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်နှင့် ထိုင်းနိုင်ငံဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်တို့သည် ကမ္ဘောဒီးယားနိုင်ငံ ဆီရမ်ရိမြို့၌ ကျင်းပသည့် အမေရိကန်-အာဆီယံဖိုရမ် တက်ရောက်ရန် ရောက်ရှိနေစဉ်အတွင်း ဇူလိုင်လ ၁၃ ရက်နေ့က တွေ့ဆုံခဲ့ကြပြီး နိုင်ငံတော်သမ္မတ ဦးသိန်းစိန်၏ ထိုင်းနိုင်ငံခရီးစဉ်၊ အမေရိကန်နိုင်ငံက မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် sanction များ ရုပ်သိမ်းရေးအတွက် ထိုင်းနိုင်ငံမှ ထောက်ခံပေးခဲ့မှုများ၊ မြန်မာနိုင်ငံ၏ နိုင်ငံရေးဖြစ်ပေါ် တိုးတက်ပြောင်းလဲမှုများကြောင့် အမေရိကန်ပြည်ထောင်စု အပါအ၀င် နိုင်ငံတကာမှ ထိတွေ့ဆက်ဆံမှု များပြားလာမှုများ၊ အမေရိကန်မှ စီးပွားရေးလုပ်ငန်းရှင်ကြီးများ မြန်မာနိုင်ငံသို့ လာရောက် ရင်းနှီးမြှုပ်နှံရန် ပြင်ဆင်နေမှုများ၊ မြန်မာနိုင်ငံ ထားဝယ်ရေနက်ဆိပ်ကမ်း တည်ဆောက်ရေးတွင် မြန်မာ-ထိုင်း နှစ်နိုင်ငံ ပိုမိုပူးပေါင်းအကောင်အထည်ဖော် ဆောင်ရွက်ရေး ကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံသို့ ထိုင်းဝန်ကြီးချုပ် ရင်လပ်ရှင်နာဝပ်၏ ဖိတ်ကြားချက်အရ သွားရောက်ခြင်းဖြစ်သည်။
နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် ထိုင်းနိုင်ငံ ဘန်ကောက်မြို့တွင် မေလ ၃၀ ရက်နေ့မှ ဇွန်လ ၁ ရက်နေ့အထိ ကျင်းပသည့် ကမ္ဘာ့စီးပွားရေးဖိုရမ်သို့ တက်ရောက်ရန် စီစဉ်ခဲ့သော်လည်း တက်ရောက်နိုင်ခဲ့ခြင်းမရှိဘဲ ထိုင်းနိုင်ငံသို့ သွားရောက်မည့်ခရီးစဉ်ကို ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့များသို့ ရွှေ့ဆိုင်းခဲ့သည်။
ထိုကဲ့သို့ ထိုင်းနိုင်ငံသို့ ဇွန်လ ၄ ရက်နေ့မှ ၅ ရက်နေ့များတွင် ချစ်ကြည်ရေးခရီး သွားရောက်ရန် စီစဉ်ခဲ့ပြီးမှ အကြောင်းမညီညွတ်၍  အဆိုပါခရီးစဉ်ကို ထပ်မံရွှေ့ဆိုင်းခဲ့သည်။
ထိုကဲ့သို့ ထိုင်းနိုင်ငံခရီးစဉ် ရွှေ့ဆိုင်းရခြင်းနှင့် ပတ်သက်၍ မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇွန်လ ၇ ရက်နေ့တွင် ကြေညာချက်ထုတ် ပြန်ခဲ့သည်။
အဆိုပါထုတ်ပြန်ချက်တွင် ''နိုင်ငံတော်သမ္မတအနေဖြင့် အဆိုပါရက်များအတွင်းတွင် ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက်၌ ဖြစ်ပွားလျက်ရှိသော စက်ရုံ၊ အလုပ်ရုံအချို့မှ အလုပ်သမားများ၏ လုပ်ခလစာ တိုးမြှင့်ပေးရန် ဆန္ဒပြ တောင်းဆိုမှုများ၊ ရန်ကုန်မြို့နှင့် အနီးတစ်ဝိုက် လျှပ်စစ်မီး အပြည့်အ၀ ရရှိရေး ဆန္ဒဖော်ထုတ်မှုများကို အေးချမ်းစွာ ဖြေရှင်းပေးရန် သက်ဆိုင်ရာ ၀န်ကြီးဌာန၊ အာဏာပိုင်များ၏ ဆောင်ရွက်နေမှုများကို အနီးကပ် ကြီးကြပ်လမ်းညွှန်မှုပေးနိုင်ရန်အတွက် ပြည်တွင်း၌ ရှိနေရန် လိုအပ်သဖြင့် ခရီးစဉ်ကို ရွှေ့ဆိုင်းရခြင်းဖြစ်ပါကြောင်း'' ဟု ဖော်ပြထားသည်။
ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ၏ အဓိကကုန်သွယ်ဖက်နိုင်ငံ တစ်နိုင်ငံဖြစ်သလို မြန်မာနိုင်ငံတွင် လာရောက် ရင်းနှီးမြှုပ်နှံထားသည့် နိုင်ငံခြားရင်း နှီးမြှုပ်နှံမှုစာရင်းတွင် ထိပ်ဆုံးမှ ပါဝင်နေသည်။

No comments:

Post a Comment