ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 20, 2012

အမေရိကန်နှင့် Sanction (ဆန်ရှင်)များရုပ်သိမ်းခြင်းအပေါ်...

ရှေးယခင်က မြန်မာနှင့်အမေရိကန်ဆက်ဆံရေးသည် ပဋိပက္ခတင်းမာမှု ကြီးကြီးမားမားမရှိခဲ့သော်လည်း ၁၉၉၀ခုနှစ်တွင် အမေရိကန်သည် ရွေးကောက်ပွဲ အနိုင်ရခဲ့သောပါတီကို ယုံကြည်မျှော်ကိုးအားပေးအားမြှောက်ပြုခြင်းအားဖြင့် မြန်မာအစိုးရကို
မျက်မှန်စိမ်းတပ်ကာ ကျောခိုင်းခဲ့သည်။ ၂၀၀၃ခုနှစ်တွင် ကုန်သွယ်ရေးနှင့် ဘဏ္ဍာရေး ပိတ်ဆို့မှုများထပ်မံမပြုလုပ်မီ ၁၉၉၇ခုနှစ် ကတည်းက ရင်းနှီးမြှုပ်နှံမှုများ မပြုလုပ်ရန်နှင့် စီးပွားရေး ပိတ်ဆို့အရေးယူမှုများ ပြုလုပ်ခဲ့သည်။ ထိုအချိန်တွင်တော့ အမေရိကန်နှင့် မြန်မာ့ ဆက်ဆံရေး သည် ကြိုးပျက်တစ်ချောင်းအသွင်သို့ အလိုလိုရောက်ရှိခဲ့သည်။  အမေရိကန်တို့ မြန်မာနိုင်ငံအပေါ် ကျင့်သုံးခဲ့သော ပိတ်ဆို့မှုစနစ်များသည် ဒေါက်တာနေဇင်လတ်ပြောသကဲ့သို့ပြောရလျှင် မုန့်မပေးပဲ တုတ်(stick) လိမ့်ကြွေးသည့် စနစ်သာဖြစ်သည်။ တကယ်တမ်းကြည့်လျှင်  ထို ဆန်ရှင်(sanction) များသည် မြန်မာ့ဒီမိုကရေစီရေးဖော်ဆောင်ရာတွင် တွန်းအားမဖြစ်ခဲ့သည့်အပြင် အကျပ်မတည်းအခက်အခဲများကိုသာဖြစ်ပေါ်စေခဲ့သောကြောင့် မြန်မာနှင့်ဒီမိုကရေစီတို့သည် ပိုမိုအလှမ်းဝေးခဲ့ကြသည်။ မိမိအမြင်ပြောရလျှင် ဆန်ရှင်များမရှိခဲ့လျှုင် စစ်အုပ်ချုပ်ရေးသည်လည်း အနည်းဆုံး လွန်ခဲ့သောဆယ်နှစ်ကပင် ရှိတော့မည်မဟုတ်ပေ။ သို့သော် မြန်မာတို့သည် မာကျောကြံခိုင်ခြင်းနှင့် အမှန်တကယ်ပြည့်စုံသူများဖြစ်သည်။ ၁၉၄၉ ခုနှစ်က ရန်ကုန်အစိုးရဟု ခေါ်နိုင်လောက်သော အခြေအနေရောက်အောင် အစိုးရဟူသည် ရန်ကုန်ကွက်ကွက်ကလေးကိုသာ အုပ်ချုပ်နိုင်ခဲ့ရာမှ ယခုကဲ့သို့ လက်မထောင်နေနိုင်အောင် မြန်မာ့ခေါင်းဆောင်များ၏ ဆင့်ကဲဆင့်ကဲ ကြိုးစားမှုများသည် ဆန်ရှင် ဟူသော ပိတ်ဆို့တားဆီးမှုများကို စိုးစဉ်းမျှတုန်လှုပ်ခြင်း မရှိကြောင်းဖော်ပြနေသည်။ ဖိအားပေးအကျပ်ကိုင်ပြီး အလိုရှိရာပြုပြင်ပြောင်းလဲမှုများလုပ်မည်ဟုရည်မှန်းထားသောနည်းဗျူဟာသည် ဒီမိုကရေစီအင်အားစုများအကြားတွင်ပင် သဘောထားကွဲလာကြသည်။ ဆန်ရှင်သည် မည်သည့် ပြောင်းလဲမှုမှ မဆောင်ကျဉ်းနိုင် သည့် အပြင် ပြည်တွင်းအမျိုးသား ရင်ကြားစေ့ရေး၊ စိတ်ဝမ်းကွဲမှုများပပျောက်ရေးအတွက် အကြီးဆုံးသောအနှောက်အယှက်ဖြစ်နေသည် ဟု ဆရာနေသန်မောင် က ဆိုခဲ့ဖူးသည်။ အလွန်မှန်သည်။ပြည်ထောင်စုမြန်မာနိုင်ငံတော်ကြီးသည် “တူတာတွေတွဲလုပ်” ဟူသော သမ္မတကြီး၏ မိန့်ခွန်းများနှင့်အတူ အပြုသဘောဆောင်သောပြောင်းလဲမှုများနှင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကြီး ၏ ဆောင်းဦးကာလာသို့ ရောက်ရှိလာသောအခါ အရှေ့တောင်အာရှ ဒီမိုကရေစီနိုင်ငံများပင်လျှင် မြန်မာအပေါ်ရှိ အမေရိကန်၏ ဆန်ရှင်များကို ခလုပ်တိုက်လာကြသည်။ အမေရိကန်တို့သည် မြန်မာနိုင်ငံအပေါ် ထားရှိသောမူဝါဒများကို  စေ့စပ်ရေး လမ်းကြောင်းသို့ ပြောင်း လဲလိုက်သည်။ စင်စစ် မြန်မာနိုင်ငံသည် ပထ၀ီနိုင်ငံရေးအရ အလွန်အရေးပါသောကြောင့်ပင်ဖြစ်သည်။တရုတ်နှင့်ယှဉ်လျှင်  အာရှနိုင်ငံ များတွင် သြဇာလျှော့ ဆင်းလာသော အမေရိကန်အတွက် မဟာဗျူဟာကျသော နိုင်ငံတစ်နိုင်ငံဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန်ကဲ့သို့သော ထိပ်တန်း အဆင့် အရာရှိမျာအား မြန်မာနိုင်ငံသို့စေလွှတ်ခြင်းက သက်သပြနေသည်။  မြန်မာတို့အနေနှင့်တော့ ဟန်ဘာကာသည် အရေး မဟုတ်တော့ပါ။ ချာပါတီနှင့်ပေါက်ဆီ အဆင်သင့်ရှိနေပြီ။ ယိုးဒယားသင်္ဘောသီးထောင်းကနီးနီးလေး။ ဆာကေးနှင့် ဆူရှီ၊ ဆိုဂျု နှင့် ကင်မ်ချီ ရောင်းမည့်သူများကလည်းမရောင်းတော့ပဲ အလကားပေးရန်ဟန်ပြင်နေသည်။ ဆန်ရှင်ရှိသော်လည်း မြန်မာနိုင်ငံသည် စီးပွားရေးတိုးတက်မှုများ ဝေေ၀ဆာဆာ သီးပွင့်နိုင်သည်ဆိုသည့်အချက်အား အမေရိကန်တို့သိရှိလာဟန်တူသည်။ အချုပ်ဆိုရသော် ယခုအချိန်တွင် မြန်မာနှင့်လက်မတွဲလိုသော သူမျာသည် အရှုံးကြီး ရှုံးလိမ့်မည်။ အမေရိကန်သည် ဆန်ရှင်တံခါးများ တွန်းဖွင့်ရင်း ဖြစ်ပေါ်လာမည့်အရှုံးများကို အချိန်မီ မောင်းထုတ်နေသူတစ်ဦးအဖြစ်သာ မြင်မိပါတော့သည်။

No comments:

Post a Comment