ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 02, 2012

ကိုသူရရေ ... ကျွန်တော်တို့ ယူတတ်ရင်တော့ သင်ခန်းစာပေါ့ဗျာ


From : Khun Saing ·

photo credit to Steve


ဒေါ်အောင်ဆန်းစုကြည် နိုင်ငံခြားခရီးကို ထွက်ခွင့်ရတဲ့ သူ့ပထမဆုံး ဥရောပ ခရီးစဉ်မှာ အင်္ဂလန်ပါတာသေချာပြီဆိုတဲ့အချိန်။ ကျွန်တော်တို့ ဒေါ်အောင်ဆန်းစုကြည်ကို ဘယ်လိုကြိုဆိုကြမလဲဆိုတာကို စ စဉ်းစားဖြစ်ကြတယ်ဆိုပါတော့ဗျာ။ ကျွန်တော်တို့ဆိုတာက တော့ အင်္ဂလိပ်တွေမပါတဲ့ ကျွန်တော်တို့ပေါ့ဗျာ။အင်္ဂလိပ်တွေမှာက သူတို့
ဖာသာအစီအစဉ်တွေ ရှိပြီးသားဖြစ်နေမှာမို့လို့ပဲ။

ကျွန်တော်တို့ အခြေခံစဉ်းစားချက်က ရိုးရိုးလေးပါ။ ဖြတ်သန်းလာခဲ့တဲ့ ပြီးခဲ့တဲ့ ၂၄နှစ်တာ ကာလအတွက် ဒေါ်အောင်ဆန်းစုကြည်ကိုလေးလေးစားစားဂုဏ်ပြုချင်တယ်။ ( နိုင်ငံရေးကို စိတ်ဝင်စားသူမှ မဟုတ် )သူ့ကို လေးစားသူ အင်္ဂလန်ရောက် မြန်မာနိုင်ငံသားမည်သူမဆို ခဏဆုံခွင့်ရကြမယ်။ ရင်းရင်းနှီးနှီးပျော်ပျော်ရွှင်ရွှင် ပွဲလေးဖြစ်ချင်တယ်။ အချိန်သိတ်ပေးနိုင်မှာမဟုတ် ။ အစိုးရလိုအာဏာမျိုးလည်းသူ့မှာမရှိလို့ ပြသနာတွေအားလုံးကို တာဝန်ခံဖြေရှင်းခိုင်းနေတာမျိုးမဖြစ်သင့်ဘူး။ ဒါတွေကဒီ ပွဲရဲ့ အခြေခံပါ။

ခက်တာက ဒါက မြန်မာတွေချည်းလုပ်လို့ရတဲ့ပွဲတော့မဟုတ်ဘူးဖြစ်ခဲ့တယ်။ အင်္ဂလိပ်အစိုးရက ဖိတ်ကြားတဲ့ ဧည့်သည်ဆိုတော့ အရာရာ ကိုယ့်ဖာသာအစီအစဉ်ဆွဲလို့လည်း မဖြစ်ခဲ့။ နေထိုင်ရေး သွားလာရေးလုံခြုံရေးကိစ္စအားလုံးဟာအင်္ဂလိပ်အစိုးရတာဝန် ယူတာဖြစ်လေတော့ သူ့အစီအစဉ်အားလုံး နိုင်ငံခြားရေးဌါနနဲ့ ညှိပြီး မှ ဆောင်ရွက်ရတာဖြစ်တော့တကယ်တန်းကျွန်တော်တို့ တောင်းတဲ့ အစီအစဉ်နှစ်ခုမှာ တခုပြုတ်တယ်။ တခုပဲရတယ်။ နိုင်ငံရေးအရ သီးသန့် မေးမြန်းတွေ့ဆုံဆွေးနွေးကြမယ့်အစီအစဉ်ကို ဦးစားမပေးနိုင်တော့ပဲ အင်္ဂလန်ရောက်မြန်မာပြည်သားတွေနဲ့တွေ့မယ့်အစီအစဉ်ထဲမှာ အမေးအဖြေကဏ္ဍလေးဖြစ်သလို ညှပ် ကြေနပ်လိုက် ရတယ်။

မြန်မာပြည်သားတွေနဲ့တွေ့ဘို့ အချိန်တကယ်တန်းက နေ့တ၀က်လောက်တောင်းပေမယ့် ၂နာရီထဲ ရခဲ့တယ်။ လူအနဲဆုံး ၃ထောင်လောက်လာကြမှာပဲ-တွက်- ပထမတော့ လူများများဆန့်အောင် Park တခုခု မှာ လုပ်မယ်လို့ တွေးကြ။ လူတွေ လာချင်သလောက် လာ။ ပူစရာမလိုဘူးပေါ့။ နောက်တော့ဝင်လာတဲ့ ပြသနာ ၃ခုက ၁။ မိုးရွာရင်ဘယ်လိုလုပ်မလဲ။( တကယ်ကျင်းပတဲ့နေ့မှာလည်း မိုးက အတော်ရွာနေခဲ့တယ်။ )

၂။ professional လုံခြုံရေး အစောင့်တွေ အများကြီး လိုမယ်။ ဘယ်လိုငွေကြေးနဲ့ ဘယ်လိုငှါးမလဲဆိုတဲ့ကိစ္စ။

၃။ သန့်ရှင်းရေးအဖွဲ့ကိုပါ ငှါးရမယ်ဆိုတဲ့ကိစ္စ ။ ဒါ ၃ခုနဲ့တာဝန်တွေကြီးနေတာသွားတွေ့တယ်။

ဒီဒေသက ကျွန်တော်တို့တိုင်းပြည်မှာလို့ ဧရာဝတီမြစ်ဘေး လူတွေသိန်းချီစုဝေးရောက်လာကြ ။ထ ပြန်သွားကြ။ ဘာမှအမှိုက်မရှင်းပဲ ချန်ထားခဲ့လည်းကိစ္စမရှိဘူးဆိုတဲ့ ဒေသမျိုးမဟုတ်ဘူး။ အများနဲ့ ဆိုင်တဲ့ ပန်းခြံတွေမှာ အပြင်လူတယောက်ယောက်။ တဖွဲ့ဖွဲ့က ၀င်သန့်ရှင်းလေးလုပ်ပေးခဲ့လို့မရဘူး။ သူ့လူနဲ့သူ့နေရာ။ စနစ်တကျ လေ့ကျင့်ထားသူတွေ မှ သန့်ရှင်းရေးလုပ်ခွင့်ရှိတဲ့တိုင်းပြည်။
ခန်းမငှါးကြမယ်ဆိုတော့ အင်္ဂလိပ်တွေက ပထမ လူ ၅၀၀လောက်ဆန့်တာကိုစဉ်းစား ပေးတယ်။ ဒါ မဖြစ်ဘူး။ လူအများဆုံး ဆန့်တာ လိုချင်ပါတယ် ။ ရှာပေးကြပါဆိုတော့သိတဲ့အတိုင်းအင်္ဂလန်မှာ ဘာလုပ်လုပ်-လအတော်များများ အချိန်ယူ ကြိုတင်စီစဉ်ရတာဆိုတော့ အခန်းရှာမရဘူး။ အခက်တွေ့တယ်။



photo credit to Steve


photo credit to Steve

နောက်ဆုံးကျမှ ကံကောင်းထောက်မလို့ Royal Festival Hall ကို ရတယ်။ ဒေါ်အောင်ဆန်းစုကြည် နံမည်ကြောင့်လည်းဖြစ်မယ်။
ခန်းမကြေး ပေါင်တသောင်းလောက်ကျမယ်ဆိုတော့ တယောက်၁၀ပေါင်လောက်ထည့်ဝင်ကြရင် အခန်းခရမယ်။ လူအပြည့်လာရင် ငွေ ပိုမယ်။ ပြည်တွင်းလိုတဲ့နေရာသုံးချင်တာသုံး။ ဒေါ်အောင်ဆန်းစုကြည်တို့အပြန်လှူလိုက်ကြမယ်ပေါ့။ ဒါလည်း ဒေါ်အောင်ဆန်းစုကြည်ကို ရုံသွင်း-ငွေရှာပါတယ်လို့-လုပ်လိုက်တော့ ပျက်တယ်။

တကယ်တန်းကျတော့ ဒီပွဲကို စီစဉ်သူ လူတရာပါရင်တောင် တယောက်ပေါင်တရာထည့်ဝင်မှ ပေါင်တသောင်းဆိုတာရမှာ။ အင်္ဂလန်ရောက်နေသူအားလုံးသိပါတယ်။ ဗမာပြည်မှာတော့ စေတနာရှိတဲ့ လယ်သမားကြီးတယောက်က သူ့မြေပေါ်မှာ လုပ်ခွင့်ပေးလိုက်ရင် ဘာစားရိတ်မှမလိုဘူး။ အင်္ဂလန်မှာ လယ်ကွင်းထဲလုပ်တဲ့ ဧရာမ ပွဲတော်ကြီးတခုကျွန်တော်ရောက်ဖူးတယ်။ ဂလပ်စတန်ဘူရီလို့ ခေါ်တယ်။ လူတသိန်းခွဲကျော်လာတယ်။အင်္ဂလန်မှာ ဘယ်မှာမှ နေရာအလကားမရဘူး။ အဲဒီ ပွဲသွင်းတဲ့လူက လယ်ကွင်းတွေကို ပိုင်တဲ့ လယ်သမားတွေနဲ့ ရွာအတွက် လက်မှတ်အစောင် ၂သောင်း အလကားပေးရပါတယ်။ လယ်သမားတွေက လက်မှတ် တစောင်ကို၁၂၅ပေါင် နဲ့ ပြန်ရောင်းစားခွင့်ရကြပါတယ်။

မြန်မာလူထုနဲ့ဆုံတဲ့ပွဲ မို့ စပွန်ဆာလိုက် ရှာနေရင်လည်း အပြောလွတ်မယ်မထင်ပါဘူး။

တကယ့်ပွဲနေ့ကျတော့ ပရိုဂရမ်မှာ အဓိက ချို့ယွင်းချက်က stage manager မရှိလိုက်တာပဲ။ မရှိတော့ လူရွှင်တော်ဇာဂနာတယောက် အစီအစဉ် အတိုင်းသွားနေရင်း မဆိုင်တာတွေ လိုက်လုပ်နေရတော့တယ်။
ပရိသတ်တွေဆီကနေ ဒေါ်အောင်ဆန်းစုကြည်ဆီကိုတဖွဲဖွဲရောက်လာနေတဲ့-- ပို့နေတဲ့ လက်ဆောင်အထုတ်တွေ ။
ဒါတွေကို လုံခြုံရေးတွေ က အချိန်မဆိုင်းပဲ စင်ပေါ်ကအခန်းအနားမှူး ကိုဇာဂနာကိုဖွင့်ခိုင်းနေခဲ့တယ်။ လုံခြုံရေးကလည်းသူ့တာဝန်သူလုပ်တာလေ။ သူတို့သိချင်တာ ဒီအထဲမှာဘာပါမလဲ။ သူတို့သိဘို့လိုတယ်။ ဒေါ်အောင်ဆန်းစုကြည်ကို မပို့ခင်သူတို့သိဘို့လိုတယ်။

နောက်ဆုံးတော့ လက်သန်းလောက်ရေမွှေးပုလင်းနမူနာလေးတွေကအစ ချိုင်းချွေးနံ့ပျောက်အောင်သုတ်တဲ့ လိမ်းဆေးဗူးလေးတွေအဆုံး။ အစီအစဉ်မှူး ကိုဇာဂနာ သဲကြီးမဲကြီး ဖေါက်နေခဲ့ရတော့တာပေါ့။ နောက်ထပ်ဆင့်ပွါးပြသနာတခုက ဖလားထဲက မေးခွန်းတွေ။ မေးခွန်းတွေက လိုတိုရှင်းတွေမဟုတ်ပဲ- ဆောင်းပါးတွေ ကဗျာလက်ဆောင်တွေအပြင်။ အဆိုးဆုံးက မဟုတ်တဲ့ မေးခွန်းတွေ ။ ဒါတွေကတော့ ကာယကံရှင်တွေကလွဲရင်တခြားသူတွေ နားထောင်လည်း ဒေါသသင့်စရာ အချိန်ကုန်စရာတွေဖြစ်နေလို့ ကိုဇာဂနာ ဖယ်ပစ်ရပါတယ်။ ဒါကိုတောင် မဟုတ်တဲ့မေးခွန်းတွေ ဒေါ်စုကို ဖြေရအောင် ကိုဇာဂနာ မဟုတ်တရုတ်ကြံစည်ပြီး တမင်ဖန်တီးနေခဲ့တာလို့ရေးသူကရေးတာတွေ့လိုက်တယ်။ တကယ်ပယ်လိုက်တဲ့မေးခွန်းနဲ့အရေးအသားတွေသာတွေ့ရင်သူတို့ ဘယ်လိုဖြစ်ကြမယ်မသိဘူး။

နောက်ဆုံးတော့ ဆရာတော်တွေရဲ့ အစီအစဉ် ကျန်ခဲ့ပါလေရော။ ဒါ ဧရာမ အမှားကြီးပေါ့။ ဒါတမင်ဖန်တီးတာတော့ မဟုတ်တာအမှန်ပါ။ ကျွန်တော်တို့ အားလုံး ဒီအစီအစဉ်ကို အလေးအနက်ထားခဲ့ကြပါတယ်။ စင်ပေါ်မှာ ဆရာတော်တွေ ကြွလာတဲ့အခါ ဒေါ်အောင်ဆန်းစုကြည် က စင်ပေါ်ကနေ ဘယ်လို ရိုသေသမှုနဲ့ လက်အုပ်ချီရမလဲ။ ပရိသတ်တွေ ထောင်ချီနေတဲ့ကြည့်နေတဲ့ စင်မြင့်တခုပေါ်ရောက်နေတဲ့ လူထုခေါင်းဆောင်တယောက်က စင်ပေါ်ကနေ ဆရာတော်တွေကို အရိုအသေပြုတဲ့နေရာမှာ အဂါရ၀ မဖြစ်ဘို့ အမြင်မှာလည်းတင့်တယ်ဘို့ အတော်ခက်တဲ့အတွက် ကျွန်တော်တို့အားလုံး စိုးရိမ်ပူပန်မှုနဲ့ စဉ်းစားဖြစ်ခဲ့တဲ့ ကိစ္စတွေပါ ။ ခုတော့ နတ်ကြီးတယ်လို့ပြောရမလား ။ အုန်းပွဲငှက်ပျောပွဲ မစီစဉ်မိလိုက်လို့ အင်္ဂလန်နတ်က ချောက်ချလိုက်တာလား မသိလိုက်တော့ပါ။ တမင်ကြံစီတာလို့ ပြောတာတော့တော်တော်ဆိုးပါတယ်။ဒီလိုဖြစ်ပြီး သိတာနဲ့ ဘယ်လိုအကောင်းဆုံးတောင်းပန်သင့်တယ်။ ဘယ်လိုဆက်စီစဉ်ရင် ဖြေသာမယ်ဆိုတာကိုပါ ဆက်ပြောဖြစ်ကြ။လုပ်ဖြစ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ ပြီးပြီးချင်းယူကျူံးမရ နဲ့ ဖြစ်နေကြချိန်မှာ နဲနဲချင့်ချိန်တဲ့မိတ်ဆွေတယောက်ကဖြေပြောပြောပါတယ်။ ဘုန်းဘုန်းတွေစင်ပေါ် တက်ပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ ပြည်သူတွေအတွက် ကောင်းကျိုးလိုရာတွေ ဆုတောင်းပေးဖြစ်ရင်တခြား ဘာသာဝင်တွေကလည်း သူတို့ဘာသာကျတော့ မပါရကောင်းလားလို့ ၀ိုင်းပြောကြနေကြမှာ ။ အခု အဲဒါမဖြစ်တော့ဘူးပေါ့တဲ့။

No comments:

Post a Comment