ရှမ်းပြည်နယ်အတွင်း RCSS အဖွဲ့ သစ်ကုလားအုပ်ကဲ့သို့လုပ်ဆောင်နေကြောင်း “၀”အဖွဲ့မှပြောကြား
RCSS
နဲ့ အစိုးရတို့ ငြိမ်းချမ်းရေးလက်မှတ်ရေးထိုးခဲ့ပြီးနောက် အေးချမ်းလာခဲ့တဲ့ ရှမ်းပြည်နယ်အတွင်း
မကြာမီက အစိုးရတပ်နဲ့ RCSS တို့ အပြန်အလှန်ပစ်ခတ်မှုအချို့ဖြစ်ပွားခဲ့ကြောင်း ကြားရပါတယ်။
မြန်မာ-ထိုင်းနယ်စပ် စစ်ရေးလေ့လာသူအချို့ထံမှ တိုက်ပွဲဖြစ်ရခြင်းအကြောင်းအရင်းများကို
စုံစမ်းကြည့်တဲ့အခါ အများစုကတော့ RCSS အဖွဲ့တွေ ကိုယ့်နေရာကိုယ်မနေဘဲ ရှမ်းပြည်နယ်အနှံ့
သွားလာနေတဲ့အတွက် တိုက်ပွဲဖြစ်ရကြောင်း အခုလိုပြောပြပါတယ်။
“အစိုးရနဲ့ RCSS တို့ ကျိုင်းတုံမှာဆွေးနွေးပြီးပြီဗျာ၊ စစ်တပ်က ဒုတိယအကြီးဆုံး
ဗိုလ်ချုပ်ကြီး စိုးဝင်း ကိုယ်တိုင် လာတက်ခဲ့တယ်ဗျ။ သူတို့ဆွေးနွေးတဲ့အထဲမှာ RCSS အဖွဲ့တွေကို
နေရာချထားရေး အတွက်လည်းပါတယ်။ ကျွန်တော်သိရသလောက် သူတို့ကို မုံးထဘက်မှာ နေရာချထားဖို့
စစ်တပ်ဘက်က သဘောတူတယ်။ နယ်မြေအခြေအနေလေ့လာဖို့လည်း အဖွဲ့တွေဖွဲ့စည်းခဲ့တယ်။ ကျွန်တော့်အထင်
သူတို့ဆုံးဖြတ်တဲ့အထဲမှာ RCSS အဖွဲ့တွေ တွေ့ကရာနယ်မြေတွေထဲ သွားလာမနေစေတော့ဘဲ နှစ်ဘက်သဘောတူတဲ့
မုံးထဘက်မှာသာ မိသားစုတွေနဲ့ နေထိုင်ဖို့ဖြစ်မယ်လို့ယူဆရတယ်”။
နောက်ပိုင်းကြားရတဲ့ သတင်းများအရ အစိုးရက ငြိမ်းချမ်းရေးလုပ်လိုသော်လည်း
စစ်တပ်ဘက်မှ ငြိမ်းချမ်းရေးမလိုလားဆိုတဲ့ အသံများလည်းကြားရတဲ့အတွက် RCSS နှင့်နီးစပ်သူတစ်ဦးကို
မေးကြည့်တဲ့အခါ သူကဒီလိုပြောပါတယ်။
“အစိုးရကဖွဲ့တဲ့
ငြိမ်းချမ်းရေးဆွေးနွေးတဲ့အဖွဲ့ထဲမှာ စစ်တပ်ခေါင်းဆောင်ပိုင်းတွေပါတယ်။ အခုလက်ရှိ မြန်မာပြည်မှာ
လက်မှတ်ထိုးပြီးတဲ့အဖွဲ့ ၁၀ ဖွဲ့ရှိတယ်။ သေနတ်သံထွက်နေတာ RCSS နေရာနဲ့ SSPP/SSA အဖွဲ့နေရာတွေမှာပဲရှိတယ်။
ကျန်တဲ့နေရာတွေအားလုံး အေးချမ်းနေပြီ။ ဒီနှစ်ဖွဲ့က အလိုတူ အလိုပါ အဖွဲ့တွေပဲဖြစ်တယ်။
စစ်တပ်နဲ့ သူတို့အဖွဲ့တွေ ပစ်ကြခတ်ကြဆိုရင် သူ့အပြစ် ကိုယ့်အပြစ်ပြောနေတာထက် သေချာတာကတော့
လက်ခုပ်ဆိုတာ နှစ်ဖက်တီးမှမြည်တာပဲဗျာ။ ခင်ဗျားစဉ်းစားကြည့်ပေါ့” လို့ ပြောပါတယ်။
ဖြစ်သင့်တာကတော့ မင်းမှာသစ္စာ၊ လူမှာကတိဆိုတာရှိတယ်။ နှစ်ဖက်သဘောတူထားတဲ့နေရာမှာပဲ
နေရင် သေနတ်သံကြားရမယ်မထင်ဘူး။ အစိုးရတပ်ကတော့ သူ့အလုပ်နဲ့သူ သွားလာနေတာရှိမှာပဲ။ RCSS
က မရောက်သင့်တဲ့နေရာရောက်နေရင် ဒီလိုပဲဖြစ်နေအုံးမယ်ထင်တယ်။ ဒါနဲ့ပတ်သက်ပြီး RCSS နဲ့
မုံးထဘက်မှာ နီးနီးစပ်စပ်နေနေသူ “၀”အဖွဲ့က ခေါင်းဆောင်တစ်ဦးကို RCSS အဖွဲ့နဲ့ စစ်တပ်
ပစ်ခတ်မှုတစ်ချို့ဖြစ်ခဲ့တဲ့အပေါ် သူ့ရဲ့အမြင်နဲ့ RCSS အဖွဲ့ရဲ့လုပ်ဆောင်မှုတွေအပေါ် သူရဲ့သဘောထားကို
မေးမြန်းခဲ့ပါတယ်။
“စစ်တပ်နဲ့ သူတို့နဲ့ဖြစ်တဲ့ကိစ္စမှာ
အဓိက ကတော့ သတ်မှတ်တဲ့နေရာမှာ မနေတဲ့ပြဿနာပဲဗျာ၊ ဒီ RCSS အဖွဲ့တွေက
သစ်ကုလားအုပ်လိုပဲ၊ သူများတဲထဲကိုဝင်နေချင်တာ၊ ကျွန်တော့်တို့နယ်မြေထဲကို
ကျူးကျော်လာတာ ၂ ကြိမ်ရှိပြီ၊ ပထမတစ်ကြိမ်
ဇွန်လ လယ်လောက်မှာ နားယောင်းရဲ့တောင်ဘက်ခြမ်းကို ကျူးကျော်လာတယ်။ ဒုတိယတစ်ကြိမ်က မကြာခင်ရက်ပိုင်းလောက်ကမှ သူတို့အဖွဲ့တွေ
ဓည၀တီ/ဆန်စုရဲ့ အနောက်ဘက် ကျွန်တော်တို့ ခေါ်တဲ့နာမည် လွယ်မွန်တောင်ဘက်ကို ရောက်လာတယ်။
အားလုံး ၁၀၀ လောက်ရှိတယ်၊ ခေါင်းစဉ်တပ်တော့
သစ်ခုတ်၊ ၀ါးခုတ်ဖို့လို့ပြောတယ်၊ ကျွန်တော်တို့လူကြီးတွေ တော်တော်စိတ်ရှည်ရှည်ထားပြီး
သူ့နေရာသူပြန်ဖို့ပြောခဲ့ရတယ်”။
RCSS က နယ်မြေ ကျူးကျော်မှုတွေလုပ်နေတာနဲ့ပတ်သက်ပြီး “၀”အဖွဲ့ရဲ့
ဆက်လုပ်မယ့်အစီအစဉ် တွေကို မေးကြည့်တဲ့အခါမှာတော့ အခုလိုပြောပါတယ်။
“သူတို့ရဲ့ ခေါင်းဆောင်
ယွက်ဆစ်ဟာ အပြောတစ်မျိုး၊ အလုပ်တစ်မျိုးပါဗျာ၊ သူကတော့
ငြိမ်းချမ်းရေးစကား လူကြားကောင်းအောင် ပြောနေပေမယ့် သူ့လက်အောက်ကိုတော့ သူများနယ်မြေထဲ
ဝင်နေဖို့မှာထားတယ်လို့သိရတယ်။ ကျွန်တော်တို့ပြောရင်တော့ သူ့အောက်ကလူတွေ သူ့အမိန့်အတိုင်း
မလုပ်တာလို့ဘဲ တာဝန်မဲ့စကားပြောတယ်။ ခုတော့ ကျွန်တော်တို့ဘက်က ကျလောဘိုကိုယ်တိုင် အစည်းအဝေးထိုင်ပြီး
သူတို့အဖွဲ့တွေဝင်မလာအောင် အင်အားဖြည့်တာတွေလုပ်နေရတယ်။ ဒီအတိုင်းဆိုရင် စစ်တပ်နဲ့သူတို့ဖြစ်သလို
ကျွန်တော်တို့လည်း ကိုယ့်နယ်မြေ ကာကွယ်ဖို့တော့ ပစ်တန်ပစ်ရတော့မယ်”လို့ ဖြေကြားပါတယ်။
လေ့လာရတဲ့သတင်းတွေအရ ကျိုင်းတုံငြိမ်းချမ်းရေးဆွေးနွေးပွဲမှာ
သတ်မှတ်နေရာမှာပဲနေဖို့ ဆုံးဖြတ်ပြီးသားလို့သိရပါတယ်။ သတ်မှတ်ထားတဲ့နေရာမဟုတ်ပဲ သွားမယ်ဆိုရင်
ကြိုတင်ဆက်သွယ်ရပါမယ်။ လက်နက်မပါဘဲသာ သွားလာရမှာဖြစ်ပါတယ်။ အစိုးရနဲ့ စစ်တပ်ဖက်က တစ်နိုင်ငံလုံးအနေနဲ့
ငြိမ်းချမ်းရေး ဆွေးနွေးနေတာ ဖြစ်ပါတယ်။ RCSS တစ်ဖွဲ့တည်းနဲ့ဆွေးနွေးနေတာမဟုတ်ပါဘူး။
ဒါကြောင့် လက်မှတ်ထိုးထားတဲ့ စာချုပ်ပေါ်မှာ RCSS အနေနဲ့ လေးစားမှုရှိရမှာဖြစ်ပါတယ်။
ရှေ့တစ်မျိုး၊ နောက်တစ်မျိုး လုပ်ရင်တော့ အတုအယောင်ငြိမ်းချမ်းရေးပဲ
ရနိုင်တယ်ဆိုတဲ့အကြောင်း ရှမ်းပြည်နယ် ဒေသခံတွေဆီက သိရှိရကြောင်းပါ။
No comments:
Post a Comment