ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, August 20, 2012

ABSDF မြောက်ပိုင်း ကျောင်းသားတပ်ဖွဲ့နဲ့ အစိုးရတပ် တိုက်ပွဲဖြစ်


ဒီကနေ့ ညနေအချိန်က လက်ဂျားယန်အနီးရှိ တောင်ကုန်းမှာ တပ်စွဲထားတဲ့ အစိုးရတပ်နဲ့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး မြန်မာပြည်မြောက်ပိုင်း တပ်ဖွဲ့တွေနဲ့ တိုက်ပွဲ ဖြစ်ပွါးခဲ့ပါတယ်။
ကေအိုင်အို ဌာနချုပ်ရှိရာ လိုင်ဇာကနေ မြစ်ကြီးနားကိုသွားမဲ့ ကားလမ်းနဘေးရှိ တောင်ကုန်းပေါ်မှာ အစိုးရတပ် ခလရ ၄၀ တပ်ရင်း တပ်စွဲထားတာဖြစ်ပါတယ်။
အေဘီအက်စ်ဒီအက်ဖ် မြောက်ပိုင်း ကျောင်းသားအဖွဲ့နဲ့ တိုက်ပွဲဖြစ်ပွါးပုံကို မြောက်ပိုင်း ကျောင်းသားခေါင်းဆောင် ကိုလဆိုင်းက ခုလိုပြောပြပါတယ်။
“ခလရ ၄၀ ဆင်းလာတာ အဲဒါကြောင့် ကျနော်တို့ဆီကဟာနဲ့ ထိပ်တိုက် တွေ့ကြတာပေါ့။ ဒါပေမဲ့
အခြေအနေကတော့ သူတို့ကတော့ ပြန်ဆုတ်သွားတဲ့ အနေအထား ၅နာရီခွဲ ကျော်ကျော်လောက်ကနေ ဖြစ်တာ။ တိုက်ပွဲကြီးတော့ မဟုတ်ပေမဲ့ လက်ဂျားယန်မှာ ထိုင်တဲ့ ခလရ ၄၀ လေ သူတို့ရိက္ခာ ပြတ်တယ်လေ။ ရိက္ခာ လာပို့တဲ့အဖွဲ့တွေကို ကြိုမဲ့သဘောရှိတယ်။ အဲဒီအခါမှာ ကျနော်တို့ စောင့်နေတဲ့ ကျောင်းသား ရဲဘော်တွေနဲ့ ထိပ်တိုက်တွေ့တာ။ ဒါပေမဲ့ အခြေအနေက ဘယ်လိုလာအုံးမလဲမသိဘူး။ ဆက်ဖြစ်ပွါးနေတာ”
ကျောင်းသားတပ်မတော်က အင်အား ၅၀ ကျော်လောက်ရှိပြီး ကေအိုင်အေ တပ်တွေနဲ့ ပူးတွဲ နေရာ ယူထားတယ်လို့လည်း သိရပါတယ်။
လဂျားယန် တောင်ကုန်းဟာ ကေအိုင်အို ဌာနချုပ်နဲ့ ၇ မိုင်လောက်သာ ဝေးပြီး ၂၀၁၁ ဇွန်လ မှာ ကေအိုင်အေ နဲ့ တိုက်ပွဲ စဖြစ်ကတည်းက အစိုးရတပ်က အခိုင်အမာ တပ်စွဲထားတာ ဖြစ်ပါတယ်။
အခုလို ရိက္ခာပို့လာတိုင်း ကေအိုင်အေနဲ့ ကျောင်းသားတပ်ဖွဲ့တွေနဲ့ အမြဲလိုလို တိုက်ပွဲဖြစ်နေတာ ဖြစ်ပါတယ်။
လွန်ခဲ့တဲ့လက အဲဒီတိုက်ပွဲမှာ ကျောင်းသား တပ်ဖွဲ့က တစ်ဦး ကျဆုံးသွားတယ်လို့ သိရပါတယ်။
အစိုးရတပ်နဲ့ ကေအိုင်အေ တပ်တွေလည်း နေ့တိုင်းလို တိုက်ပွဲဖြစ်နေပြီး ဒီနေ့ဆိုရင် ပန်ဝါဒေသ၊ ရှမ်းပြည်မြောက်ပိုင်း တပ်မဟာ ၄ ဒေသ၊ တပ်မဟာ ၃နဲ့ ဗဟိုဌာနချုပ် ဒေသအတွင်း တပ်မဟာ ၅ ဒေသရှိ နမ့်ဆန်ယန် ရွာအနီးမှာ တိုက်ပွဲတွေ ဖြစ်နေတယ်လို့ ကိုလဆိုင်းက ပြောပါတယ်။
from-RFA

No comments:

Post a Comment