ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, September 11, 2012

အမျိုးသားရေးလှုပ်ရှားမှုအဖြစ်ပြောင်းလဲလာတော့မည့် လက်ပန်တောင်းတောင်ကြေးနီစီမံကိန်း



လက်ပန်တောင်းတောင်ကြေးနီသထ္တုတွင်းစီမံကိန်း တည်ဆောက်ရေးလုပ်ငန်းများကြောင့် ဒေသခံပြည်သူလူထုနှင့်ကျေးရွာများ ပျက်စီး ဆုံးရှုံရခြင်းမှာ မြန်မာတစ်နိုင်ငံလုံးနှင့်သက်ဆိုင်သည့် သဘာဝတောတောင် ရေမြေများပျက်စီးဆုံးရှုံးနေခြင်းကို အချိန်မှီ ကာကွယ်နိုင်ရန် မြန်မာပြည်သူအပေါင်းမှ လက်မှက်ရေးထိုး တောင်းဆိုနိုင်ရန် စီစဉ်ဆောင်ရွက်လျက် ရှိကြောင်း မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသားမိသားစုများ အကျိုးဆောင်ကွန်ယက်က သိရသည်။

“ကျွန်တော်တို့ အမျိုးသားရေးဆိုင်ရာ လှုပ်ရှားမှုအဖြစ်နဲ့ တစ်ပြည်လုံး အတိုင်းအတာ လက်မှတ်ထိုး လှုပ်ရှား ဆောင်ရွက်မှုတွေ ကိုစတင် ဆောင်ရွက်ပါပြီ။ နိုင်ငံတော်သမ္မတဆီကို ဒီလက်မှတ်တွေ တင်ပြပြီး စီမံကိန်း ရပ်ဆိုင်းဖို့ တောင်းဆိုသွားမှာပါ ” ဟု မြန်မာနိုင်ငံ နိုင်ငံရေးအကျဉ်းသား မိသားစုများ အကျိုးဆောင် ကွန်ယက် တာဝန်ခံကိုဟန်ဝင်းအောင်က ပြောသည်။

လက်ပန်တောင်းတောင် ကြေးနီစီမံကိန်းမှာ တိုင်းပြည်နှင့် လူမျိုးအတွက် မည်ကဲ့သို့ အကျိုးပြုနိုင်သည် သဘာဝပတ်ဝန်းကျင်အား မည်သည့်အတိုင်းအတာအထိ ထိခိုက်နိုင်သည်ကို မြန်မာ့စီးပွားရေးဦးပိုင်နှင့် မြန်မာ ၀မ်ဘိုကုမ္ပဏီ က ရှင်းလင်း၊ တိကျသော ဖြေရှင်းချက်များအား ပြည်သူအားလုံးသိရှိနိုင်ရန်အတွက် ပွင့်ပွင့် လင်းလင်းချပြရန် လိုအပ်ကြောင်းကိုလည်း ၄င်းက ဆက်ပြော သည်။

မုံရွာခရိုင်ဆားလင်းကြီးမြို့နယ်ကြေးစင်တောင် နှင့်စံပါယ်တောင်ကြေးနီစီမံကိန်း ဒေသတစ်ဝိုက်တွင် ရှိသော ကျေးရွာများရှိ တောင်သူ များအနေဖြင့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာအခက်ခဲများဖြင့် လက်တွေ့ ရင်ဆိုင်နေရ ကြောင်း ဆားလင်းကြီးမြို့နယ် ဒေသခံများ ထံက သိရှိရသည်။

“ကြေးစင်တောင်နဲ့ လက်ပန်တောင်းတောင်က စွန့်ပစ်မြေတွေကို ယာမြေတွေပေါ် လာစွန့်ပစ်တယ်လို့ သိရ တယ်။ အခုဆိုရင် စံပယ်တောင်မှာ ရေမရတော့ဘူး၊ ကံကုန်းရွာက ရေတွေဆိုလည်း လုံးလုံးကို သောက်သုံးရန် မသင့်တော့ဘူး။ ဓါတ်ခွဲခန်းကို ပို့ပြီးတော့ စစ်ကြည့်ပြီးပြီ၊ မြေအောက်မှာရှိတဲ့ ရေတွေဆိုလည်း ပျက်စီးကုန်ပြီ၊ တောင်ယာမြေတွေဆိုရင်လည်း စိုက်ပျိုးလို့ကို မရတော့လောက် ဖြစ်နေပြီ”ဟု မြန်မာအစိမ်းရောင်ကွန်ယက် (MYANMAR GREEN NETWORK)မှ ယာယီဥက္ကဋ္ဌ ဖြစ်သူ ဒေါ်ဒေ၀ီ သန့်စင်က ပြောသည်။

ရေရှည်တွင် အဆိုပါဒေသမှ ရွာခံများ၏ ကျောက်ကပ်ပျက်စီးနိုင်ကြောင်း၊ လက်ရှိတွင် လေထုထဲ၌ ဆာလဖာနံ့ များ ရရှိနေ ကြောင်းနှင့် ၄င်းတို့အနေဖြင့်လည်း စီမံကိန်းများကြောင့် ညစ်ညမ်းသွားသည့်ပတ်ဝန်းကျင်အရေးအား သက်ဆိုင်ရာအဖွဲ့အစည်းများ ထံသို့ တင်ပြသွားရန် အစီအစဉ်ရှိကြောင်းကိုလည်း ၄င်းက ဆက်လက် ပြောကြား ခဲ့သည်။

‘’နောက်တစ်ခု ကြီးကြီးမားမား စိုးရိမ်စရာကောင်းတာက စွန့်ပစ်လိုက်တဲ့ ပစ္စည်းတွေကနေ ယမားချောင်းထဲ ရောက်မယ်၊ အဲဒီကနေတစ်ဆင့် ချင်းတွင်းမြစ်၊ နောက် ဧရာဝတီမြစ်ထဲကိုရောက်မယ်။ ရေထဲမှာ ဓါတုဗေဒပစ္စည်းတွေပါ လာပြီ ဆိုကတည်း က အဲဒီရေက မသန့်နိုင်တော့ဘူး။ အဆိပ်ဖြစ်တဲ့ ငါးတွေစားမိရင်လဲ လူတွေမှာ အသက်အန္တရာယ် ရှိလာမှာဘဲ။ သဘာဝပတ်ဝန်း ကျင်ကိစ္စနဲ့ ပတ်သက်တဲ့ သတ္တုတွင်း ဥပဒေလဲ အခု လထဲမှ ထွက်လာပြီဖြစ်တဲ့အတွက် ဥပဒေအတိုင်း လိုက်နာကျင့်သုံး အ ကောင်အထည် ဖေါ်ဖို့လိုတယ် ” ဟု မြန်မာ တစ်ပြည်လုံးအတိုင်းအတာဖြင့် သက်ဆိုင်ရာ ပညာရှင်များအပါအ၀င် NGOများဖြင့် ဖွဲ့စည်းတည်ထောင်ထား သည့် မြန်မာအစိမ်းရောင်ကွန်ယက် (MYANMAR GREEN NETWORK)ယာယီဥက္ကဋ္ဌဖြစ်သူ ဒေါ်ဒေ၀ီ သန့် စင် က ပြောကြားသည်။

ကြေးစင်တောင်နှင့်ကပ်လျှက်ရှိသည့် ကြေးနီထွက်ရှိသော စံပါယ်တောင်သည် ဧက(၄၀)ရှိသော်လည်း တူးဖော်သည့်အခါ ဧက (၇၀)ဖြစ်လာပြီး အနက်(၄၀၅)ပေ အထိဖြစ်လာကြောင်းကိုလည်း သိရှိရသည်။

ကြေးနီစတင်ထုတ်လုပ်စဉ်က ကြေးနီအရိုင်းတုန်းများ အမှုန့်ကြိတ်ချေသန့်စဉ်ခဲ့သော်လည်း စားရိတ် စက ကြီးမားသောကြောင့် ၄င်းအရိုင်းတုန်းများအား မိုးကာပေါ်ပုံပြီး စပန်လာစနစ်(ဆာလဖြူရစ်အက်စစ် ဖြန်းသည့် စနစ်)ဖြင့်ပြောင်းလဲ ထုတ်လုပ်ခဲ့ကြောင်း ကို လည်း သိရှိရသည်။

အက်စစ်ဖြန်းပုံရသည့် ဆလိုက်းမြေသည်ဧက(၇၀၀)ကျော်ရှိပြီး မိုးရာသီတွက် အက်စစ်များမပြန့်ရန် ဆည်ဘောင်များ ပြုလုပ်တား သော်လည်း စနစ်တကျမရှိခြင်းကြောင့် ပြိုကျကာ ကျေးရွာစိုက်ခင်းများနှင့် ရေမြောင်းထဲသို့ ပြန့်နှံခဲ့ကြောင်းကိုလည်း ဒေသခံတို့ ထံမှ သိရှိရသည်။

၎င်းဘေးထွက်ဆိုးကျိုးအား စပါယ်တောင်အနီးရှိ ကံကုန်းကျေးရွာ၊ ဒုန်းတောကျေးရွာ၊ ဂုံတော်ကျေးရွာနှင့် ရွာသာကျေးရွာများမှ လယ်မြေဧက(၃၀၀၀)ခန့်မှာ ကြေးနီစွန့်ပစ်မြေများပုံထားခြင်းကြောင့် မူလစံပါတောင်အမြင့် ၏ ထက်ဝက်ကျော်သို့ ရောက်နေသည်။

ယခုအချိန်တွင် စံပါယ်တောင်သည် ရေကန်ကြီးသဖွယ်ဖြစ်နေကြောင်း လက်ပံတောင်းတောင်ပြည်သူအကျိုး စီးပွားကာကွယ်ရေး ကော်မတီ၏ သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေး အစီရင်ခံစာ(၁)တွင် ဖော်ပြထားသည်။

‘ကျွန်တော်တို့ရွာမှာ သောက်ရေသောက်လို့ မရတော့ဘူး၊ ဟိုတုန်းက သောက်လို့ရတယ်၊ ကြေးစင်တောင်မှာ သထ္ထုတူးဖော်နေတဲ့ မြန်မာယန်စီကုမ္မဏီက ရေသန့်စက်လုပ်ပေးထားတယ် ရေသန့်စက်ကရေက သိပ် မကောင်း ဘူး’ဟု ဆားလင်းကြီးမြို့နယ် ကန် ကုန်းကျေးရွာမှ ကိုမိုးခိုင်က ပြောသည်။

ကြေးစင်တောင်ကြေးနီစီမံကိန်းမှ စွန့်ပစ်မြေစာများပစ်ခံရသော တောင်သူမြေများပေါ်တွင် ကောက်ပဲသီးနှံများလုပ်ကိုင်စား သောက် ၍ မရတော့ကြောင်း ဒေသခံများက ဆိုသည်။

‘သထ္ထုတူးဖော်ရေးကုမ္ပဏီကနေ စွန့်ပစ်မြေစာအပုံကြီးတွေ လယ်ကွင်းတွေ ခဲလာပုံတော့ ထွန်လို့လည်း မရတော့ဘူး စိုက်လို့ လည်းမရဘူး ဒီတိုင်းပဲ ထားလိုက်ရတယ်။ သူတို့ပြောတော့(၃)နှစ် သီးနှံလျော်ကြေး ပြောပြီးအခုမှ မြေလျှော်ကြေးဆိုပြီး မလိမ့် တပတ်လုပ်သွားတယ်’ဟု ဆည်တည်းကျေးရွာမှ တောင်သူကိုဌေးဝင်းလေးက ၄င်းအဖြစ်ကို ပြောသည်။


from :  မြစ်မခ

No comments:

Post a Comment