ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Thursday, September 13, 2012

ဒီမိုကရေစီကို ဈေးပေါအောင် မလုပ်ကြပါနဲ့ (မောင်ဝံသ)



စိုးရိမ်မိတယ်
၁၉၈၈ ခု စက်တင်ဘာ အာဏာသိမ်းပြီးချိန် နောက်ပိုင်းမှာ ညကလပ်တွေဖွင့်ကြ၊ ကာရာအိုကေတွေဆိုကြ၊ လူတွေမြင်ကွင်းမှာ အတွဲတွေ သောင်းကျန်းကြ၊ အရက်အမျိုးမျိုး လိုင်စင်ယူပြီး ထုတ်လုပ်ကြ၊ သောက်ကြ မူးကြတာကို နေရာအတော်များများမှာ တွေ့ရတယ်။ အမျိုးသားယဉ်ကျေးမှုနဲ့ မလျော်ညီတဲ့ အပြုအမူတွေကို ဟန့်တားနှိပ်ကွက်ရမယ့်အစား ဒေသ တာဝန်ရှိသူတချို့က .လိုချင်ဦးလေ ဒီမိုကရေစီ၊ တွေ့တယ်မဟုတ်လား။ ဒီမိုကရေစီ ရရင်ဒီလိုဖြစ်ကုန်မယ်ဆိုတာ အကြောင်းသိအောင် ကျုပ်တို့ကတော့ လက်ပိုက်ကြည့်နေလိုက်တယ်…  လို့ ပြောတာကို ကျွန်တော်နားနဲ့ ဆတ်ဆတ်ကြား ဖူးလိုက်ရပါသဗျ။
ဟော အခုလည်း ဟိုနေရာ ဒီနေရာတွေမှာ ဆန္ဒပြကြ၊ ပိုစတာထောင်ကြလုပ်ကြတာကို အဲသလို စိတ်အချဉ်ပေါက်ပြီး ပြောသူတွေ ရှိလာပြန်ပြီး ဒါတင်မက ဒီမိုကရေစီ ခေါင်းဆောင်ဆိုတဲ့ ဂုဏ်ပုဒ်ကို ပေါပေါလောလော သုံးလာကြတာ သတိထားမိတယ်ဗျာ။ တမင်တကာများ ဒီမိုကရေစီကိုဈေးပေါအောင် လုပ်နေရော့သလားလို့ စိုးရိမ်မိတယ်ဗျ။

စစ်အာဏာရှင် ခိုင်မြဲရေးလား
ကျွန်တော်တို့ တိုင်းပြည်မှာ ရှစ်လေးလုံး အရေးတော်ပုံကြီးလို့ ကမ္ပည်းထိုးခဲ့ရတဲ့ ဒီမိုကရေစီ တောင်းဆိုသော ပြည်သူ့လှုပ်ရှားမှုကြီး ဖြိုခွင်းခံလိုက်ရပြီး ဒီမိုကရေစီလမ်းကြောင်းနဲ့ ဝေးရာဆီသို့ ရွေ့မျောနေခဲ့ရာက နိုင်ငံတော်သမ္မတဦးသိန်းစိန် တက်မလာခင်အထိ အစိုးရနဲ့ ပတ်သက်ပြီး အထင်ရှားအပေါ်လွင်ဆုံးရှုမြင် သုံးသပ်ချက်တစ်ခုပဲရှိခဲ့တယ်။ အဲဒါကတော့ ၂၀၁၀ ရွေးကောက်ပွဲကတဆင့် ပေါ်ထွက်လာမယ့် အစိုးရဟာ ကျွန်တော်တို့နိုင်ငံမှာ ၁၉၆၂ ခုနှစ်ကတည်းက တည်ရှိလာခဲ့တဲ့ စစ်အာဏာရှင်စနစ် ရာသက်ပန် တည်တံ့ခိုင်မြဲရေးကို( မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီ အစိုးရတုန်းကလိုပဲ) ခါတော်မီပုံသဏ္ဍန်သစ်တစ်ခုခုနဲ့ ကြိုးပမ်း လုပ်ဆောင်သွားမယ့် အစိုးရမျိုးပဲ ဖြစ်မှာပါဆိုတဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်တယ်ဗျ။
စဉ်းစားပုံ စဉ်းစားနည်း
၁၉၉၀ ရွေးကောက်ပွဲအပြီး မကြာမီပေါ်ထွက်လာခဲ့တဲ့ န၀တရဲ့ ၁/၉၀ ကြေညာချက်အစ ၁၉၉၃ မှာ စတင်ကျင်းပခဲ့တဲ့ အမျိုးသားညီလာခံနဲ့ ၂၀၀၈ မေလမှာ အတည်ပြုခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံ အလယ်၊ ၂၀၁၀ နိုဝင်ဘာလမှာ ရွေးကောက်ပွဲ ကျင်းပခဲ့ပုံ အဆုံး အမှန်တကယ် တည်ရှိဖြစ်ပျက်ခဲ့တဲ့ သမိုင်းဆိုင်ရာပေးထားချက်တွေကို ထည့်သွင်းစဉ်းစားပြီး အဲသလို ရှုမြင်သုံးသပ်ခဲ့ကြတာဖြစ်တယ်ဗျ။ အဆိုးမြင် ၀ါဒီတွေရဲ့လောက အမြင်လို့ဆိုချင်လည်း ဆိုပေါ့ဗျာ။ ကျွန်တော်ကတော့ အခုလို အတန်အသင့် လင်းပွင့်လာနေတဲ့ကာလမှာ အစိုးရနဲ့ သဘောထား၊ ကွဲပြားခဲ့သူတွေရဲ့ စဉ်းစားပုံ၊ စဉ်းစားနည်း ဘယ်လိုရှိတယ်ဆိုတာ လက်ရှိအစိုးရတာဝန်ရှိပုဂိုလ်တွေ အပါအ၀င် စိတ်ဝင်စားသူတွေ လေ့လာ အကဲခတ်နိုင်အောင် ပွင့်ပွင့်လင်းလင်း မခြွင်းမချန်တင်ပြနေတာပဲဖြစ်တယ်ဗျာ။
မဟာ သေနင်္ဂဗျူဟာလား
ပထမတစ်မျိုးက စစ်အစိုးရဟာ စစ်အာဏာရှင်စနစ် ရာသက်ပန်တည်တံ့ခိုင်မြဲရေးအတွက် မှန်ကန်ရိုးဖြောင့်တဲ့ ရည်ရွယ်ချက်နဲ့ မဟုတ်ပေမယ့် အတော်ကလေးကြီးမားတဲ့ နိုင်ငံရေး လွတ်လပ်ခွင့်တွေ ပေးပြီး ကြိုးပမ်းတဲ့. မဟာသေနင်္ဂဗျူဟာ(Grand Strategy ) တစ်ခုကို ချမှတ်ကျင့်သုံးနေတာလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံ ဖြစ်တယ်ဗျ။
နွေဦးကို ရှောင်ဖို့လား
ဒုတိယတစ်ခုက အစိုးသစ်ရဲ့ ပြုပြင်ပြောင်းလဲရေး လုပ်ရပ်တွေကို . အာရပ်နွေဦးနဲ့ ဆက်စပ်စဉ်းစားတာဖြစ်တယ်ဗျ။ အာရပ်ကမ္ဘာမှာ တိုက်ခတ်နေတဲ့ ဒီမိုကရေစီလေပြင်းလိုမျိုး ဒီမှာလည်း ဖြစ်ပေါ်လာလေမလားဆိုတဲ့ စိုးရိမ်ပူပန်မှုအပေါ်မှာ အ ခြေခံပြီး နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေ လက်ဦးအောင် ပြုလုပ်ခဲ့လေသလားဆိုတဲ့ ရှုမြင်သုံးသပ်ပုံဖြစ်တယ်ဗျ။
မြန်မြန်လား နှေးနှေးလား
တတိယရှုမြင် သုံးသပ်ပုံကတော့ ၂၀၁၀ ရွေးကောက်ပွဲနဲ့ တက်လာတဲ့ အစိုးရရဲ့ ခေါင်းဆောင်အားလုံးလိုလိုဟာ သူ့အရင်ကရှိခဲ့တဲ့ စစ်အစိုးရရဲ့ ခေါင်းဆောင်ဟောင်းတွေဖြစ်ကြပေမယ့် သူတို့အားလုံး သို့မဟုတ် အားလုံးနီးပါး သို့မဟုတ် လုပ်ပိုင်ခွင့်အရှိဆုံးနေရာတွေမှာ ရောက်ရှိနေကြသူတွေဟာ တိုင်းပြည်ရဲ့ ပကတိအခြေအနေကို သဘောပေါက်နားလည် လက်ခံကြသူတွေဖြစ်တယ်။
ကမ္ဘာကြီး တူရူပြုနေတဲ့ လမ်းကြောင်းကို ကောင်းကောင်းကြီးဆ၀ါးမိကြသူတွေဖြစ်တယ်။ ဒါကြောင့် အခုအဲဒီခေါင်းဆောင်တွေ ဦးဆောင်ပြုလုပ်နေတဲ့ နိုင်ငံရေးအပြောင်းအလဲတွေဟာ စစ်မှန်တဲ့ အပြောင်းအလဲတွေသာဖြစ်တယ်။ ဒီကနေ့ နိုင်ငံခေါင်းဆောင်တွေရဲ့ ခေါင်းထဲမှာ ရှိနေတာ~ဒီမိုကရေစီသို့ ဦးတည်တဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်မလား မလုပ်ဘူးလား~ဆိုတဲ့ ပြဿနာ မဟုတ်ဘူး။ ပြုပြင်ပြောင်းလဲမှုတွေ မြန်မြန် လုပ်မလား နှေးနှေးလုပ်မလား .. ဆိုတဲ့ပြဿနာဖြစ်တယ်ဆိုတဲ့ ရှုမြင်သုံးသပ်ချက်ဖြစ်တယ်ဗျ။
ရှော့သုံးခုနဲ့ ဖျံကြောင်ငါး
ပွင့်ပွင့်လင်းလင်းပြောရရင် သမ္မတရာထူး လက်ခံမိန့်ခွန်းထွက်ပေါ်လာခဲ့အပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီးတို့ တွေ့ဆုံ ဆွေးနွေးခဲ့အပြီး ယုံကြည်ချက် အကျဉ်းသားတစ်ချို့ လွတ်မြောက်လာခဲ့ကြအပြီး၊ ဧရာဝတီမြစ်ဆုံစီမံကိန်းရပ်ဆိုင်းခဲ့အပြီးမှာတောင်မှ အစိုးရရဲ့ပြောဆို ပြုမူပုံတချို့က အဲဒီရှုမြင်စဉ်းစားပုံ သုံးမျိုးစလုံးကို ဆက်ပြီး လောင်စာဖြည့်ပေးနေခဲ့သေးတာဖြစ်တယ်ဗျ။ အဲဒီ အခြေအနေတွေကြောင့်လည်း ကျွန်တော်အပါအ၀င် နိုင်ငံရေးဝေဖန်သူအများအပြားကရော လွှတ်တော်တွင်း လွှတ်တော်ပြင်ပက နိုင်ငံရေးသမားအများအပြားကပါ အစိုးရနဲ့ ပတ်သက်ပြီး `ရှော့ခ်သုံးခုနဲ့ ဖျံကြောင်ငါးအတွေးတွေ ၀င်နေမိခဲ့ကြတာ ဖြစ်တယ်ဗျ။( ရှော့သုံးခုနဲ့ ဖျံကြောင်ငါး -(Messenger) ဂျာနယ်မှာ ကျွန်တော်ရေးခဲ့တဲ့ ဆောင်းပါတစ်ပုဒ်ရဲ့ ခေါင်းစဉ်ပါ။ ရေထဲက ဖျံတစ်ကောင်ပိုက်ထဲပါလာတော့ ဖျံကိုမမြင်ဖူးတဲ့ တံငါသည်က ကြောင်လည်းမဟုတ်။ ငါးလည်းမဟုတ်။ နင်ဘာကောင်လဲဝေ့လို့ မေးတာနဲ့ နှိုင်းယှဉ်ပြီး အစိုးရကို ဝေခွဲမရ အကဲဖြတ်လို့မရ ဖြစ်နေပုံ ရေးခဲ့တာဖြစ်ပါတယ်။
အားလုံး အံ့သြ၀မ်းသာ
ဒါပေမဲ့ တိတိကျကျပြောရရင် ၁၃ဇန်န၀ါရီ ၂၀၁၂ နေ့က စတုတ္ထအကြိမ်အဖြစ်ယုံကြည်ချက် အကျဉ်းသားတွေ လွတ်လာတဲ့ဖြစ်အပြီးမှာတော့ အစိုးရနဲ့ ပတ်သက်ပြီး ပထမနဲ့ ဒုတိယရှုမြင်သုံးသပ်ပုံတွေဟာ အတောကြီးကို မှေးမိန်အားနည်းသွားခဲ့ပြီ။ တတိယရှုမြင်သုံးသပ်ပုံက ခိုင်မာပီပြင် အားကောင်းလာခဲ့ပြီးဖြစ်တယ်ဗျာ။ တစ်ချိန်တည်းမှာ ကျွန်တော်တို့နိုင်ငံရဲ့ .. အိုင်းအနာ..လိုဖြစ်ခဲ့တဲ့ပြည်တွင်းငြိမ်းချမ်းရေးပြဿနာဘက်ကို ကြည့်ရင်လည်း နှစ်ပေါင်း ၆၀ကာလအတွင်း မမြင်တွေခဲ့ရဖူးတဲ့ အားတက်စရာမြင်ကွင်းတွေကို အားလုံး မြင်တွေ့နေကြရတာ အထင်အရှားဖြစ်တယ်ဗျ။ နိုင်ငံရေးအကျဉ်းသားပြဿနာနဲ့ ငြိမ်းချမ်းရေးပြဿနာဆိုတဲ့ နိုင်ငံရဲ့ သော့ချက်ကျ အကြောင်းခြင်းရာနှစ်ခုမှာ မြင်တွေ့နေရတဲ့ သိသာထင်ရှားတဲ့ တိုးတက်မှုတွေကြောင့် ဒီိမိုကရေစီလိုလားသူတွေအားလုံး အံ့သြ၀မ်းသာဖြစ်နေကြတယ်ဗျာ။ ဒီိအချက်က နိုင်ငံတကာရဲ့ တုံ့ပြန်မှုနဲ့ ပြည်တွင်း နယ်ပယ်ပေါင်းစုံက ဦးစီးဦးဆောင်ပုဂိုလ်တွေရဲ့ပြောစကားတွေ ထပ်ဟပ်နေတယ်ဗျ။
ဒီမိုကရေစီလမ်းကြောင်းပေါ်မှာ
ဒီတော့ ဒီမိုကရေစီတည်ဆောက်ရေးလုပ်ငန်းဆိုတာ ဘယ်တော့မှ ပြီးဆုံးသွားမယ့် လုပ်ငန်းမျိုးမဟုတ်တာကြောင့် ကျွန်တော်တို့နိုင်ငံ ဒီမိုကရေစီနိုင်ငံဖြစ်ပြီလားလို့ မေးရင် မဖြစ်သေးဘူးလို့ဖြေရမှာဖြစ်ပေမယ့် ဒီမိုကရေစီရပြီလားဆိုတဲ့မေးခွန်းကိုတော့ ဒီမိုကရေစီဆိုတဲ့ လမ်းကြောင်းပေါ်မှာတော့ရောက်နေပါပြီ..လို့ ဖြေနိုင်လိမ့်မယ် ထင်တယ်ဗျ။
အပုပ်ချဖို့ ကြိုးစားနေကြတုန်း
ဒီအချိန်မျိုးအထိ ဒီမိုကရေစီကို မလိုလား၊မရှု့ဆိတ်နိုင်သူတွေကတော့ အခွင့်သာတာနဲ့ ဒီမိုကရေစီကို အပုပ်ချဖို့ကြိုးသားနေကြတုန်းပဲဗျာ။
ဒီမိုကရေစီဆိုတာ ညီညွှတ်မှုမရှိဘူး။ တစ်ယောက်တစ်ပေါက်၊ အင်မတန်စကားများတယ်။ ဒီမိုကရေစီဆိုတာ လူအများစုနဲ့ အနိုင်ကျင့်တာ၊ ဒီမိုကရေစီကျင့်သုံးရင် အလုပ်မတွင်ဘူး။ စတဲ့လေသံတွေ ပစ်ပစ်လာပြီး နောက်ဆုံးကျတော့ တိုင်းပြည်ကို တကယ်တမ်း ဇိကုပ်ပြီး နတ်ပြည်ပို့နိုင်တာ တစ်မိန့် တစ်အာဏာစနစ်ပဲ။ တစ်သွေးတစ်သံစနစ်ပဲလို့ ကောက်ချက်ချ ဆွဲခေါ်သွားချင်နေကြတာကိုး။

(၁၃.၉.၂၀၁၂ အတွဲ၃၊ အမှတ် ၁၁၁ ပြည်သူ့ခေတ်ဂျာနယ်မှ ပြောချင်လွန်းလို့ မှ ဖော်ပြပါသည်)

No comments:

Post a Comment