ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 31, 2012

ဒီမိုကရေစီလား ? အာဏာရှင်လား ?



ဒေါ်စုကြည်နဲ့ပက်သက်ပြီး ပြည်သူ့လွှတ်တော်မှာ NLD အမတ် ဦးအုန်းကြိုင် ဆွေးနွေးသွား တာလေးကိုဖတ်မိလို့ဒီစာလေးကိုရေးလိုက်ရတာပါ။သူပြောသွားတာက``ဒေါ်အောင်ဆန်းစုကြည်ဟာ ပြည်သူတစ်ရပ်လုံးအတွက်အခုမှပေါ်ထွက်လာတဲ့တကယ့်ခေါင်းဆောင်တစ်ယောက်ပါ၊ မြန်မာနိုင်ငံဟာခေါင်းဆောင်မဲ့ နေတာ နှစ်ပေါင်း(၅၀)ကျော်ပြီတဲ့`` ဒါကို ကွတ်ခိုင်မဲဆန္ဒနယ်မှ ဦးတီခွန်မြတ်ဆွေးနွေးတဲ့ ``တိုင်းရင်းသားလူမျိုးများ၏အခွင့်အရေး ကာကွယ်စောင့်ရှောက်သည့်ဥပဒေပြဌာန်းရေး`` အဆိုကို ဖြည့်စွက် ဆွေးနွေးရင်းနဲ့ ဘာမှမသက်ဆိုင် မပက်သက်ဘဲ ဒေါ်စုကြည်နဲ့ နှစ်ပေါက်တစ်ပေါက်ရိုက်ပြီး သူမဟာ ပြည်သူ တစ်ရပ်လုံးအတွက် လိုအပ်နေတဲ့ခေါင်းဆောင်တစ်ယောက်ဖြစ်ကြောင်းအရှက်သိက္ခာမဲ့စွာကိုယ့်ငါးချဉ်ကိုယ်ချဉ်ပြီး ပြောဆိုတင်ပြသွားပါတယ်။ ဒါကို လွှတ်တော်ဥက္ကဌကြီးက မဆိုင်တာတွေကို မဆွေးနွေးဖို့၊ လွှတ်တော်ကိုယ်စားလှယ်တစ်ယောက်ရဲ့ ဂုဏ်သိက္ခာနဲ့အညီဆွေးနွေးဖို့ သတိပေးခဲ့ရပါတယ်။ အဲဒီလို သတိပေး လိုက်တော့ ကျန်တဲ့လွှတ်တော်အမတ်တွေက ဥက္ကဌကြီးရဲ့ သတိပေးချက်ကိုထောက်ခံပြီး လက်ခုပ်တီးအားပေး ခဲ့ကြတာကို ရုပ်မြင်သံကြားကြည့်ရှုနေကြတဲ့ ပြည်သူတွေအားလုံးသိရှိပြီးဖြစ်မှာပါ။
ခေါင်းဆောင်တစ်ယောက်ရဲ့ ဂုဏ်အင်္ဂါနဲ့ညီရင် ကိုယ်ရဲ့ပြည်သူပြည်သား လက်အောက် ငယ်သားတွေက သူ့အလိုလို ခေါင်းဆောင်တစ်ယောက်အဖြစ် လက်ခံနေရာပေးမှာပါ၊ အခုလိုမျိုး ဆန္ဒကိုသိက္ခာနဲ့ မထိန်းနိုင် မသိမ်းနိုင် ပြောနေစရာမလိုပါဘူး။ ကျွန်တော်က ဒီမိုကရေစီနိုင်ငံတော်ကြီးအဖြစ် မပေါ်ထွက်လာမီ အချိန်ကတဲက စစ်အစိုးရနဲ့ NLD တို့ရဲ့နိုင်ငံရေးကစားပွဲတွေကို စိတ်ဝင်စားစွာနဲ့ စောင့်ကြည့်လေ့လာနေခဲ့ပါတယ်။ စစ်အစိုးရနဲ့စစ်ခေါင်းဆောင်တွေကို ဝေဖန်ထောက်ပြတဲ့ မီဒီယာတွေ၊ ပုဂ္ဂိုလ်ရေးပုတ်ခတ် ပြောဆိုချင်သူတွေ အများကြီးရှိတာဆိုတော့ တစ်နိုင်ငံလုံးက ဟုတ်တာတွေရော၊ မဟုတ်တာတွေရော အားလုံးသိနေကြပါတယ်။ NLD နဲ့ ဒေါ်စုကြည်ကိုတော့ တကယ့်စိတ်ရင်းအမှန်နဲ့ ခံယူချက်ရပ်တည်ချက်တွေကို ပြည်သူတစ်ရပ်လုံးက သိရှိဖို့လိုအပ်နေ ပါသေးတယ်။  လူသဘောသဘာဝအရ ဒေါ်စုကြည်မှာ ကောင်းတာတွေ ရှိသလို၊ သူတို့ပြော တဲ့ ခေါင်းဆောင်တစ်ယောက်နဲ့ ညီတာတွေရှိသလို၊ အာဏာရှင်ဆန်တဲ့အပြုအမူ တွေကိုလည်း အမှန်အတိုင်းပြည်သူတွေသိဖို့ လိုအပ်ပါတယ်။
မြန်မာ့နိုင်ငံရေးစိတ်ဝင်စားသူတစ်ဦးအနေနဲ့ တွေ့ကြံဖြတ်သန်းခဲ့ရတဲ့ဖြစ်ရပ်မှန်တွေထဲက တစ်ချို့ကို တင်ပြချင်တာပါ။မြန်မာနိုင်ငံသားမှန်သမျှဒီမိုကရေစီဆိုတာကြီးကို မျှော်လင့်ခဲ့ရ၊ တောင့်တခဲ့ရတာကြာခဲ့ပါပြီ။ ဒီမိုကရေစီလို့ ခေါင်းစဉ်တပ်လိုက်တယ်ဆိုရင်ပဲ ဘာအကြောင်းအရာပဲဖြစ်ဖြစ် စိတ်ဝင်စား ကြတယ်၊ ထောက်ခံကြတယ်၊ တန်ဖိုးလည်းထားကြပါတယ်။ လွတ်လပ်ခြင်း၊ မျှတခြင်း၊ ညီမျှခြင်းဆိုတဲ့ လောကပါလတရားဟာ ဒီမိုကရေစီပါပဲ။ အခုချိန်မှာ လူထုတစ်ရပ်လုံးက ဒီမိုကရေစီနိုင်ငံတော်ကြီးဆီကိုသွားချင်ကြလို့ဒီမိုကရေစီခေါင်းဆောင်ရဲ့အောက်မှာသူ့ထက်ငါ နေရာယူနေကြတာလည်း အများသူငါ အမြင်ပါပဲ။ ဒါကြောင့်မို့ ကျွန်တော်တို့နယ်တွေမှာဆိုရင် အရွေးခံတဲ့ ကိုယ်စားလှယ်ဟာ ဖြူသလားမဲသလား ဆိုတာတောင် စိတ်မဝင်စားဘူး၊ သဲသဲကွဲကွဲမသိကြဘဲနဲ့ ဒီမိုကရေစီခေါင်းစဉ်ပါတာနဲ့  ရွေးချယ်လိုက်ကြတာပါပဲ။ ဒေါ်စုကြည်ကတော့ ခြွင်းချက်ပေါ့ဗျာ. ဒီမိုကရေစီခေါင်းစဉ်တင်မကဘူး. ဗိုလ်ချုပ်သမီးဆိုတဲ့ ခေါင်းစဉ်ပါ ပါနေတာကို.။
 
  အခုချိန်ခါဆိုရင် NLD နဲ့ ဒေါ်စုကြည်ဟာဆိုရင် လွှတ်တော်ထဲမှာ တရားဝင် တိုင်းသိပြည်သိ ဒီမိုကရေစီလုပ်ငန်းတွေကိုလည်း လုပ်ဆောင်နိုင်နေပါပြီ။ တကယ်တန်း ဒီမိုကရေစီရော ပီပီပြင်ပြင်ဖြစ်ရဲ့လား ဆန်းစစ်ကြည့်ကြ ရအောင်။ ဒီချုပ်ပါတီမှာ အရင်တုန်းက ဦးတင်ဦးက ဥက္ကဋ္ဌပါ။ ဒေါ်စုကြည်က အတွင်းရေးမှူးဖြစ်ပါတယ်။ ဥက္ကဋ္ဌဆိုပေမဲ့ ဦးတင်ဦးက ဘာမှ ပါဝါအာဏာ မရှိရှာပါဘူး။ အားလုံးက ဒေါ်စုကြည်ရဲ့ တချက်လွှတ်အမိန့်အောက်မှာပဲ လှုပ်ရှားနေကြရတာ ပါတီဝင်အားလုံးအသိဖြစ်ပါတယ်။ ပါးစပ်ကသာ ဒီမိုကရေစီပြောနေပေမယ့် တကယ်တော့ NLD ခေါင်းဆောင်ဟာ သဘောထားတင်းမာပြီး မာနကြီးသူတစ်ဦးဖြစ်ပါတယ်။ အများရဲ့ဆန္ဒထက် သူဖြစ်ချင်တဲ့ဆန္ဒကိုသာ အဓိကထားပါတယ်။
၂၀၁၀ ဝန်းကျင်တုန်းက အခြေအနေကို ပြန်ကြည့်ရအောင်။ အဲဒီတုန်းက ရွေးကောက်ပွဲမှာ ဘယ်လိုအခြေအနေမျိုးမဆို NLD ပါတီဝင်ပြိုင်သင့်ပါလျက်၊ ဝင်ပြိုင်နိုင်ပါလျက်နဲ့ ဒေါ်စုကြည်က ပါဝင်ဖို့အမိန့် မပေးခဲ့လို့ ပါတီမှတ်ပုံတင်ခြင်း၊ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမလုပ်ခဲ့ရပါဘူး။ အဲဒါနဲ့ပက်သက်ပြီး NLD ပါတီတွင်းမှာ သဘောထားကွဲလွဲမှုတွေဖြစ်ပြီး ခွဲထွက်သွားတဲ့အဖွဲ့တွေတောင် ရှိခဲ့ပါတယ်။ ဒါက ဘာလို့လဲဆိုရင် အာဏာရှင်ဆန်တဲ့ ဒေါ်စုကြည်ရဲ့ စိတ်သဘောထားကြောင့်ပါ။ ဒီတုန်းကသာ NLD ပါတီ ဝင်ပြိုင်ခဲ့ရင် ခုလိုမျိုးလွှတ်တော်ထဲမှာ အမတ်နေရာ(၄၀)ကျော်လောက်ပဲ ရတဲ့အခြေအနေမျိုး မဟုတ်ဘဲ ပြည်ခိုင်ဖြိုးပါတီနဲ့ သူနိုင်ကိုယ်နိုင်ဖြစ်နေမှာပါ။ ဒေါ်စုကြည်ရဲ့ တချက်လွတ်အမိန့်တွေကြောင့် NLD ပါတီနေရာကောင်းမရခဲ့တာပါ။ NLD မှာ လွှတ်တော်ကိုယ်စားလှယ်လောင်း ရွေးချယ်ကြရာမှာလည်း ဒီမိုကရေစီနည်းကျကျ ရွေးချယ်ပေးခဲ့တာမဟုတ်ပါဘူး။ ဒေါ်စုကြည်ရဲ့ တစ်ချက်လွှတ်အာဏာရှင်ဆန်ဆန် အမိန့်ပေးမှုတွေနဲ့ပဲ  အတည်ပြုခဲ့ကြရတာပါ။ ဒါကြောင့် အဖွဲ့ချုပ်ထဲမှာ ကြိတ်ပြီးသဘောထားကွဲလွဲမှုတွေ၊ မကျေနပ်မှုတွေ ရှိနေခဲ့ရပါတယ်။
NLD ကို ပြည်သူတွေထောက်ခံနေတာကလည်း ဗိုလ်ချုပ်သမီးဆိုတဲ့အချက်က အဓိကပါ။ ဗိုလ်ချုပ်ကခေါင်းမာလွန်းလို့(နိုင်ငံရေးလွတ်လပ်ရေးအတွက်....ခေါင်းမာလွန်းလို့)ကျဆုံးခဲ့ရတာပါ။ ခေါင်းမာတိုင်းလဲ မကောင်းပါဘူး၊(ဗိုလ်ချုပ်အတွက် လုံခြုံရေးပြည့်ပြည့်ဝဝ ထားပေးတာကိုလက်မခံခဲ့တဲ့အတွက် ခုလိုမျိုး ရေတိမ်နစ်ခဲ့ရတဲ့အဖြစ်ကို ရည်ညွှန်းတာပါ) အခုလည်း ဒေါ်စုကြည်ရဲ့ အာဏာရှင်ဆန်မှုနဲ့ ခေါင်းမာမှုတွေ ကြောင့် NLD ပါတီ ကျဆုံးသွားမှာကို ပါတီဝင်တွေစိုးရိမ်နေကြပါတယ်။ သင်ခန်းစာယူနိုင်စရာ အဖြစ်အပျက်များစွာထဲက တစ်ခုပါ.၊  အဲဒါကဘာလဲဆိုတော့ ညောင်နှစ်ပင်မှာ ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲဖို့ ညီလာခံတက်နေဆဲမှာ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေကို ညီလာခံကနေ ဒေါ်စုကြည်ရဲ့ တစ်ချက်လွတ်အမိန့်နဲ့  ပြန်လာခိုင်းခဲ့တာ.၊ ဒါကို သင်ခန်းစာယူသင့်ပါတယ်။ အဲဒီတုန်းကတဲကသာ တောက်လျှောက်ပါလာခဲ့မယ်ဆိုရင် ဒီကနေ့လွှတ်တော်မှာ ပြည်ခိုင်ဖြိုးက ငါးဆယ်ဆိုရင် NLD ကလဲ ငါးဆယ်ရှိနေမှာပါ။ ဒေါ်စုကြည်ရဲ့ အာဏာရှင် ဆန်ဆန်ပြုမူ ဆုံးဖြတ်မှုတွေကြောင့် NLD ဟာ ကျဆုံးလုနီးနီး အနေအထားရောက်ခဲ့ရပါတယ်။ နိုင်ငံတကာ အသိုင်းအ၀ိုင်းရဲ့ ကူညီပံ့ပိုးမှုသာမရခဲ့ရင် NLD ဆိုတာ ခုလိုမျိုးစင်ပေါ်ပြန်ရောက်လာနိုင်စရာအကြောင်း မရှိပါဘူး။ ခုလိုမျိုးပြောနေတာကလည်း ကျွန်တော်တို့သွားချင်နေတာက ဒီမိုကရေစီလမ်းကြောင်းပါအဲဒီ လမ်းကြောင်းကိုမရောက်ဘဲ(အရှင်းလင်းဆုံးပြောရရင် ဘေးကမြှောက်ပင့်ပေးတဲ့သူတွေများလာရင်) အာဏာရှင် စနစ်ကို ပြန်ရောက်သွားမှာစိုးလို့ပါ။
ကျွန်တော်မှတ်မိပါသေးတယ်..သတင်းစာရှင်းလင်းပွဲတစ်ခုမှာသတင်းထောက်တစ်ယောက်က ဒေါ်စုကြည်ကို သိချင်တာလေးတွေ မေးပြီးတဲ့နောက်မှာ ``အန်တီက ဗိုလ်ချုပ်နဲ့တူတယ်။ ဗိုလ်ချုပ်လိုပဲခေါင်းမာတယ်နော်`` လို့ပြောတော့ ``ဟုတ်ပါတယ်လို့`` ဝန်ခံခဲ့ပါတယ်။
NLD ခေါင်းဆောင်ရဲ့ စိတ်နေစိတ်ထားကို NLD အဖွဲ့ဝင်တွေအသိဆုံးပါ။ စိတ်မြန်လက်မြန် ရှိတတ်တာတွေ၊ အများဆန္ဒမဟုတ်ဘဲ ကိုယ့်သဘောနဲ့ကိုယ် ဆုံးဖြတ်ချက်ချတာမျိုးတွေ၊ မောင်နှမအရင်း အချင်းချင်း အိမ်အမွေကိစ္စမှာ ကိုယ့်ရဲ့အကိုရင်းကိုတောင်  ပြေပြေလည်လည် မဆက်ဆံနိုင်ဘဲ၊ ခေါင်းမာပြီး အလျော့မပေးတာတွေ၊ အမှန်ကိုရဲရဲဝံ့ဝံ့မေးတတ်တဲ့ သတင်းထောက်တွေကို ခက်ထန်တင်းမာစွာ တုံ့ပြန်တာတွေ၊ အစည်းအဝေးမှာ စကားပြောနေရင်း မိုက်ကအသံမထွက်လို့ မိုက်ကို လွှတ်ပစ်တာမျိုးတွေ၊ ဦးလေးဖြစ်သူ သခင်သန်းထွန်းလို တဇွတ်ထိုး(ငါလုပ်တာမှအမှန်လို့) ဆုံးဖြတ်တာမျိုးတွေဟာ ဒီမိုကရေစီလား၊ အာဏာရှင်လားဆိုတာ စဉ်းစားစရားတွေပါ။ 
    ပြည်သူလူထုရှေ့ရောက်ရင် ၊နိုင်ငံခြားဧည့်သည်တွေရှေ့မှာဆိုရင်၊ ကင်မရာတွေရဲ့ ရှေ့မှာဆိုရင်မျက်နှာပြုံးချို   နေသော်လည်း ပါတီဝင်တွေနဲ့ ဆက်ဆံရာမှာ၊  လက်အောက်ငယ်သားတွေနဲ့ ဆက်ဆံရာမှာတော့ အမတန်ကို မျက်နှာထားတင်းလွန်းတယ်လို့ ပါတီဝင်တွေကြေ ပာပြပါတယ်။ ပါတီဝင်တွေကလည်း သူ့အရှိန်အ၀ါ ကြောင့်သာ နေရာရ၊ ကိုယ်စားလှယ်ေ တွဖြစ်နေကြလို့    ဒေါ်စုကြည်ရဲ့အမိန့်ဆိုရင် မဖီဆန်ရဲကြပါဘူး။ ပြည်သူတွေ ကန့်ကွက်ထောက်ပြနေတဲ့ စီးပွားရေးပိတ်ဆို့မှုကိစ္စနဲ့ Burma လို့ ခေါ်တဲ့ကိစ္စတွေမှာ အခုချိန်ထိကို ခေါင်းမာစွာနဲ့  ကိုင်တွယ်တုန့်ပြန်နေတုန်းပါပဲ။ ဒီမိုကရေစီနိုင်ငံတော်ကြီးဆီကို တက်လှမ်းဖို့ရာ ဒီမိုကရေးစီအရေးနဲ့ တိုင်းပြည်အရေး၊ တိုင်းရင်းသားအရေးတွေကို လွှတ်တော်မှာ ဒီမိုကရေစီ နည်းလမ်း ကျကျ ဆွေးနွေးဆုံးဖြတ်ရမှာကို ``လွှတ်တော်ထဲမှာ အချိန်ကုန်တယ်``လို့ ပြောဆိုတာတွေဟာ သူမရဲ့ အတွင်းစိတ်ထဲမှာ ဒီမိုကရေစီစိတ်ရှိတာလား.၊ အာဏာရှင်စိတ် ရှိနေတာလားဆိုတာ ပြည်သူတစ်ရပ်လုံးက စဉ်းစားသုံးသပ်စေ ချင်ပါတယ်…။

No comments:

Post a Comment