ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Monday, July 09, 2012

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် မတက်ချိန်တွင် လွှတ်တော်တွင် သတင်းရယူသူဦးရေ စံချိန်တင်


ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် မတက်ချိန်တွင် အစည်းအဝေးများသို့ တက်ရောက် သတင်းရယူသူဦးရေ ၁၄၇ ဦးရှိကြောင်း ပြန်ကြားရေးဝန်ကြီးဌာန၏ တရားဝင် ထုတ်ပြန်ထားချက်များအရ သိရသည်။ ဇူလိုင်လ ၄ ရက်နေ့မှ စတင်ကာ ကျင်းပလျက်ရှိသည့် ပထမအကြိမ်လွှတ်တော် စတုတ္ထပုံမှန် အစည်းအဝေးများသို့ ပြည်ပရှိ နိုင်ငံခြားသတင်းဌာနများမှ သတင်းထောက်၂၃ ဦး၊ ပြည်တွင်းရှိ နိုင်ငံခြားသတင်းဌာနများ သတင်းထောက် ၄၀ ဦး၊ ပြည်တွင်းဂျာနယ်/ ရုပ်မြင်သံကြားများမှ သတင်းထောက် ၈၄ ဦး စုစုပေါင်း ၁၄၇ ဦး သတင်းရယူကြမည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

၂၀၁၀ ရွေးကောက်ပွဲအပြီး အစိုးသစ်လက်ထက်တွင် လွှတ်တော်အစည်းအဝေးများကို ၂၀၁၁ ခုနှစ် ဇန်နဝါရီ ၃၁ ရက်နေ့တွင် စတင်ကျင်းပခဲ့ပြီး အစိုးရမီဒီယာများမှအပ မည်သည့် ပုဂ္ဂလိက သတင်းမီဒီယာမျှ သတင်းရယူခွင့် မရရှိခဲ့ပေ။ ၂၀၁၁ ခုနှစ် သြဂုတ်လတွင် ကျင်းပသော ပထမအကြိမ် လွှတ်တော်ဒုတိယ ပုံမှန်အစည်းအဝေးမှ စတင်ကာ ပြည်တွင်း မီဒီယာများကို သတင်းရယူခွင့်ပြုခဲ့ကာ ယင်းအစည်းအဝေးတွင် ပြည်တွင်းဂျာနယ်များမှ သတင်းသမား ၃၀ ဦးခန့်ကို သတင်းရယူခွင့်ပြုခဲ့ကြောင်း၊ ၂၀၁၂ ခုနှစ် ဇန်နဝါရီလတွင် ကျင်းပသော ပထမအကြိမ်လွှတ်တော် တတိယပုံမှန် အစည်းအဝေးသို့ ပြည်တွင်းမှ ၇၅ ဦးခန့်၊ ပြည်ပမှ ၄၀ ဦးခန့် သတင်းရယူခွင့် ပြုခဲ့ကြောင်း ပြန်ကြားရေးဝန်ကြီးဌာနမှ ဦးစီးအရာရှိ တစ်ဦးက ပြောကြားသည်။ ပထမအကြိမ် လွှတ်တော် တတိယပုံမှန် အစည်းအဝေးတွင် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် ဘန်ကီမွန်း တက်ရောက်စကားပြောခဲ့ပြီး ၂၀၁၂ ကြားဖြတ်ရွေးကောက်ပွဲတွင် အနိုင်ရရှိခဲ့သော အမျိုးသာဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် အပါအဝင် လွှတ်တော်ကိုယ်စားလှယ်များ တက်ရောက် ကျမ်းသစ္စာ ကျိန်ဆိုခဲ့ကြသည်။ BBC သတင်းဌာနသည်လည်း နေပြည်တော်တွင် ကျင်းပခဲ့သော ပထမအကြိမ် ပြည်သူ့လွှတ်တော်နှင့် အမျိုးသားလွှတ်တော် ဒုတိယပုံမှန် အစည်းအဝေးများသို့ လာရောက် သတင်းယူခွင့် ရရှိခဲ့သည်။ မြန်မာအစိုးရသစ်သည် လွှတ်တော်အစည်းအဝေး များတွင် CCTV သတင်းဌာန၊ ဂျပန် သတင်းဌာနတို့အပါအဝင် ပြည်တွင်းပြည်ပ မီဒီယာများကို သတင်းယူခွင့် ပြုခဲ့သည်။ လွှတ်တော်တွင် အမတ်နေရာ အများဆုံးရရှိထားသော ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီသည် ပြည်သူ့လွှတ်တော်တွင် အမတ်နေရာ ၂၅၉ နေရာ၊ အမျိုးသားလွှတ်တော်တွင် ၁၃၀ နေရာ အနိုင်ရရှိထားရာ ယခုလွှတ်တော်အစည်းအဝေးသို့ တက်ရောက် သတင်းရယူသော သတင်းသမားအရေအတွက်မှာ အဆိုပါ ပါတီ၏ အမျိုးသားလွှတ်တော်တွင် အနိုင်ရရှိထားသော နေရာများထက်ပင် အနည်းငယ် ပိုမိုများပြားသည်ကို တွေ့ရသည်။

သို့သော် ဒေါ်အောင်ဆန်းစုကြည် လွှတ်တော် တက်လာပါက သတင်းထောက်အရေအတွက် နည်းသွားနိုင်ကြောင်း မြန်မာအရေးကျွမ်းကျင်သူများက သုံးသပ်ထားကြသည်။

No comments:

Post a Comment