ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

ကမ္ဘာကျာ် အိုဆာကာ တက္ကသိုလ် မြန်မာနိုင်ငံတွင် လာဖွင့်မည်




ဂျပန်နိုင်ငံမှ ကမ္ဘာကျော် အိုဆာကာ တက္ကသိုလ်ကြီးကို မြန်မာနိုင်ငံတွင် လာရောက် ဖွင့်လှစ်မည်ဖြစ်ကြောင်း ဂျပန်ကားကုမ္ပဏီ လီမိတက်မှ သိရသည်။ “တက္ကသိုလ်မှာ ကားအကြောင်းပဲ အထူးပြုသင်မှာပါ။ ဘွဲ့ပေးမယ်။ နောက်ပိုင်း ဂျပန်ကိုသွားပြီး
မာစတာဘွဲ့နဲ့ Ph.D ဘွဲ့ကို သွားရောက်ယူနိုင်တယ်။ အိုဆာကာရဲ့ ကျောင်းခွဲပါ” ဟု ဂျပန်ကားကုမ္ပဏီ လီမိတက်မှ ဒါရိုက်တာ ဦးထင်အောင်မြင့်က ဖလားဝါးနယူးစ် ဂျာနယ်သို့ ပြောသည်။အဆိုပါ ဂျပန်နိုင်ငံ အိုဆာကာ တက္ကသိုလ် ကျောင်းခွဲကို ရန်ကုန်မြို့ရှိ မရမ်းကုန်းမြို့နယ်တွင် ဖွင့်လှစ်ရန် စီစဉ်ထားပြီး မော်တော်ယာဉ်ဆိုင်ရာများကို အဓိက သင်ကြားကာ လေးနှစ်တာ တက်ရောက် အောင်မြင်ပါက နိုင်ငံတကာ အသိအမှတ်ပြုသည့် အထူးပြုဘွဲ့ ပေးအပ်ကာ အရည်အချင်း ပြည့်မီသူများ အနေဖြင့် မဟာဘွဲ့ကို ရယူလိုပါက ဂျပန်နိုင်ငံတွင် နှစ်နှစ် ဆက်လက် သင်ကြားရမည်ဖြစ်ကာ Ph.D ဘွဲ့အထိ ရယူနိုင်ကြောင်း သိရသည်။ “အခြေခံ အချက်အလက်တွေကို ဆွေးနွေးနေပါတယ်။ တက္ကသိုလ်ကြီးက ဖွင့်ကို ဖွင့်မှာပါ။ သူ့ရဲ့ ပညာသင်နှစ် အလိုက်ပဲ သင်ကြားသွားမှာပါ။ ဒီနှစ်ထဲမှာ အကောင်အထည် ဖော်သွားမှာပါ” ဟု ဒါရိုက်တာ ဦးထင်အောင်မြင့်က ဆက်လက်ပြောသည်။
ကမ္ဘာ့နိုင်ငံပေါင်း ၄၂ နိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လျက်ရှိသည့် ICE Group မှ ဂျပန်ကားကုမ္ပဏီ လီမိတက် (JCCL) အနေဖြင့် မြန်မာနိုင်ငံတွင် နှစ်ပေါင်း ၂၀ ကျော် ကာလကြာ စီးပွားရေး လုပ်ငန်းများ လုပ်ကိုင်လာခဲ့ပြီးနောက် ယခုအခါ နိုင်ငံတော် အစိုးရသစ်၏ နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောင်းလဲမှုများကြောင့် အမေရိကန် ဒေါ်လာသန်းပေါင်း ၄၅၀ ဒသမ ၆၈၃ သန်း ရင်းနှီးမြှုပ်နှံကာ မြန်မာနိုင်ငံ၏ ပို့ဆောင်ရေး ကဏ္ဍတွင် ဝင်ရောက် လုပ်ကိုင်ခြင်း ဖြစ်သည်။ “ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးဖို့အတွက် တက္ကသိုလ်တွေ ဖွင့်လှစ် ဆောင်ရွက်သွားမယ်။ ဘွဲ့ရတွေများလာရင် ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးစေမယ်။ ကမ္ဘာ့အဆင့် ရောက်အောင် သင်ကြားပေးမယ်” ဟု အသက် (၆၂) နှစ်အရွယ်ရှိ ဂျပန်ကား ကုမ္ပဏီလီမိတက်မှ ဥက္ကဋ္ဌ ကာဇူဟီဆာအီဝါမိုတိုက ပြောသည်။ အဆိုပါ တက္ကသိုလ်ကြီး အကောင်အထည် ပေါ်လာပါက ပို့ဆောင်ရေး ဝန်ကြီးဌာန လက်အောက်ရှိ တစ်ခုတည်းသော ပြည်ပတက္ကသိုလ် ကျောင်းခွဲတစ်ခု ဖြစ်လာမည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာနမှ သိရသည်။
“တက္ကသိုလ် ပညာရေးက နောက်လုပ်မယ့် Plan ဖြစ်ပါတယ်။ တင်ပြ ဆွေးနွေးပြီးမှ ဖြစ်လာမယ့် ပို့ဆောင်ရေး လက်အောက်မှာရှိတဲ့ တက္ကသိုလ်တစ်ခု ဖြစ်လာမယ်” ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေး ဌာနမှ အထွေထွေ မန်နေဂျာ ဦးဝင်းဆွေက ပြောသည်။ ဂျပန်ကားကုမ္ပဏီ အနေဖြင့် အိုဆာကာ တက္ကသိုလ် ကျောင်းခွဲအပြင် ဘုရင့်နောင်တွင် မော်တော်ကားလုပ်ရုံနှင့် ကောလိပ် ဖွင့်လှစ်ခြင်း၊ ရန်ကုန်မြို့တွင်း ဘတ်စ်ကားလိုင်း ပြေးဆွဲခြင်း၊ ဟိုင်းဝေးနှင့် မီဒီယမ်ဝေး ဘတ်စ်ကားလိုင်းများ ပြေးဆွဲခြင်း၊ ရန်ကုန်၊ မန္တလေးနှင့် နေပြည်တော်တို့တွင် မော်တော်ယာဉ်မောင်း သင်တန်းများ ဖွင့်လှစ်ခြင်း စသည့် လုပ်ငန်းများကို ရင်းနှီးမြှုပ်နှံလုပ်ကိုင်မည် ဖြစ်ကြောင်း သိရသည်။ ယခုအခါ မြန်မာနိုင်ငံတွင် ဖွင့်လှစ် သင်ကြားလျက်ရှိသည့် ယာဉ်မောင်း သင်တန်းများတွင် နှစ်စဉ် သင်တန်းသား ဦးရေသည် တစ်နှစ်လျှင် ၈၀၀၀ ကျော်ရှိနေကြောင်း ဦးဝင်းဆွေက ပြောသည်။ ယင်းသို့ မြန်မာ့ပို့ဆောင်ရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေး အတွက် ရင်းနှီးမြှုပ်နှံမှုများတွင် မြန်မာနိုင်ငံ အနေဖြင့် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂၇ ဒသမ ၉၅ သန်းနှင့် ဂျပန်ကား ကုမ္ပဏီမှ အမေရိကန် ဒေါ်လာ သန်းပေါင်း ၄၅၀ ဒသမ ၆၈၃ သန်းတို့ဖြင့် ပူးပေါင်းရင်းနှီး မြှုပ်နှံလုပ်ကိုင်ခြင်း ဖြစ်သည်။

Flower News

No comments:

Post a Comment