ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

ဆန်ဈေးမတက်ရန် နိုင်ငံတော်အရန်ဆန် တန်လေးထောင်ကျော် ထုတ်ရောင်းမည်


မြန်မာနိုင်ငံတစ်ဝန်း ဖြစ်ပွားနေသော ရာသီဥတုဖောက်လွှဲဖောက်ပြန် အခြေအနေများကို အကြောင်းပြု၍ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးတို့ရှိ ကုန်သည်များ ဆန်ဝယ်စုနေ၍ ဆန်ဈေးမမြင့်ရန် အရန်ဆန် ထုတ်ရောင်းခြင်းဖြင့် တားမြစ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံ ဆန်စပါးအသင်း သတင်းနှင့် ပြန်ကြားရေး တာဝန်ရှိသူ ဒေါက်တာစိုးထွန်းက ပြောကြားခဲ့သည်။ လတ်တလော ကြုံတွေ့နေရသည့် ရာသီဥတု အခြေအနေများကြောင့် မြန်မာနိုင်ငံ အထက်ပိုင်းနှင့် အောက်ပိုင်းရှိ ဆန်ကုန်သည်အချို့သည် ဆန်များကြိုတင် ဝယ်ယူစုဆောင်းမှုများ လုပ်ဆောင်လာကြကြောင်း၊ ယင်းသို့ ဆန်ဝယ်ယူ စုဆောင်းမှုများကြောင့် ယခုရက်ပိုင်းအတွင်း ဆန်ဈေးနှုန်း အနည်းငယ် မြင့်တက်လာရာ အဆိုပါဆန်ဈေးနှုန်း မြင့်တက်မှုကို ဟန့်တားနိုင်ရန်အတွက် အရန်ဆန်များကို ထုတ်ရောင်းရန် စီစဉ်ရခြင်းဖြစ်ကြောင်း ၄င်းကပြောကြားသည်။ “ရန်ကုန်၊ မန္တလေးမှာ ဝယ်လှောင်ဖို့ ပြင်နေကြတယ်။ တချို့လည်း ဝယ်စုနေတယ်ကြားတယ်။ ဒါကြောင့် ဆန်ဈေးမတက်အောင် အရန်ဆန်ကို ဒီလထဲမှာ တင်ဒါခေါ်ပြီး ထုတ်ရောင်းဖို့ စီစဉ်ထားတယ်။ ဘယ်ဈေးဆိုတာတော့ မသတ်မှတ်ရသေးဘူး။ ဧည့်မထ ၂၅ မှတ်တွေ ဈေးဆွဲတင်နေကြတယ်။ အရန်ဆန်ကို ဧည့်မထဆန် တန်ချိန် ၄၆၀၀ လောက် ထုတ်ရောင်းမယ်” ဟု ဒေါက်တာစိုးထွန်းက ဆိုသည်။ အရန်ဆန် ရောင်းချမည့် တင်ဒါများကို သြဂုတ်လ ၁၅ ရက်နေ့တွင် ခေါ်ယူရန် စီစဉ်ထားကြောင်း၊ ထုတ်ရောင်းမည့် အရန်ဆန်များတွင် နွေဆန်နှင့် မိုးဆန်နှစ်မျိုးစလုံး ပါဝင်ကြောင်း ဧရာဒီပါ ဆန်စပါးအထူးပြုကုမ္ပဏီ အုပ်ချုပ်မှုဒါရိုက်တာ ဦးမောင်မောင်ဇော်က ပြောကြားသည်။ “ပြည်ပဈေးကွက် မကောင်းဘဲနဲ့ ပြည်တွင်းဆန်ဈေးက ပြီးခဲ့တဲ့လ ပေါက်ဈေးထက် ၅၀၀ တက်လာတယ်။ ရာသီဥတုကြောင့် ဧရာဝတီဘက်မှာ ရေတွေများနေတယ်။ စပါးအထွက် နောက်ကျမလား မသိဘူး။ အထွက်နှုန်းကတော့ တာတွေမကျိုးရင် ကောင်းနိုင်ပါတယ်” ဟု ဦးမောင်မောင်ဇော်က ဆိုသည်။ ယခုရက်ပိုင်းအတွင်း ဘုရင့်နောင်ကုန်စည် ဈေးကွက်သို့ ပြည်နယ်နှင့် တိုင်းများမှ ဆန်ဝင်ရောက်မှုနှုန်း နေ့စဉ်ပုံမှန် ဝင်ရောက်မှုနှုန်းအောက် ထက်ဝက်နီးပါးခန့် လျော့နည်းလျက်ရှိကြောင်း၊ ယင်းအခြေအနေများကြောင့်လည်း ဆန်ဈေးနှုန်းများ မြင့်တက်လာခြင်း ဖြစ်ကြောင်း၊ လက်ရှိ အဆိုပါဈေးကွက်အတွင်းရှိ ဆန်ဈေးနှုန်းများမှာ နေ့စဉ်နှင့်အမျှ အပြောင်းအလဲ ဖြစ်ပေါ် လျက်ရှိပြီး ဈေးနှုန်း တည်ငြိမ်မှု ပျက်ပြားလျက်ရှိကြောင်း ဘုရင့်နောင်ကုန်စည်ဈေးကွက် အခြေစိုက် အသက် ၄၀ ကျော်အရွယ်ခန့်ရှိ ဆန်ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် သြဂုတ်လ ၂၀ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

From : ခေတ်လူငယ်

No comments:

Post a Comment