ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

“မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကျင်းပ”


Popular News Journal, 19August 2012  —–  မြန်မာနိုင်ငံသတင်းစာဆရာအသင်း(Myanmar Journalists Association/MJA)၏ ပထမဆုံးအကြိမ် ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးကို သြဂုတ်လ(၁၆)ရက်နေ့ နေ့လည် ၁၂ နာရီက၊ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားလမ်းရှိ Orchid ဟိုတယ်တွင်ကျင်းပခဲ့သည်။ အစည်းအဝေးသို့တက်ရောက်လာသူများအား အတွင်းရေးမှူးအဖွဲ့က စီစဉ်ထားသည့် “မြန်မာနိုင်ငံသတင်းစာဆရာအသင်းဖြစ်မြောက
်ရေးကော်မတီ၏ သဘောထားကြေညာချက် ၅/၂၀၁၂”၊ “မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သဘောထားကြေညာချက် ၅/၂၀၁၂ ကို
မြန်မာနိုင်ငံသတင်းစာဆရာအသင်း ပထမအကြိမ်ညီလာခံက အတည်ပြုခြင်း”၊ “မြန်မာနိုင်ငံသတင်းစာဆရာအသင်းကလက်မခံနိုင်သည့် အမြုတေစာနယ်ဇင်းကောင်စီဖွဲ့စည်းခြင်းကြေညာချက်တွင်ပါဝင်သည့် အချက်များ”၊ “မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ သတင်းထုတ်ပြန်ချက် ၁/၂၀၁၂”၊
“မြန်မာနိုင်ငံသတင်းစာဆရာအသင်း၏ ဗဟိုဦးစီးအဖွဲ့ဝင်များစာရင်းနှင့်ဗဟိုအလုပ်အမှုဆောင်အဖွဲ့ဝင်(၂၁)ဦး၏ ဖုန်းနှင့် အီးမေးလ်များ”ကိုဝေငှပြီးနောက် အစည်းအဝေးကိုစတင်ခဲ့သည်။ ညီညွတ်ကြဖို့လို
“ကျွန်တော်တို့ မြန်မာနိုင်ငံသတင်းစာဆရာအသင်းဟာ အခက်အခဲအမျိုးမျိုးကြားကနေ ရုန်းကန်ဖွဲ့စည်းခဲ့ရတာပါ။ အသင်းကြီးဖွဲ့စည်းပြီးလို့ နိုင်ငံလုံးဆိုင်ရာ ညီလာခံကြီးပြီးလို့ မိနစ်အနည်းငယ်အတွင်းမှာပဲ အင်မတန်နက်နဲခက်ခဲတဲ့ ကိစ္စတစ်ရ်ပကိုရင်ဆိုင်ခဲ့ရပါသေးတယ်။ ဒီကိစ္စဟာ ခုချိန်ထိ မပြီးသေးဘူးဆိုတာကိုလည်း အားလုံးအသိပါပဲ။ ဒါပေမယ့် ကျွန်တော်တို့အသင်းကြီး ဖြစ်တည်လာတာဟာ အားလုံး စုစုစည်းစည်း ညီညီညွတ်ညွတ်ရှိခဲ့ကြတာကြောင့်ပါပဲ။ ကျွန်တော်တို့အားလုံး ဆက်လက်ပြီး စိတ်ဝမ်းမကွဲပဲ စုစုစည်းစည်း ညီညီညွတ်ညွတ်နဲ့ ရပ်တည်ကြဖို့လိုပါတယ်”ဟု ဥက္ကဌ ဆရာမောင်ဝံသက အဖွင့်အမှာစကားတွင်ထည့်သွင်းပြောကြားခဲ့သည်။
နာယကတင်မြှောက်
အသင်း၏ နာယကအဖြစ် ဦးခင်မောင်လေး(ဖိုးသောကြာ ခေတ်+မိုး)ကို အများသဘောတူ တင်မြှောက်ခဲ့ကြပြီး၊ ထပ်မံ၍ နာယကတင်မြှောက်ရန် အဆိုပြုလာပါက အသင်း၏ ဂုဏ်သိက္ခာ၊ ပုံရိပ်ကိုမထိခိုက်စေရေးနှင့် ထိုးနှက်မှုမခံရစေရေးတို့ကိုဦးစားပေးကာ ဗဟိုအလုပ်အမှုဆောင်အဖွဲ့ကပင်
ဆုံးဖြတ်တင်မြှောက်သွားမည်ဖြစ်ကြောင်းကိုလည်းဆုံးဖြတ်ခဲ့ကြပါသည်။
အလေးထားရန်များ
ထို့နောက် ဒု-ဥက္ကဌ(၂) ဦးသီဟစောက ပြည်နယ်နှင့်တိုင်းဒေသကြီးသတင်းစာဆရာအသင်းများနှင့် စဉ်ဆက်မပြတ်ဆယ်သွယ်နိုင်ရေးအတွက် အစီအစဉ်များထားရှိရေး၊
အသင်းခိုင်မာစွာရပ်တည်နိုင်ရေး၊စာနယ်ဇင်းလွပ်လပ်ခွင့်ရရှိစေရေးတို့ကို အလေးထားဆောင်ရွက်ရန် ဆွေးနွေးပြောကြားခဲ့သည်။
အမျိုးသားသတင်းဆု
ထို့နောက် ဒု-ဥက္ကဌ(၃) ဦးဝင်းငြိမ်းက ယမန်နှစ်က စီစဉ်ခဲ့သော အမျိုးသားသတင်းဆုကို မြန်မာနိုင်ငံသတင်းစာဆရာအသင်းက ယခုနှစ်အတွက်
စီစဉ်ရန်သင့်တော်ကြောင်း အဆိုတင်သွင်းရာ အစည်းအဝေးတက်ရောက်လာသူ အားလုံးက သဘောတူညီစွာဖြင့် ဆက်လက်ဆောင်ရွက်ရန် ဆုံးဖြတ်ခဲ့ကြပါသည်။ အမျိုးသားသတင်းဆုရွေးချယ်ရေးအဖွဲ့တွင် ပြင်ပ နယ်ပယ်စုံမှ ပညာရှင်များကိုပါ ခေါ်ယူဖွဲ့စည်းမည်ဖြစ်ပြီး၊ အမျိုးသားသတင်းဆုအတွက် အစည်းအဝေးတစ်ခု သီးခြားထပ်မံခေါ်ယူ ဆွေးနွေးရန်ကိုလည်း ဆုံးဖြတ်ခဲ့ကြပါသည်။
ယာယီရုံးခန်းသစ်
အသင်း၏ ယာယီရုံးခန်းသစ်ကို အခန်းအမှတ်(၉၀၂)၊ မဟာဗန္ဓုလတာဝါ၊ မဟာဗန္ဓုလလမ်း၊ ပုဇွန်တောင်မြို့နယ်၊ ရန်ကုန်မြို့ တွင် ယခုနှစ်
စက်တင်ဘာ လဆန်းပိုင်းမှစတင်၍ တွင် ဖွင့်လှစ်မည်ဖြစ်ပြီး၊ မြန်မာနိုင်ငံသတင်းစာဆရာအသင်း(ရန်ကုန်တိုင်းဒေသကြီး)ရုံးခန်းကိုပါ ယင်းနေရာတွင် ပူးတွဲဖွင့်လှစ်သွားမည်ဖြစ်သည်။ အသင်းရုံးအတွက် ရုံးအဖွဲ့မှူးတစ်ဦးနှင့် ရုံးဝန်ထမ်းနှစ်ဦးတို့ကို အတွင်းရေးမှူးအဖွဲ့က စီစဉ်ဆောင်ရွက်သွားရန်နှင့်
ဝန်ထမ်းများခန့်ထားရန်ကိုမူ ဥက္ကဌ၊ ဒု-ဥက္ကဌများ နှင့်တိုင်ပင်ရွေးချယ်ခန့်ထားရန်ဆုံးဖြတ်ခဲ့ကြသည်။
လုပ်ငန်းကော်မတီများဖွဲ့စည်း
အသင်းဝင်ကြေးနှင့် နှစ်စဉ်ကြေးများနှင့် ပတ်သက်၍ အသင်းသက်တမ်း တစ်နှစ်ပြည့်မှသာလျှင် သတ်မှတ်မည်ဖြစ်ကြောင်းသိရသည်။
ထို့နောက် ရန်ပုံငွေရှာဖွေရေးလုပ်ငန်းကော်မတီ၊ နိုင်ငံတကာဆက်ဆံရေးလုပ်ငန်းကော်မတီ၊ စည်းရုံးရေးလုပ်ငန်းကော်မတီ၊ လေ့ကျင့်ရေးနှင့်ဖွံ့ဖြိုးရေးလုပ်ငန်းကော်မတီ၊ ပန်ကြားရေးလုပ်ငန်းကော်မတီ၊ သက်သာချောင်ချိရေးနှင့်လူမှုရေးလုပ်ငန်းကော်မတီနှင့် ဘဏ္ဍာရေးကော်မတီတို့ကို ဖွဲ့စည်းခဲ့သည်။
ထို့နောက် မွန်းလွဲ ၂ နာရီခွဲခန့်တွင် အစည်းအဝေးကို အောင်မြင်စွာရုပ်သိမ်းခဲ့သည်။

No comments:

Post a Comment