ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, August 19, 2012

တနိုင်ငံလုံး အတိုင်းအတာဖြင့် လယ်ဧက ၅ သိန်းကျော် ရေနစ်မြုပ်ခံရ

ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မုတ်သုန်မိုး ဆက်တိုက်ရွာသွန်းခဲ့သည့်နောက် ပြည်နယ်နှင့် တိုင်းဒေသကြီး ၆ ခုတွင် ရေနစ်မြုပ်လယ်မြေ ဧကစုစုပေါင်းမှာ ၅၂၈၀၀၀ ကျော်ရှိပြီဟု မြန်မာ့စိုက်ပျိုးရေး လုပ်ငန်းမှ အရာရှိကြီးတဦးက ပြောသည်။

မွန်ပြည်နယ် ပေါင်မြို့နယ်မှ လယ်စိုက်ခင်းတခု
ယခုရက်ပိုင်းအထိ ကောက်ယူရရှိထားသည့် စာရင်းများအရ ရေနစ်မြုပ်ခဲ့သည့် လယ်မြေ ၅၃၀၀၀၀ နီးပါးမှ ယခုလ ၁၈ ရက်နေ့ထိ ဧက ၁၃၆၀၀၀ ကျော် ရေပြန်ပေါ်လာပြီးနောက် ထိခိုက်သည့် လယ်မြေ ဧက ၅ သောင်း ၆ ထောင်ကျော်ရှိသည်ဟုလည်း ယင်းအရာရှိက YPI သို့ပြောသည်။

စိုက်ပျိုးရေး လုပ်ငန်းအရာရှိကြီးက “မြုပ်သွားတဲ့ လယ်မြေတိုင်းတော့ ပျက်စီးတာမဟုတ်ဘူး၊ တချို့က အထွက်နှုန်းလျော့မယ်၊ တချို့က ပျက်စီးတယ်၊ အခုလောလောဆယ် သိရသလောက်တော့ ပျက်စီးတဲ့ အချိုးအစားက နည်းတယ်၊ အထွက်နှုန်း ထိခိုက်တာက အခုထိ ဧက ၁ သိန်း၂ သောင်းနီးပါးရှိတယ်” ဟုပြောသည်။

ပြည်နယ်နှင့် တိုင်းအရ ရေနစ်မြုပ်မှု ဒဏ်ခံရသည့် အဆိုးရွားဆုံး ခံရသည့် ဒေသများမှာ မွန်၊ ကရင်၊ ရှမ်းပြည်နယ် မြောက်ပိုင်းနှင့် ပဲခူး၊ ရန်ကုန်နှင့် ဧရာဝတီ တိုင်းဒေသကြီးတို့ဖြစ်သည်ဟုလည်း သိရှိရသည်။

သို့ရာတွင် ဆန်စပါးအသင်း ဗဟိုအလုပ်အမှုဆောင် တဦးဖြစ်သူ ဒေါက်တာစိုးထွန်း က ၎င်းတို့ကောက်ခံ ရရှိထားသည့်စာရင်းများအရ တနိုင်ငံလုံး အတိုင်းအတာဖြင့် ဧက ၆၁၅၀၀၀ ကျော်ရှိ၍ ရေပြန်လည်ပေါ်လာသည့် ဧကအရေအတွက်မှာ ၂၁၃၀၀၀ ကျော်ရှိသည်ဟု ပြောသည်။

ရေမြုပ်ခံရသည့် လယ်မြေများအား ထိခိုက်မှု လျော့နည်းအောင်၊ ပြန်လည်စိုက်ပျိုးမည့် လယ်မြေများအခြေအနေ ကြည့်ရှုစစ်ဆေးရန်၊ မျိုးစပါးလိုအပ်ပါက အထောက်အပံ့ပေးရန်နှင့် ပိုးသတ်ဆေး မြေသြဇာကဲ့သို့သော သွင်းအားစုများ ဖြည့်ဆည်းပေးရန် ရည်ရွယ်၍ အရေးပေါ်ကူညီရေး အဖွဲ့များ ယခုရက်အတွင်း လယ်ယာစိုက်ပျိုးရေးနှင့် ဆည်မြောင်းဝန်ကြီးဋ္ဌာနမှဖွဲ့စည်းထားသည်ဟုလည်း မြန်မာစိုက်ပျိုးရေး လုပ်ငန်းမှ ဒုတိယအထွေထွေမန်နေဂျာ ဦးမြင့်ဦးက ပြောသည်။

ယင်းအဖွဲ့များ လာမည့် သီတင်းပတ်အစတွင် ယင်းအဖွဲ့များ မြန်မာနိုင်ငံ အောက်ပိုင်းနှင့် အထက်ပိုင်းဒေသများသို့ စတင်သွားရောက်မည်ဟုလည်း ဆိုသည်။

၎င်းက မြန်မာနိုင်ငံအောက်ပိုင်း ဒေသများတွင် ရေကြီးနေစဉ် မြန်မာနိုင်ငံအထက်ပိုင်း အချို့ဒေသများတွင် ပုံမှန်ထက် မိုးနည်းပါးကာ စပါး မစိုက်နိုင်သည့်ဖြစ်စဉ်များလည်း ရှိနေသည်ဟုလည်း ပြောသည်။

မိုးလေ၀သ ပညာရှင် ဒေါက်တာထွန်းလွင်က လက်ရှိမြန်မာနိုင်ငံ မိုးလေ၀သ အခြေအနေမှာ မြန်မာနိုင်ငံ အလယ်ပိုင်းနှင့်အရှေ့ပိုင်းဒေသများတွင်မိုးခေါင်နေချိန်၌ အောက်ပိုင်းဒေသများ၌ ရေကြီးမှုများ ဖြစ်ပွားနေသည့် ဖြစ်စဉ်သည် ထူးခြားသည့် ဖြစ်စဉ် တခုဖြစ်ကြောင်း ယခုလ (၄) ရက်နေ့က ပြုလုပ်သည့် ဟောပြောပွဲတွင် ပြောဆိုခဲ့သည်။

No comments:

Post a Comment