ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 18, 2012

တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီးများတွင် ဆေးယဉ်ပါးသော ငှက်ဖျားပိုး ပျံနှံ့မှုတွေ့ရှိ

တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီးများတွင် Artemisinin ဆေးယဉ်ပါးသော ငှက်ဖျားပိုးပျံ့နှံ့မှု တွေ့ရှိရကြောင်း ၂ဝ၁၂ ခုနှစ် ကမ္ဘာ့ငှက်ဖျားရောဂါ တိုက်ဖျက်ရေးနေ့ အခမ်းအနားတွင် ပြောကြားချက်များအရ သိရသည်။ တနင်္သာရီနှင့် ပဲခူးတိုင်းဒေသကြီးများတွင် ဆေးယဉ်ပါး ငှက်ဖျားပိုးပျံ့နှံ့မှုများ တွေ့ရှိရသည့်အတွက် ကာကွယ်တားဆီးခြင်း လုပ်ငန်းများကို လုပ်ဆောင်ပေးလျက်ရှိကြောင်းနှင့် ယင်းနှင့်ဆက်စပ်လျက်ရှိသည့် မွန်နှင့် ကရင်ပြည်နယ်များတွင်လည်း အလားတူလုပ်ငန်းများ လုပ်ဆောင်ပေးလျက်ရှိကြောင်း သိရှိရသည်။ အဆိုပါ ဒေသများတွင် ရွှေ့ပြောင်းလုပ်သား များပြားခြင်း၊ စီးပွားရေးအရ သတ္တုတူးဖော်သည့် လုပ်ငန်းများ ရှိခြင်း၊ Artemisinin ဆေးယဉ်ပါးမှု ပြဿနာရှိသည့် နယ်စပ်တွင်တည်ရှိခြင်း၊ ငှက်ဖျားဆေးကို အလွယ်တကူ ရရှိသုံးစွဲနိုင်ခြင်းများကြောင့် Artemisinin ဆေးယဉ်ပါးမှု ဖြစ်ပွားလျက်ရှိကြောင်း သိရှိရပါသည်။ လက်ရှိတွင် ငှက်ဖျားဆေး ယဉ်ပါးမှုရှိသည့် ဒေသများတွင် ပုံမှန်ကာကွယ်ကုသရေး လုပ်ငန်းများကို ဆောင်ရွက်ပေးခြင်း၊ ရွှေ့ပြောင်းအလုပ်သမားများအား အဝင်အထွက်တွင် ငှက်ဖျားပိုး ရှိ၊ မရှိ သွေးစစ်၍ ကုသမှုပေးခြင်း၊ ယင်းအလုပ်သမားများအတွက် လုပ်ငန်းရှင်များက ခြင်ထောင်များ ဝယ်ယူသိုလှောင်ထားပြီး ငှက်ဖျားရောဂါ တိုက်ဖျက်ရေးဌာနမှ ထောက်ပံ့သော ခြင်ထောင်စိမ်ဆေးပြားများနှင့် ခြင်ထောင်များကို ဆေးစိမ်ပေးခြင်း၊ အလုပ်သမားများထဲမှ စိတ်ပါဝင်စားသူများအား ရွေးချယ်၍ ငှက်ဖျားရောဂါ သွေးစစ်ကုသခြင်း သင်တန်းများအား ပို့ချပြီး ဆေးဝါးနှင့် ပစ္စည်းကိရိယာများ ထောက်ပံ့ခြင်းတို့ကို ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။ ထို့အပြင် အစွမ်းထက်သည့် Artemisinin ဆေးပေါင်းကို ငှက်ဖျားပိုး ယဉ်ပါးမှုအန္တရာယ် တားဆီးနိုင်ရန်အတွက် ထိထိရောက်ရောက် ဆောင်ရွက်ကြရန် လိုအပ်ကြောင်း၊ ကျန်းမာရေးဝန်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည့် ပြည်တွင်းပြည်ပ အဖွဲ့အစည်းများ ပူးပေါင်း၍ Artemisinin ဆေး တစ်မျိုးတည်း အသုံးပြုခြင်းကို တားဆီးပြီး Artemisinin ဆေးပေါင်းကို အစားထိုးအသုံးပြုရန် ဆောင်ရွက်ထားပြီးဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတွင် နှစ်စဉ်ငှက်ဖျား ဖြစ်ပွားသူဦးရေ ငါးသိန်းခန့်ရှိပြီး သေဆုံးသူဦးရေ တစ်ထောင်ခန့်ရှိကြောင်း ထုတ်ပြန်ချက်များအရ သိရသည်။ မြန်မာနိုင်ငံတွင် ငှက်ဖျားရောဂါ ဖြစ်ပွားမှုနှုန်းသည် ကုလသမဂ္ဂ ထောင်စုနှစ်ရည်မှန်းချက်၏ အခြေခံနှစ်ဖြစ်သည့် ၁၉၉ဝ ခုနှစ်တွင် လူဦးရေ တစ်ထောင်တွင် ၂၄ ဦးခန့်ဖြစ်ပြီး ငှက်ဖျားကြောင့် သေဆုံးနှုန်းသည်လည်း လူဦးရေတစ်သိန်းလျှင် ၁၃ ဦး ရှိကြောင်း၊ ၂ဝ၁၁ ခုနှစ်တွင် လူဦးရေ တစ်ထောင်၌ ၁ဝ ဦးခန့်သာ ဖြစ်ပွားပြီး သေဆုံးနှုန်းသည်လည်း လူဦးရေ တစ်သိန်းလျှင် တစ်ဦးခန့်သာရှိကြောင်း သိရသည်။ ၂ဝ၁ဝ ပြည့်နှစ် စာရင်းများအရ ကမ္ဘာပေါ်တွင် လူပေါင်း ၂၁၆ သန်းခန့်သည် ငှက်ဖျားရောဂါဝေဒနာ ခံစားနေကြရကြောင်း၊ လူပေါင်း ခြောက်သိန်းခွဲခန့်သည် ငှက်ဖျားရောဂါကြောင့် သေဆုံးလျက်ရှိကြောင်း၊ အရှေ့တောင်အာရှ ဒေသတွင်း၌ ရှိသည့်နိုင်ငံများသည် လူပေါင်း၂ ဒသမ ၄ သန်း ရောဂါဖြစ်ပွားပြီး ၂၄၂၆ ဦး ငှက်ဖျားရောဂါကြောင့်သေဆုံးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ထုတ် Weekly Eleven ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment