ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Wednesday, July 04, 2012

အမေရိကန်မှ ပက်စီအချိုရည်နှင့် မြန်မာမှ ဒိုင်းမွန်းစတား ကုမ္ပဏီတို့ အကျိုးတူချိတ်ဆက် လုပ်ကိုင်မည်


နာမည်ကျော် အမေရိကန်အချိုရည် အမှတ်တံဆိပ် တစ်ခုဖြစ်သော ပက်စီအချိုရည်နှင့် မြန်မာထိပ်တန်းကုမ္ပဏီ တစ်ခုဖြစ်သော ဒိုင်းမွန်းစတား ကုမ္ပဏီတို့ မြန်မာနိုင်ငံအတွင်း အကျိုးတူချိတ်ဆက် လုပ်ကိုင်သွားမည်ဖြစ်ပြီး အခြား အမေရိကန် နာမည်ကျော် အချိုရည်တစ်ခုဖြစ်သည့် ကိုကာကိုလာကုမ္ပဏီမှ ၀န်ထမ်းစတင်ခေါ်ယူနေကြောင်း စီးပွားရေး အသိုင်းအ၀ိုင်းမှ သတင်းရရှိပါသည်။ "ပက်စီနဲ့ ဒိုင်းမွန်းစတားကုမ္ပဏီ ပူးပေါင်းလုပ်သွားမယ်လို့ သိရတယ်။ ကိုကာကိုလာကတော့ ဘယ်သူနဲ့မှ မချိတ်သေးဘူး။ ၀န်ထမ်းတော့ စပြီး ခေါ်နေတယ်။ မြန်မာ့အချိုရည် ဈေးကွက်ကတော့ပိုပြီး ယှဉ်ပြိုင်မှု များလာတော့မှာပါ" ဟု အချိုရည် ကုမ္ပဏီများနှင့် နီးစပ်သည့် စီးပွားရေးလုပ်ငန်းရှင်တစ်ဦးက ပြောကြားပါသည်။ ဒိုင်းမွန်းစတား ကုမ္ပဏီအနေဖြင့် ပက်စီအချိုရည်ကို မြန်မာနိုင်ငံအတွင်း တာဝန်ယူ ဖြန့်ဖြူးရောင်းချသွားမည်ဖြစ်ပြီး လုပ်ငန်းစတင်နိုင်ရန် ပြင်ဆင်မှုများ ပြုလုပ်နေကြောင်း သိရပါသည်။ ထို့အတူ ကိုကာကိုလာ ကုမ္ပဏီကလည်း မြန်မာအိမ်နီးချင်းနိုင်ငံများမှ အချိုရည်များကို တင်သွင်းဖြန့်ဖြူး ရောင်းချသွားမည်ဖြစ်ပြီး မြန်မာလုပ်ငန်းရှင် မိတ်ဖက်ကို ရှာဖွေသွားမည်ဟု ထုတ်ပြန်ကြေညာထားသည်။ ပက်စီကုမ္ပဏီသည် Pepsi-Cola, Frito-Lay, Tropicana, Quaker, Gatorade အမှတ်တံဆိပ် စားသောက်ကုန်များကို အဓိက ထုတ်လုပ်ကြောင်း သိရသည်။ ပက်စီနှင့် ချိတ်ဆက်လုပ်ကိုင်မည့် မြန်မာစီးပွားရေး လုပ်ငန်းဖြစ်သော ဒိုင်းမွန်းစတားကုမ္ပဏီသည် လုပ်ငန်းများစွာ လုပ်ကိုင်သည့် ထိပ်တန်းကုမ္ပဏီတစ်ခုဖြစ်ပြီး ပို့ကုန်သွင်းကုန်လုပ်ငန်း၊ ဂျုံလုပ်ငန်း၊ ဓာတ်မြေသြဇာလုပ်ငန်း၊ စားသောက်ကုန်လုပ်ငန်း၊ ဆေးဝါးဖြန့်ချိရေးလုပ်ငန်း၊ ဈေးဝယ်စင်တာလုပ်ငန်းများကို အဓိကလုပ်ကိုင်နေသည့် ကုမ္ပဏီတစ်ခု ဖြစ်ပါသည်။ ပက်စီကုမ္ပဏီနှင့် ချိတ်ဆက် လုပ်ဆောင်မည့် ဒိုင်းမွန်းစတား ကုမ္ပဏီပိုင်ရှင် ဒေါက်တာဦးကိုကိုကြီးသည် မြန်မာနိုင်ငံ၏ အမျိုးသားစီးပွားရေးနှင့် လူမှုရေးအကြံပေးကောင်စီတွင် အဖွဲ့ဝင်အဖြစ် ပါဝင်ကြောင်း၊ ဒိုင်းမွန်းစတားကုမ္ပဏီသည် မြန်မာနိုင်ငံတွင် ထိပ်တန်းစီးပွားရေး လုပ်ငန်းတစ်ခုဖြစ်ပြီး ဒိုင်းမွန်းစတား ဂျုံမှုန့်၊ အာမိုဓာတ်မြေသြဇာ၊ Capital Hyper Market ၊ ပရီမီယာ ကော်ဖီအမျိုးမျိုးကို အဓိက ထုတ်လုပ်ရောင်းချဖြန့်ဖြူးနေပြီး မြန်မာနိုင်ငံ၏ ပို့ကုန်သွင်းကုန် တင်သွင်းမှု အများဆုံး ထိပ်တန်းစာရင်းတွင် နှစ်စဉ်ဝင်ရောက်နေသည့် လုပ်ငန်းတစ်ခုဖြစ်ကြောင်း သိရပါ သည်။ ရန်ကုန်မြို့ရှိ ပဒုမ္မာကဇာတ်ရုံကိုလည်း ကျပ်သိန်းပေါင်းများစွာဖြင့် လေလံအောင်ထားကြောင်း သတင်းရရှိသည်။

No comments:

Post a Comment