ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

ဆက်သွယ်ရေးကဏ္ဍအတွက် နိုင်ငံတကာ တင်ဒါများခေါ်ယူမည်



From : ခေတ်လူငယ်
မြန်မာနိုင်ငံ၏ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး မူဝါဒအရ ဆက်သွယ်ရေးကဏ္ဍ၌ ပုဂ္ဂလိကကဏ္ဍနှင့် ပူးပေါင်း၍ ယှဉ်ပြိုင် ဝန်ဆောင်မှုပေးခြင်းများ ပြုလုပ်သွားမည်ဖြစ်သည့်အတွက် ပြည်တွင်း၊ ပြည်ပ နိုင်ငံတကာ တင်ဒါများကို ခေါ်ယူသွားမည်ဟု ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးသိန်းထွန်းက ပြောသည်။ ပြည်ထောင်စုဝန်ကြီးသည် ဇွန်လ ၂၆ ရက်နေ့၌ နေပြည်တော် ဆက်သွယ်ရေး၊ စာတိုက်နှင့် ကြေးနန်းဝန်ကြီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပသော မြန်မာနိုင်ငံ၏ ဆက်သွယ်ရေးဝန်ဆောင်မှု ကဏ္ဍပြုပြင်ပြောင်းလဲရေး အစည်းအဝေးတွင် အထက်ပါအတိုင်း ပြောကြားခဲ့သည်ဟု နိုင်ငံပိုင်သတင်းစာ၌ ဖော်ပြထားသည်။ ဆက်သွယ်ရေး ဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေးအတွက် နိုင်ငံတကာ တင်ဒါများကို ရွေးချယ်ရာတွင် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၊ အပြည်ပြည်ဆိုင်ရာ ညှိနှိုင်းရေးနှင့် ကျွမ်းကျင်အဖွဲ့အစည်း၊ လူမှုစီးပွား ဖွံ့ဖြိုးရေး အကြံပေးကောင်စီတို့နှင့် ပူးပေါင်းညှိနှိုင်း တိုင်ပင် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီးက ပြောသည်။ ဌာနဆိုင်ရာ ဗဟိုပြုဆက်သွယ်ရေး ဝန်ဆောင်မှုပုံစံမှ ပြည်သူ့ဗဟိုပြု ဆက်သွယ်ရေး ဝန်ဆောင်မှုပုံစံသို့ ပြောင်းလဲရမည်ဟု ပြည်ထောင်စုဝန်ကြီးက ပြောကြားခဲ့သည့်အပြင် လက်ရှိအချိန်၌ ပြည်သူများအနေဖြင့် ဈေးနှုန်းချိုသာ၍ အရည်အသွေးကောင်းမွန်ရုံသာမက စိတ်ကြိုက်ရွေးချယ်ပိုင်ခွင့်ရှိသည့် ဆက်သွယ်ရေး ဝန်ဆောင်မှုကောင်းများကို လိုအပ်လျက်ရှိနေကြကြောင်း၊ ထို့ကြောင့် ပြည်သူတို့၏ လိုအင်ဆန္ဒများကို ဖြည့်ဆည်းပေးခွင့် ရရှိခြင်းသည် မိမိတို့အတွက် အခွင့်လမ်းကောင်း တစ်ခုပင်ဖြစ်သည်ဟု အစည်းအဝေးသို့ တက်ရောက်လာသူများကို ပြည်ထောင်စုဝန်ကြီးက ပြောသည်။ နိုင်ငံပိုင်အချိုးအစား များပြားနေသည့် ဆက်သွယ်ရေးကဏ္ဍ အပါအဝင် အခြားသော ကဏ္ဍ ၆ ခုကို ကဏ္ဍတစ်ခုချင်းစီ လေ့လာသုံးသပ်၍ ပုဂ္ဂလိကပိုင်အဖြစ် အချိုးအစားအရ ကူးပြောင်းပေးရန် ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်က ယခုလ ၁၉ ရက်နေ့၌ ပြောကြားခဲ့ပြီး ဖြစ်သည်။ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်း၍ နိုင်ငံတော်သမ္မတက မိန့်ခွန်းပြောကြားရာ၌ ထည့်သွင်းပြောကြားခဲ့ခြင်းဖြစ်ပြီး လုပ်ငန်းနယ်ပယ်၌ ဝန်ကြီးဌာန တစ်ခုချင်းစီ၏ အချိုးအစား ပါဝင်မှုကို စီစစ်သုံးသပ်၍ ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်ရန် ဒုတိယသမ္မတ ဦးဆောင်သည့် “ပုဂ္ဂလိကပိုင် ပြုလုပ်ရေး ကော်မရှင်အသစ်” ကို ပြင်ဆင်ဖွဲ့စည်း လုပ်ဆောင်သွားမည်ဟု နိုင်ငံတော်သမ္မတက ဆိုသည်။ ဆက်သွယ်ရေး ဝန်ကြီးဌာန၏ ဝန်ဆောင်မှုကဏ္ဍ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်မူဝါဒကို ဇွန်လ ၁၉ ရက်နေ့နှင့် ၂၀ ရက်နေ့တို့၌ ကျင်းပခဲ့သည့် စီမံကိန်း ကော်မရှင်အစည်းအဝေးက ခွင့်ပြုခဲ့ပြီး ဖြစ်သည်။ ပြည်တွင်း မိုဘိုင်းဖုန်းကွန်ရက်ကို အိန္ဒိယ၊ တရုတ်၊ အစ္စရေး၊ ကိုရီးယားနှင့် အိုင်ယာလန်နိုင်ငံတို့မှ ငွေကြေး ပေးအပ်စရာမလိုဘဲ အခမဲ့ လာရောက် လုပ်ကိုင်ပေးလိုသည့် ကုမ္ပဏီ အများအပြား ရှိနေကြကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၅ ရက်နေ့ထုတ် Internet ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment