ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲ ဆောင်ရွက်သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး သမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြား



ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးတိုးတက်မှုတို့ အတွက် မြေယာစနစ်တကျ စီမံခန့်ခွဲနိုင်ရေး မြေယာစနစ်ပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက်ရန် အချိန်ကျရောက်ပြီဖြစ်ကြောင်းနှင့် အစုအဝေးနှင့် လမ်းမပေါ်ထွက် ဆန္ဒထုတ်ဖော်ရာတွင် သွေးထိုးမှုပါလာသည့်အခါ၌ ပြည်သူများ၏ အသက်အိုးအိမ်လုံခြုံမှုထိခိုက်သည်အထိ ပြောင်းလဲသွားတတ်သည့် ဖြစ်စဉ်ကို အစိုးရ၊ လွှတ်တော်၊ ပြည်သူများအားလုံးနှင့် စတုတ္ထမဏ္ဍိုင် ပူးပေါင်းပြီး ကာကွယ်ရမည်ဖြစ်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။ နိုင်ငံတော်ဖွံ့ဖြိုး တိုးတက်ရေး အတွက် ပြုပြင်ပြောင်းလဲဆောင်ရွက် သွားမည့် လုပ်ငန်းစဉ်များနှင့် စပ်လျဉ်းပြီး နိုင်ငံတော်သမ္မတ ဦးသိန်စိန်သည် ဇွန်လ ၁၉ ရက် နံနက် ၉နာရီ အချိန် တွင် နေပြည်တော်ရှိ သမ္မတအိမ်တော်မှ မိန့်ခွန်းပြောကြားခဲ့သည်။ နိုင်ငံတော်သမ္မတမိန့်ခွန်း ပြောကြားသည့် အခမ်းအနားသို့ ပြည်ထောင်စုအဆင့် အဖွဲ့အစည်းဝင် ပုဂ္ဂိုလ်များ၊ တိုင်းဒေသကြီး/ပြည်နယ်အစိုး ရအဖွဲ့ဝန်ကြီးချုပ်များ၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရ တိုင်း/ဒေသဥက္ကဌများ၊ ဒုတိယ၀န်ကြီးများနှင့် ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။ နိုင်ငံတော်သမ္မတ မိန့်ခွန်း ပြောကြားရာတွင် “မြို့ရွာဖွံဖြိုးတိုးတက်မှု စီမံကိန်းများနှင့် ရင်းနှီးမြှပ်နှံမှု စီမံကိန်းများ ဆောင်ရွက်ရာမှာ အခြားနိုင်ငံများနှင့်မတူဘဲ အခက်အခဲတွေ့နေရ တဲ့ ကိစ္စရပ်တစ်ခုကတော့ မြေအသုံးချမှု(Land Use)မြေကစားမှု(Land Speculation)စတဲ့ မြေယာပြဿနာများပဲ ဖြစ်ပါတယ်။ အိမ်နီးချင်းနိုင်ငံ တစ်ချို့ကို ကြည့်ရင် ကိုယ့်နိုင်ငံထက်သာတဲ့ မြို့ပြကျေးရွာ ဖွံ့ဖြိုးတိုးတက်မှု စီမံကိန်းတွေနဲ့ လူနေမှုအဆင့်အတန်းနဲ့ လူမှုစီးပွားရေးဘ၀ မြင့်မားတိုးတက်မှု အခြေအနေတွေကို တွေ့ရမှာဖြစ်ပါတယ်။ ဒါ့ကြောင့် အခြားနိုင်ငံများနဲ့ ရင်ပေါင်တန်းနိုင်ဖို့ အတွက် ဒေသန္တရ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Regional Development Plan)၊ မြို့ပြဖွံဖြိုးတိုးတက်ရေး စီမံကိန်း(City Development Plan) ၊မြို့နယ်ဖွံဖြိုးတိုးတက်ရေး စီမံကိန်း (Township Development Plan)၊ ကျေးရွာ ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်း (Village Development Plan)တို့ကို မြို့နယ်အဆင့်မှစပြီး ကော်မတီများ ဖွဲ့စည်းရေးဆွဲ ဆောင်ရွက်ခဲ့တာ ဖြစ်ပါတယ်။ မြို့နယ်တစ်နယ်ရဲ့ အကျယ်အ၀န်း၊ လူဦးရေ အချိုးအစားနဲ့ ပြည်သူတို့၏ နေမှုထိုင်မှုလိုအပ်ချက်၊ ပြည်သူတို့၏ စားသောက်မှုလိုအပ်ချက်နှင့် အလုပ်အကိုင် အခွင့်အလမ်း လိုအပ်ချက်တို့အတွက် လယ်မြေများ၊ နှစ်ရှည်စိုက်ခင်းကြီးများနှင့် စက်မှုလက်မှု လုပ်ငန်းများ၊ သစ်တော သဘာဝပတ်ဝန်းကျင်နဲ့ ပြည်သူတို့၏ သောက်သုံးရေ လိုအပ်ချက်၊ လမ်းပန်း ဆက်သွယ်ရေး အခြေအနေနှင့် ပြည်သူတို့၏ သွားလာရေး လိုအပ်ချက်၊ လျှပ်စစ်၊ ဆက်သွယ်ရေး၊ ကျန်းမာရေး၊ ပညာရေး၊ ကူးသန်းရောင်းဝယ်ရေး စသည့် ပြည်သူတို့၏ လိုအပ်ချက် ကိစ္စအ၀၀ကို ဖြည့်ဆည်းနိုင်ရန်အတွက် မြို့ရွာဖွံ့ဖြိုးတိုးတက်မှုစီမံကိန်းများနှင့် ရင်းနှီးမြှပ်နှံမှု စီမံကိန်းများ ဆောင်ရွက်နိုင်ရန် မြေအသုံးချမှု မူဝါဒ(Land Use Policy)နှင့် မြေအသုံးချမှု စီမံခန့်ခွဲရေး(Land Use Management)တို့ကို စနစ်တကျစီမံဆောင်ရွက်ရန် လိုအပ်လာပါတယ်။ သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၊ အခြားမြေများတွင် တရားမ၀င် ကျူးကျော်ဝင်ရောက်နေထိုင် လုပ်ကိုင်ရာမှ ၎င်းတို့ လက်ငုတ်လက်ရင်း ပိုင်ဆိုင်သကဲ့သို့ဖြစ်ပြီး အစိုးရ၏ စီမံခန့်ခွဲမှုမှာ အခက်အခဲရှိလာ တဲ့အတွက် အခြားနိုင်ငံများကဲ့သို့ မြေဟက်တာများစွာကို ရင်းနှီးမြှပ်နှံ မှုအတွက် ခွင့်ပြုမပေးနိုင်တဲ့ အခြေအနေများ၊ မြေယာပြဿနာများကို နေရာအနှံ့အပြားမှာ တွေ့ရှိရပါတယ်။ နှစ်တိုနှစ်ရှည် စက်မှုကုန်ကြမ်းနဲ့ ကုန်ထုတ်လုပ်မှုလုပ်ငန်းများ တိုးတက်နိုင်ရန် မိမိတို့၏ ပြည်သူများကို သစ်တောမြေနှင့် မြေလွတ်မြေရိုင်းများ၌ တရားမ၀င် ကျူးကျော်နေထိုင်လုပ်ကိုင် စားသောက်ခြင်းအစား မြို့ကွက် ရွာကွက်များစနစ်တကျ ထူထောင် နေရာချထားပေးခြင်း၊ လုပ်ကိုင်စားသောက်ရန် လယ်ယာမြေများ စီမံပေးခြင်းတို့ကို စုစည်းပြုလုပ်ပေးလျက် သစ်တော၊ သစ်ပင်နဲ့နှစ်ရှည်ပင်များ ရင်းနှီးမြှပ်နှံမှု၊ စီးပွားရေးစိုက်ခင်းကြီးများ ပြောင်းလဲထူးထောင်ပေးနိုင်ရန် ကြိုးပမ်းခြင်းဖြင့် ရေရှည်ဖွံဖြိုးတိုးတက်သော သဘာဝပတ်ဝန်းကျင် ဖြစ်ထွန်စေလျက် ဒေသဖွံ့ဖြိုးရေး၊ ပြည်သူတို့၏ အလုပ်အကိုင် အခွင့်အလမ်းနှင့် စီးပွားရေးတိုးတက်မှု၊ လူနေမှုအဆင့်အတန်း မြင့်မားမှုတို့အတွက် မြေယာစနစ်တကျ စီမံခန့်ခွဲနိုင်ရေးအတွက် မြေယာစနစ်ပြုပြင် ပြောင်းလဲရေး(Land Reform) ကို ဆောင်ရွက်ရန် အချိန်ကျရောက်ပြီ ဖြစ်ပါတယ်”ဟု ပြောကြားခဲ့သည်။ ဆက်လက်၍ နိုင်ငံတော်သမ္မတက”စည်းကမ်းပြည့်ဝတဲ့ ဒီမိုကရေစီကျင့်စဉ်မျိုး တစ်ဆင့်ပြီးတစ်ဆင့် အေးချမ်းတည်ငြိမ်စွာနဲ့ အသွင်ကူးပြောင်းနေတဲ့ အချိန်မှာ ဒီမိုကရေစီခေတ်မှာ ပြည်သူ့ဆန္ဒဖော်ထုတ်တယ် ဆိုပြီး လမ်းမပေါ်လူအုပ်နဲ့ထွက် အစုအဝေးနဲ့ သွေးထိုးမှုပါလာတဲ့အခါ မဖြစ်သင့်မဖြစ်ထိုက်တဲ့ ပြည်သူအများစုရဲ့ အသက်အိုးအိမ် လုံခြုံမှုထိခိုက်တဲ့ဖြစ်စဉ်အထိ ရုတ်ချည်း ပြောင်းလဲသွားတတ်တဲ့ ဖြစ်စဉ်နဲ့ သဘောသဘာဝကို ရင့်ကျက်ယဉ်ကျေးသော၊ တိုင်းပြည်တိုးတက်အောင် ညီညွတ်စွာ ကြိုးပမ်းဆောင်ရွက်နိုင်သော၊ ကမ္ဘာ့အလယ်မှာ သားစဉ်မြေးဆက် ရပ်တည်နိုင်အောင် စွမ်းဆောင်ရည်ရှိသော လူမျိုးများအဖြစ် အစိုး ရ၊လွှတ်တော်၊ ပြည်သူအားလုံးနဲ့ စတုတ္ထမဏ္ဍိုင်တို့ ပူးပေါင်းပြီး ညီညီ ညွတ်ညွတ် ခိုင်ခိုင်မာမာ လက်တွဲ ကာကွယ်စောင့်ရှောက်ရမှာ ဖြစ်ပါတယ်” ဟု မိန့်ခွန်းတွင်ထည့်သွင်းပြောကြား ခဲ့သည်။ နိုင်ငံတော်သမ္မတမိန့်ခွန်းကို အပိုင်း ၄ ပိုင်းဖြင့်ပြောကြားခဲ့ပြီး ပထမအပိုင်းတွင် နိုင်ငံတော် ဘတ်ဂျက် ကိစ္စ၊ ဒုတိယပိုင်းတွင် နိုင်ငံခြားအကူအညီ အထောက်အပံများကိစ္စ၊ တတိယပိုင်းတွင် နိုင်ငံဖွံဖြိုးတိုးတက်မှု အတွက် အဓိကကျသည့် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှပ်နှံမှုတိုးတက်ရေး ကိစ္စနှင့် စတုတ္ထပိုင်းတွင် နိုင်ငံအတွင်း လျှပ်စစ်ကဏ္ဍ ဖွံ့ဖြိုးတိုးတက်ရေးဆိုင်ရာ ကိစ္စများထည့်သွင်း ပြောကြားခဲ့သည်။

No comments:

Post a Comment