ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 03, 2012

ကလေးငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက်လက်မှတ် ရေးထိုးနိုင်ခြင်းကို ကြိုဆို



From : ခေတ်လူငယ်
မြန်မာနိုင်ငံ အမျိုးသားလူ့အခွင့်အရေး ကော်မရှင်က သတင်းထုတ်ပြန်ချက်တစ်ရပ်ကို ဇူလိုင် ၂ ရက်နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။ အဆိုပါ သတင်းထုတ်ပြန်ချက် အပြည့်အစုံမှာ- ပြည်ထောင်စုသမ္မတ မြန်မာနိုင်ငံတော် အစိုးရနှင့် ကုလသမဂ္ဂတို့အကြား ကလေးသူငယ်များအား စစ်မှုထမ်းခြင်းမှ ကာကွယ်ထိန်းသိမ်းရေးဆိုင်ရာ လုပ်ငန်းစီမံချက်ကို ၂၀၁၂ ခုနှစ် ဇွန်လ ၂၇ ရက်နေ့တွင် နေပြည်တော်၌ လက်မှတ်ရေးထိုးနိုင်ခြင်းကို မြန်မာနိုင်ငံအမျိုးသား လူ့အခွင့်အရေးကော်မရှင်က ကြိုဆိုပါသည်။ မြန်မာနိုင်ငံတွင် အရွယ်မရောက်သေးသော ကလေးသူငယ်များစစ်မှု ထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးအတွက် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး ကော်မတီကို ၂၀၀၄ ခုနှစ်တွင် ဖွဲ့စည်းပြီး ဆောင်ရွက်လျက်ရှိပါသည်။ ကော်မတီအနေဖြင့် စောင့်ကြည့်ရေးနှင့် အစီရင်ခံရေးလုပ်ငန်းအဖွဲ့၊ ပြန်လည်ပေါင်းစည်းရေးနှင့် ပြန်လည်ထူထောင်ရေး လုပ်ငန်းအဖွဲ့ စသည်ဖြင့် လုပ်ငန်းအဖွဲ့များ ဖွဲ့စည်းပြီး ဆောင်ရွက်ရာတွင် မြန်မာနိုင်ငံရှိ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆောင်ရွက်မှုများလည်း ပါဝင်ပါသည်။ အဆိုပါ ကော်မတီသည် မိမိ၏ ဆောင်ရွက်ချက်များကို ထင်သာမြင်သာရှိစေရန် ရည်ရွယ်လျက် ရန်ကုန်မြို့ရှိ ကုလသမဂ္ဂလက်အောက်ခံ အဖွဲ့အစည်းများ၊ သံရုံးများနှင့် စစ်သံရုံးများမှ အကြီးအကဲများနှင့် ကိုယ်စားလှယ်များကို ဖိတ်ကြားကာ စစ်သားစုဆောင်းရေးတပ်နှင့် လေ့ကျင့်ရေးကျောင်းတို့သို့ လေ့လာနိုင်ရန် အကြိမ်ကြိမ် စီစဉ်ပေးခဲ့သည်ကို သိရှိရပါသည်။ မြန်မာနိုင်ငံအနေဖြင့် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးလုပ်ငန်းကို ဆောင်ရွက်လျက်ရှိရာတွင် ယခုကဲ့သို့ မြန်မာနိုင်ငံအစိုးရနှင့် ကုလသမဂ္ဂတို့အကြား လုပ်ငန်းစီမံချက်တစ်ရပ် လက်မှတ်ရေးထိုးနိုင်ခြင်းသည် အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေး လုပ်ငန်းတွင် ကုလသမဂ္ဂနှင့် ပူးပေါင်း၍ ထိရောက်စွာ ဆောင်ရွက်မည်ဖြစ်ကြောင်း နိုင်ငံရေး ဆန္ဒပြသရာ ရောက်သည်ဟု ကော်မရှင်က ယုံကြည်ပါသည်။ အရွယ်မရောက်သေးသူ ကလေးသူငယ်များ စစ်မှုထမ်းခြင်းမှ ကာကွယ်တားဆီး ထိန်းသိမ်းရေးသည် ကုလသမဂ္ဂနှင့် နိုင်ငံတကာ မျက်နှာစာတွင် နိုင်ငံတော်၏ ဂုဏ်သိက္ခာကို မြင့်မားစေမည့် လုပ်ငန်းတစ်ရပ်ဖြစ်ရာ ကုလသမဂ္ဂအပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းများအနေဖြင့် လုပ်ငန်းစီမံချက်ကို အောင်မြင်စွာ အကောင်အထည် ဖော်ဆောင်နိုင်မည်ဟု မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင်က မျှော်လင့်ပါကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၃ ရက်နေ့ထုတ် မြဝတီ သတင်းစာတွင် ဖော်ပြထားပါသည်။

No comments:

Post a Comment