မြန်မာနိုင်ငံ၏ ဒီမိုကရေစီစနစ် ဖော်ဆောင်ရေးတွင် အဟန့်အတားဖြစ်စေသော စီးပွားရေးပိတ်ဆို့မှုများကို အမြန်ဆုံး ရုပ်သိမ်းပေးရေးအတွက် ပြည်သူ့လွှတ်တော် အစည်းအဝေးတွင် အရေးကြီးအဆိုအဖြစ် ဆွေးနွေးအတည်ပြုခဲ့ကြသည်။ စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းရေးအတွက် လွှတ်တော်နှင့် ဆောင်ရွက်နိုင်သူ မည်သူ့ကိုမဆို မည်သည့်နည်းလမ်းကို အသုံးပြု၍ဖြစ်စေ
ညှိနှိုင်းဆောင်ရွက်ရန် တိုက်တွန်းကြောင်း အဆိုကို လွယ်ဟိန်းမြို့နယ် ပြည်သူ့လွတ်တော်ကိုယ်စားလှယ် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီဝင် ဒေါ်နန်းဝါနုက အရေးကြီးအဆိုအဖြစ် တင်သွင်းခဲ့ခြင်းဖြစ်သည်။ ပြည်သူ့လွှတ်တော် ဥပဒေကြမ်း ကော်မတီဝင်တစ်ဦးဖြစ်သူ ဒေါ်နန်းဝါနု တင်သွင်းသော အဆိုကို လွှတ်တော်ကိုယ်စားလှယ်များ ဖြစ်ကြသည့် မြိတ်မဲဆန္ဒနယ်မှ ဦးဌေးမြင့်၊ ဒေါ်ခင်စောဝေ၊ ဦးနိုင်ငံလင်း၊ ဦးစိန်ဝင်းနှင့် ဦးကြည်မြင်(လသာ) တို့က အကြိတ်အနယ် ဆွေးနွေးခဲ့ကြသည်။ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးစိန်ဝင်းက စီးပွားရေးပိတ်ဆို့မှုများ ရုပ်သိမ်းပေးရုံဖြင့် တိုင်းပြည်တိုးတက်မည် မဟုတ်ကြောင်း၊ အုပ်ချုပ်သူ၊ အုပ်ချုပ်ခံသူနှင့် စနစ်အံဝင်ခွင်ကျဖြစ်ရန် အရေးကြီးကြောင်း ဆွေးနွေးခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီဝင် လွှတ်တော်ကိုယ်စားလှယ် ဦးနိုင်ငံလင်းကမူ စီးပွားရေး ပိတ်ဆို့မှုများ ရုပ်သိမ်းရန် ပြည်ထောင်စုအစိုးရ အနေနှင့် လူ့အခွင့်အရေး၊ တရားဥပဒေ စိုးမိုးရေးများကို အာမခံချက်ပေးရန် ဆွေးနွေးခဲ့သည်။ အမေရိကန်ပြည်ထောင်စုက စီးပွားရေးပိတ်ဆို့မှုများ ဖြေလျှော့ပေးလိုက်ပြီ ဆိုသော်လည်း အမေရိကန်နိုင်ငံသား စီးပွားရေးလုပ်ငန်းရှင်များအား မြန်မာနိုင်ငံတွင် လာရောက်ရင်းနှီးမြှုပ်နှံရန် ခွင့်ပြုခြင်းသာဖြစ်ပြီး အမေရိကန် ဆီးနိတ်လွှတ်တော်အမတ် မက်ကော်နယ်နှင့် အဖွဲ့ဝင်အချို့က စီးပွားရေးပိတ်ဆို့မှု သက်တမ်းတိုးမြှင့်ရန် တင်ပြထားပြီးဖြစ်သည်ဟု သတင်းအခိုင်အမာ ရရှိထားကြောင်း ပြည်သူ့လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်းက ပြောကြားသည်။ ယင်းအဆိုနှင့်ပတ်သက်၍ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်အား လွှတ်တော်အစည်းအဝေး ခေတ္တရပ်နားချိန်တွင် မီဒီယာများက သဘောထားမှတ်ချက် မေးမြန်းခဲ့ရာ “ဒီနေ့မှ တင်တာဆိုတော့ သိပ်ပြီး ဆွေးနွေးဖို့ အချိန်မရပါဘူး။ အန်တီတို့ အချင်းချင်းလည်း ဘာမှ မဆွေးနွေးရသေးဘူး။ လွှတ်တော်က ဆုံးဖြတ်ထားတာကို ဘာဆက်လုပ်မလဲဆိုတာ စောင့်ကြည့်သွားမယ်” ဟု ပြောကြားခဲ့သည်။ ပြည်သူ့လွှတ်တော် အစည်းအဝေး ပြီးဆုံးချိန်တွင် လွှတ်တော်ဥက္ကဋ္ဌ သူရဦးရွှေမန်း၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်နှင့် စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းရေး အဆိုတင်သွင်းသူ ဒေါ်နန်းဝါနု တို့သည် လွှတ်တော်ဥက္ကဋ္ဌ ရုံးခန်းတွင် သီးခြားတွေ့ဆုံ ဆွေးနွေးခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
No comments:
Post a Comment