ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

ခရီးသွားဒေသသစ်များ ပေးထွက်လာစေရေး ဟိုတယ်/ခရီး ဆွေးနွေးပွဲ ပြုလုပ်မည်


မြန်မာနိုင်ငံ၏ ခရီးသွားလုပ်ငန်း တိုးတက်လာသည်နှင့်အညီ ခရီးစဉ်ဒေသသစ်များ ပေါ်ထွက်လာစေရေး အတွက် ဟိုတယ်နှင့်ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက ဦးဆောင်၍ ယခုလ ၂၃ ရက်နေ့တွင် ‘မြန်မာနိုင်ငံ သဘာဝအခြေခံ ခရီးသွားလုပ်ငန်း (Eco Tourism) ခရီးစဉ် ဖော်ထုတ်ခြင်းနှင့်
သွားလာနေထိုင်မှု အဆင်ပြေစေရေး’ ဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲတစ်ရပ်ကို အဆိုပါဝန်ကြီးဌာန ကျောက်စိမ်းခန်းမတွင် ပြုလုပ်မည်ဖြစ်ကြောင်း ယင်းဝန်ကြီးဌာန ဒုတိယရုံးအဖွဲ့မှူး ဦးမိုးဇော်ထွဋ်က ပြောကြားခဲ့သည်။ အဆိုပါ အလုပ်ရုံဆွေးနွေးပွဲတွင် ဟိုတယ်နှင့် ခရီးသွားလာရေးလုပ်ငန်း ဝန်ကြီးဌာနက စာတမ်းတစ်စောင်၊ မွေးမြူရေးနှင့် ရေလုပ်ငန်းဝန်ကြီးဌာနက စာတမ်းတစ်စောင်၊ ရှေးဟောင်းသုတေသနဦးစီးဌာနက စာတမ်းတစ်စောင်၊ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနှင့် သစ်တောရေးရာ ဝန်ကြီးဌာနက စာတမ်းတစ်စောင်၊ မြန်မာနိုင်ငံ ခရီးသွားလုပ်ငန်းရှင်များအသင်းက စာတမ်းနှစ်စောင် အသီးသီး ဖတ်ကြားကြမည်ဖြစ်ကြောင်း ၄င်းကဆက်လက် ပြောကြားသည်။ “ဒီအလုပ်ရုံဆွေးနွေးပွဲက ခရီးစဉ်ဒေသသစ်တွေ ထွက်လာဖို့ ရည်ရွယ်တယ်။ ဥပမာ- ကလောဆိုရင် ဓနုကျေးရွာတွေ၊ လွိုင်ကော်ဆိုလည်း ပဒေါင်ကျေးရွာလိုမျိုးတွေ စသည်ဖြင့်ပေါ့။ ခရီးစဉ်သစ်တွေ ထွက်လာရင် နိုင်ငံခြားဧည့်သည်တွေအတွက်လည်း ပိုပြီး စိတ်ဝင်စားမှု ရှိလာမှာလေ” ဟု ၄င်းကဆိုသည်။ အဆိုပါ ဆွေးနွေးပွဲသို့ စာတမ်းဖတ်ကြားမည့် ဝန်ကြီးဌာနများမှ တာဝန်ရှိသူများအပြင် ပြည်နယ်နှင့် တိုင်းဒေသကြီးမှ ခရီးသွားလာရေးနှင့်ဆိုင်သော ဝန်ကြီးများလည်း တက်ရောက်မည်ဖြစ်ကြောင်း ၄င်းကဖြည့်စွက် ပြောကြားခဲ့သည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment