ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Sunday, July 15, 2012

KIA နှင့် မူဆယ်တွင် ဆွေးနွေးရန် တပ်မတော် ထပ်မံကမ်းလှမ်း



From : ခေတ်လူငယ်
အပစ်အခတ်ရပ်စဲရေး ဆွေးနွေးခဲ့သော်လည်း ရှေ့တန်းစစ်မျက်နှာတွင် တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်း ကြောင့် ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် ရှမ်းပြည်နယ်မြောက်ပိုင်း မူဆယ်မြို့တွင် စတုတ္ထအကြိမ် ဆွေးနွေးရန် အစိုးရတပ်မတော်က ထပ်မံကမ်းလှမ်းခဲ့ကြောင်း ကချင်ငြိမ်းချမ်းရေး ဖော်ဆောင်ရေးအဖွဲ့မှ ဦးလမိုင်ဂွမ်ဂျာ ပြောကြားခဲ့သည်။ နှစ်ဦးနှစ်ဖက် စစ်ဦးစီးချုပ်များ ဇူလိုင်လဆန်းတွင် ဗန်းမော်မြို့၌ ဆွေးနွေးရန် အစိုးရတပ်မတော်က ကမ်းလှမ်းခဲ့သော်လည်း တိုက်ပွဲများကြောင့် ကေအိုင်အေမှ လက်ခံခြင်း မရှိဘဲ လွယ်ဂျယ်မြို့အနီးရှိ မိုင်ဂျာယန်ဒေသ၌သာ ဆွေးနွေးရန် ပြန်လည် ကမ်းလှမ်းခဲ့ခြင်းကိုလည်း အစိုးရတပ်မတော်က လက်မခံသည့်အတွက် အထက်ပါအတိုင်း ပြန်လည် ကမ်းလှမ်းခြင်းဖြစ်ကြောင်း ၎င်းက ရှင်းပြသည်။ တစ်နှစ်ကျော်ကြာ တိုက်ပွဲဖြစ်ပွားနေသော ကချင်လွတ်လပ်ရေးတပ်မတော် (KIA) နှင့် အပစ်အခတ်ရပ်စဲရန် သုံးကြိမ် ဆွေးနွေးခဲ့သော်လည်း တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေခြင်းဖြစ်သည်။ “နိုင်ငံရေး စားပွဲဝိုင်းပေါ် မရောက်သေးတာက ရှေ့တန်းမှာ တိုက်ပွဲတွေ ဖြစ်နေလို့ပါ။ ဒါကြောင့် နှစ်ဦးနှစ်ဖက် စစ်ဦးစီးချုပ်တွေ ပါဝင်တဲ့ ဆွေးနွေးပွဲကို လုပ်ဖို့နေရာကို ညှိနှိုင်းနေတာပါ။ မူဆယ်မှာတွေ့ဖို့ လောလောဆယ် ကေအိုင်အေက အကြောင်းမပြန်သေးပါဘူး” ဟု ဦးလမိုင်ဂွန်ဂျာက ဆိုသည်။ ယင်းတွေ့ဆုံ ဆွေးနွေးပွဲတွင် တပ်မတော် ဒုတိယကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး စိုးဝင်းနှင့် ကေအိုင်အေ ဒုတိယစစ်ဦးစီးချုပ် ဗိုလ်ချုပ်ဂွမ်မော်တို့ တွေ့ဆုံညှိနှိုင်းမည်ဖြစ်ကြောင်း ငြိမ်းချမ်းရေးအကျိုးဆောင်အဖွဲ့မှ ဦးခွန်းအောင်က ပြောကြားသည်။ ကချင်လွတ်လပ်ရေးအဖွဲ့မှ အငြိမ်းစား အကြီးအကဲတစ်ဦးက “တွေ့ဆုံဆွေးနွေးမှုတွေ များလာရင် သေနတ်သံတွေ တိတ်သွားမှာပါ” ဟု လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများနှင့် ပတ်သက်၍ မှတ်ချက်ပေးသည်။ အစိုးရ တပ်မတော်နှင့် ကေအိုင်အေတို့အကြား ၂၀၁၂ ခုနှစ်အတွင်း တိုက်ပွဲပေါင်း ၁၆၀၀ ခန့်ဖြစ်ပွားခဲ့ပြီး ဇူလိုင်လအတွင်းတွင် တိုက်ပွဲပေါင်း ၆၀ ခန့်ဖြစ်ပွားခဲ့ကြောင်း ကေအိုင်အေ၏ စာရင်းဇယားများအရ သိရသည်ဟု ၂၀၁၂ ခုနှစ် ဇူလိုင် ၁၆ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment