မြစ်ဆုံရေကာတာပြန်စနိုင်ရန် တရုတ် အစိုးရကုမ္ပဏီမှ ဒေသခံများကိုစည်းရုံးနေ
ဇူလိုင် ၅ရက်
မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်အစိုးရလက်ထက် ဆိုင်းငံ့ထားသော ကချင်ပြည်နယ်
မြစ်ကြီးနား ဧရာဝတီမြစ်ဆုံပေါ် တည်ဆောက်မည့်ရေကာတာစီမံကိန်းအား ပြန်လည်
တည်ဆောက်နိုင်ရန် တရုတ်အစိုးရ တရုတ်စွမ်းအင်ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ
(CPI)ကုမ္မဏီမှ တာဝန်ရှိသူများသည် စီမံကိန်း ကြောင့်ပြောင်းရွှေ့ခံထားရသော
အောင်မြင်သာ စံပြကျေးရွာ ဒေသခံများအား စည်းရုံးမှု ပြုလုပ်နေကြောင်းသိရသည်။
မြစ်ဆုံရေကာတာတည်ဆောက်ရန် ကြိုးပမ်းနေသည့် တရုတ်အစိုးရ CPI (China Power
Investment) ကုမ္ပဏီမှ တာဝန်ရှိသူ ၁၀ ဦးကျော်သည် မြစ်ဆုံရေကာတာ စီမံကိန်း
ပြန်လည်ဆောက်လုပ်နိုင်ရန်အတွက် ဒေသခံများနေအိမ်သို့ ၀င်ရောက်ကာ ဇူလိုင် ၁
ရက်နေ့မှ ၃ ရက်နေ့ထိ ၃ ရက်ကြာ စည်းရုံးခဲ့ကြောင်း ဒေသခံများပြောသည်။
အောင်မြင်သာစံပြကျေးရွာရှိ နေအိမ်များသို့ တစ်အိမ်တက် တစ်အိမ်ဆင်း
ဒေသခံများ၏ အသေးစိတ် လိုအပ်ချက်မှအစ မေးမြန်း၍ စည်းရုံးပြောဆို
သွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးပြောသည်။
မြစ်ဆုံစီမံကိန်းအား သမ္မတမှရပ်ဆိုင်းထားသည်ဟုဆိုသော်လည်း ဆက်လက်တည်ဆောက်ရန် တရုတ်အစိုးရဖက်မှ ကြိုးပမ်းနေဆဲဖြစ်ပါတယ်။ “မြစ်ဆုံဆည်စီမံကိန်း ပြန်လည်တည်ဆောက်ဖို့က တရုတ်ကုမ္ပဏီဘက်မှာလည်း ဆည်စီမံကိန်းကိုရပ်တန့်ပြီ။ မလုပ်တော့ဘူးဆိုတာ မရှိဘူး။ ခုလောလောဆယ်က စစ်ဖြစ်နေသောကြောင့် ရပ်ဆိုင်းနေတာ ဖြစ်တယ်။ ကျမတို့ဘက်ကတော့ ဒီဆည်စီမံကိန်းကို ပြန်လုပ်လာမယ်လို့မျှော်လင့်တယ်။ ဘာဖြစ်လို့လဲဆိုတော့ တရုတ်ဘက်မှာလည်း ရပ်တန့်ပြီဆိုတဲ့ တရားဝင်စာထုတ် ထားတာမရှိဘူး။ အဲ့ဒီနေရာမှာလည်း အရင်ကလို စက်ကြီးနဲ့ အလုပ်သမားများရှိနေတာကြောင့် ပြန်လုပ်လာမယ်လို့ မျှော်လင့်တယ်” ဟုပြောသည်။ မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းခြင်းကိစ္စနှင့်ပတ်သက်၍ တရုတ်စွမ်းအင် ရင်းနှီးမြှုပ်နှံမှုကုမ္ပဏီ (CPI) ဥက္ကဋ္ဌ Mr. Lu Qizhou အား တရုတ်အစိုးရ ဆင်ဟွာသတင်းဌာနက မေးမြန်းခဲ့ရာတွင် လည်း မြစ်ဆုံစီမံကိန်း ရပ်ဆိုင်းထားသည်ဟု ပြောခြင်းသည် တည်ဆောက်မှုများရပ်ဆိုင်းသည်ဟုဆိုလိုပါက ဥပဒေကြောင်းအရ ရင်ဆိုင်ရမည့် အခြေအနေများသို့ ဦးတည်သွားမည်ဖြစ်ကြောင်း ဖြေကြားသွားခဲ့သည်။ ထိုကြောင့် သမ္မတမှ ရပ်ဆိုင်း ထားသော်လည်း တရုတ်အစိုးရ၏ စီမံကိန်း ပြန်လည်တည်ဆောက်ရန် ပြင်ဆင်ကြိုးပမ်းမှုများကြောင့် ဒေသခံများသည် စီးပွားရေး လူမှုရေးနှင့် သဘာဝပတ်ဝန်းကျင် ဆိုးကျိုးအန္တရာယ်များ ဆက်လက် ရင်ဆိုင် ရမည်ကို စိုးရိမ်ပူပန်နေကြသည်။
No comments:
Post a Comment