ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

ဝန်ကြီးများရုံး၊ တရားရုံးချုပ်၊ စုပေါင်းရုံးနှင့် မီးရထား ရုံးချုပ်တို့အား ပြတိုက်နှင့်ဟိုတယ် လုပ်ကိုင်ခွင့်ပြု


From : Myanmar Times , ၀င်းကိုကိုလတ်
အတွဲ ၂၉ ၊ အမှတ် ၅၇၇ (၁၃ - ၁၉ ၊ ၇ ၊ ၂၀၁၂)
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်မြို့ရှိ ၀န်ကြီးများရုံးအဆောက်အအုံ၊ တရားရုံးချုပ်(ဟိုက်ကုတ်)၊ တိုင်းဒေသကြီး စုပေါင်းရုံးနှင့် မီးရထားရုံးချုပ်တို့အား ပြတိုက်များနှင့် ဟိုတယ်များအဖြစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ပုဂ္ဂလိကလုပ်ငန်းရှင်များအား လုပ်ကိုင် ခွင့်ပြုလိုက်သည်ဟု မေလ ၈
ရက်နေ့စွဲ ဖြင့် သမ္မတဦးသိန်းစိန်က လွှတ်တော်သို့ သ၀ဏ်လွှာပေးပို့ခဲ့သည်။
ဝန်ကြီးများရုံးအဆောက်အအုံအား အနော်မာအနုပညာအဖွဲ့က ပြတိုက်၊ ဟိုက်ကုတ်အား ဦးသိန်းထွန်း (ထွန်း ဖောင်ဒေးရှင်းဘဏ် လီမိတက်) က ပြတိုက်၊ တိုင်းဒေသကြီးစုပေါင်းရုံးအား Flying Tiger Engineering Co., Ltd က ဟိုတယ်နှင့် မီးရထားရုံးချုပ်အား Dosim Engineering & Construction Co.,Ltd နှင့် Jewellery Lucky Production Co., Ltd အား ဟိုတယ် အဖြစ် လုပ်ကိုင်ခွင့် ပြုခဲ့ခြင်းဖြစ်သည်။
ယင်းအဆောက်အအုံများကို ပြတိုက် များနှင့် နိုင်ငံတကာအဆင့်မီ ဟိုတယ် များအဖြစ် ဆောင်ရွက်လိုသည့် ကုမ္ပဏီ များအား ၂၀၁၁ ခုနှစ်၊ ဒီဇင်ဘာလ ၁၆ နှင့် ၁၇ ရက်များတွင် နိုင်ငံပိုင်သတင်းစာများ မှတစ်ဆင့် တင်ဒါခေါ်ယူခဲ့ပြီး ၀န်ကြီးများ ရုံးအတွက် လေးဦး၊ ဟိုက်ကုတ်အတွက် တစ်ဦးတို့အား မြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှု ကော်မရှင် အစည်းအဝေးသို့လည်း ကောင်း၊ စုပေါင်းရုံးအတွက် ၁၆ ဦးနှင့် မီးရထားရုံးချုပ်အတွက် တင်ဒါတင်သွင်း လာသူတစ်ဦးတို့ကို စက်မှုဝန်ကြီးဌာနသို့ စုံညီခေါ်ယူဆွေးနွေးခဲ့သည်ဟုဆိုသည်။
တင်ဒါသွင်းလာသူ အသီးသီးကို ၎င်းတို့ရည်ရွယ်ထားသည့် အဆောက် အအုံနှင့်ပတ်သက်၍ ဆောင်ရွက်မည့် အစီအစဉ်များအား ရုပ်ပုံကားချပ်များ ဖြင့် ရှင်းလင်းစေခဲ့ပြီး လုပ်ငန်းဆောင် ရွက်ခွင့်ချထားပေးရန်အတွက် မြန်မာ နိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင် ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များက ညှိနှိုင်းဆုံးဖြတ်ခဲ့ကြခြင်း ဖြစ်သည်။
လုပ်ငန်းအတွေ့အကြုံရှိမှု၊ မြေအသုံး ချမှုအတွက် ပရီမီယံကြေးပေးသွင်းမှု၊ နှစ်စဉ် မြေငှားရမ်းခနှုန်းထား ပေးသွင်း ရန် တင်ပြမှု၊ ကြိုတင်ပြင်ဆင်လေ့လာ တင်ပြနိုင်မှု၊ ငွေကြေးအင်အား ခိုင်မာမှု၊ နိုင်ငံတကာ အတွေ့အကြုံရှိသည့် ဗိသုကာပညာရှင်များကိုယ်တိုင် မွမ်းမံ ပြင်ဆင်ဆောင်ရွက်ရန် တင်ပြမှု၊ ရှေးမူ လက်ရာမပျက် ထိန်းသိမ်းရန် တင်ပြမှု၊ ဟိုတယ်လုပ်ငန်းစီမံခန့်ခွဲရေး အတွေ့ အကြုံ ရှိမှု၊ ဟိုတယ်အား ခေတ်မီခိုင်ခံ့ သည့် ကြယ်ငါးပွင့်အဆင့် တည်ဆောက် ရေးတင်ပြနိုင်မှု စသည့် အချက်များပေါ် မူတည်၍ ညှိနှိုင်းဆုံးဖြတ်ခဲ့သည်ဟု ဖော်ပြထားသည်။
ဝန်ကြီးများရုံးအဆောက်အအုံအား အနော်မာအနုပညာအဖွဲ့က ပန်းချီ ပညာရှင်များ၏ ပန်းချီများကို အခန်း လိုက်ခွဲ၍ ပြတိုက်ပြု လုပ်ခြင်း၊ မြန်မာ နိုင်ငံရှိ တိုင်းဒေသကြီးများနှင့် ပြည်နယ် ဒေသကြီးများတွင် လူမျိုးအလိုက် ရိုးရာ ယဉ်ကျေးမှုပစ္စည်းများ၊ စားသောက် ကုန် ပစ္စည်းများ ထုတ်လုပ်ပုံအဆင့်ဆင့် ပြသ ၍ ရောင်းချခြင်းများ၊ ရက်ကန်းစင်များ၊ ဂျပ်ခုတ်လုပ်ငန်းများ ပြသပြု လုပ်ထားပြီး ၎င်းထုတ်ကုန်များကို အရည်အသွေး ကောင်းမွန်အောင်လုပ်ကိုင်ခြင်း၊ မြန်မာ့ ယဉ်ကျေးမှု တူရိယာပစ္စည်းများကို ကျွမ်းကျင်ပညာရှင်များဖြင့် အလုပ်ရုံ လုပ်ပြီးပြသခြင်း၊ အချို့ရက်များတွင် မြန်မာ့ရိုးရာအကများဖြင့် ပြသခြင်း၊ လုပ်ငန်းပညာရပ် အလိုက် ပြခန်းများဖွဲ့ ၍ အလှူရှင်များရှာဖွေပြီး စာကြည့်တိုက် များဖွင့်လှစ်ခြင်း၊ ပန်းချီ၊ ပန်းပု၊ အက၊ တူရိယာများ တီးမှုတ်ခြင်း ပညာများကို သင်တန်းဖွင့်လှစ် သင်ကြားပေးခြင်း၊ စားသောက်ဆိုင်များ၊ အမှတ်တရပစ္စည်း များရောင်းချခြင်း၊ ဗိုလ်ချုပ်အောင်ဆန်း နှင့် အာဇာနည်ခေါင်းဆောင်ကြီးများ လုပ်ကြံခံခဲ့ကြရသည့် အခန်းအား ဖယောင်းရုပ်များဖြင့် ပြုလုပ်ပြသခြင်း၊ ပါလီမန်လွှတ်တော် အခန်းအား မွမ်းမံ ထိန်းသိမ်းခြင်း စသည်တို့ကို ဆောင်ရွက် လိုသည်ဟု တင်ပြထားသည်။ ၀န်ကြီးများရုံး အဆောက်အအုံကို ငှားရမ်းကာလမှာ နှစ် ၃၀ ဖြစ်ပြီး ပြုပြင် မွမ်းမံမှုကာလ ၁၈ လအား အခမဲ့ခွင့်ပြု ပေးရန်နှင့် ၁၈ လနောက်ပိုင်းမှစ၍ ပြတိုက်များဝင်ငွေ စုစုပေါင်း၏ သုံးမှ ငါး ရာခိုင်နှုန်း၊ စားသောက်ဆိုင်များ၊ ရုံးခန်း များ ငှားရမ်းခငွေ၏ ၁၅ ရာခိုင်နှုန်း၊ အနုပညာပြပွဲများ၊ ကပွဲများ ၀င်ငွေ၏ တစ်ရာခိုင်နှုန်းကို ငှားရမ်းခအဖြစ်ပေး သွင်းရမည်ဟု ဖော်ပြထားသည်။
ဟိုက်ကုတ် အဆောက်အအုံတွင် လည်း ဦးသိန်းထွန်း (ထွန်းဖောင်ဒေး ရှင်းဘဏ် လီမိတက်)က မြန်မာနိုင်ငံ၏ ရှေးဟောင်း ယဉ်ကျေးမှု အမွေအနှစ် ပစ္စည်းများ၊ မြန်မာ့ဂုဏ်ဆောင်နိုင်သည့် အရေအတွက်ထောင်ချီရှိသည့် ပန်းချီ ကားများ၊ ပန်းပုလက်ရာများ ပြသရန် အတွက် ပြခန်းများနှင့်အတူ မြန်မာနိုင်ငံ ရှိ တက္ကသိုလ်များ၊ အစိုးရဌာနများ၊ စာပေ ၀ါသနာရှင်များ၊ အခြားအဖွဲ့အစည်းများ အတွက် မြန်မာနိုင်ငံတွင်ရှိသင့်ရှိထိုက် သည့် ရည်ညွှန်းစာကြည့်တိုက်ကြီးတစ်ခု ဖွင့်လှစ်ရန်၊ လိုအပ်သည့်စာအုပ်များ အား ထွန်း ဖောင်ဒေးရှင်းဘဏ်မှ ဖွင့်လှစ် တည်ထောင်ထားသည့် အီးဘွတ်ခ် နှစ်သန်းနှင့် နိုင်ငံတကာစာအုပ် နှစ်သိန်း ခန့်ကို ပြောင်းရွှေ့ ဖွင့်လှစ်ရန်နှင့် မြန်မာ့ ယဉ်ကျေးမှုအမွေအနှစ် သဘင်ပညာနှင့် ရုပ်သေးပညာ ဦးမော့လာနိုင်ရေးအတွက် အမျိုးသားကဇာတ်ရုံ တည်ထောင်ရန် အဆိုပြုချက်များထဲတွင် ဖော်ပြထား သည်။
ဟိုက်ကုတ်အား ထွန်းဖောင်ဒေးရှင်း ဘဏ်လီမိတက်မှ တစ်နှစ်လျှင် ကျပ်သိန်း ၂,၄၀၀ ဖြင့် ငှားရမ်းမည်ဖြစ်ပြီး ရင်းနှီး မြှုပ်နှံမှု အတွက် ကျပ်သိန်းသုံးသောင်းမှ ငါးသောင်းအထိ သုံးစွဲမည်ဟု ဖော်ပြ ထားသည်။ စုပေါင်းအဆောက်အအုံအား အခန်း ၁၈၀ ပါ နိုင်ငံတကာအဆင့်မီ ဟိုတယ် အဖြစ် နှစ် ၆၀ ငှားရမ်းခွင့်ပြု မည်ဖြစ်ပြီး နှစ်စဉ်ငှားရမ်းခဟိုတယ် ၀င်ငွေ၏ ခုနစ် ရာခိုင်နှုန်း၊ မြေအသုံးချမှု ပရီမီယံကြေး ကန်ဒေါ်လာ ၁၄ ဒသမ ၄ သန်းနှင့် ရင်းနှီး မြှုပ်နှံမှုပမာဏ ကျပ်သိန်း ၂၀၀, ၀၀၀ ဖြစ်သည်။
မီးရထားရုံးချုပ်အဆောက်အအုံကို ငှားရမ်းနှစ်ကာလ နှစ် ၃၀+ ၁၅+ ၁၅ နှစ်စဉ်ငှားရမ်းခ ကန်ဒေါ်လာ ၃၀၀,၀၀၀၊ မြေအသုံးချမှု ပရီမီယံကြေး ကန်ဒေါ်လာ ၃ ဒသမ ၇၅ သန်းနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ ၁၂ သန်းဖြစ်သည်ဟု ဖော်ပြထား သည်။

No comments:

Post a Comment