ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

ပုဂ္ဂလိကဘဏ်မှာ နိုင်ငံခြားငွေစာရင်းဖွင့်လှစ်သူ များပြားနေ


နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တချို့မှာ လာရောက်စာရင်းဖွင့်သူ ဦးရေဟာ သည်နေ့ နေ့တစ်ဝက်မှာတင် ရာကျော်ရှိတယ်လို့ သိရပါတယ်။ နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရထားပြီး နိုင်ငံတကာဘဏ် ကွန်ရက်စနစ် (SWIFT system) ထူထောင်ပြီးတဲ့
ပုဂ္ဂလိကဘဏ်တချို့ သည်နေ့ကစပြီး နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်ဖို့ ဗဟိုဘဏ်က ခွင့်ပြုလိုက်ပါတယ်။ ကမ္ဘောဇဘဏ်မှ တာဝန်ရှိသူ ဦးဇော်လင်းထွဋ်က “သောကြာနေ့ (ဇူလိုင်လ ၆ ရက်နေ့)က ဗဟိုဘဏ်ရဲ့ ညွှန်ကြားချက်ရပြီး ဒီနေ့ ၉ ရက်နေ့ကစပြီး နိုင်ငံခြားငွေစာရင်း စဖွင့်ခွင့်ရပါတယ်၊ လာဖွင့်တဲ့သူ တော်တော်များတယ်၊ နေ့ဝက်မှာတင် စာရင်းဖွင့်သူ နှစ်ရာ၊ သုံးရာလောက်ရှိပြီ” လို့ ပြောပါတယ်။ အမေရိကန်ဒေါ်လာ၊ ယူရို၊ စင်ကာပူဒေါ်လာနဲ့ အက်ဖ်အီးစီ စတဲ့ နိုင်ငံခြားငွေစာရင်းတွေ ဖွင့်နိုင်ပါတယ်။ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိက ဘဏ်တချို့က ငွေစာရင်းကို ပတ်စ်ပို့လို စာအုပ်ထုတ်ပေးမှာ မဟုတ်ဘူးလို့ ဆိုပါတယ်။ နိုင်ငံခြားငွေစာရင်း ဖွင့်ပေးတဲ့ မှတ်တမ်းက တစ်ဘဏ်နဲ့ တစ်ဘဏ် တူညီမှာ မဟုတ်ပါဘူး။ စီဘီဘဏ်မှ မန်နေဂျင်းဒါရိုက်တာ ဦးဖေမြင့်က “စာရင်းဖွင့်မယ်သူတွေ ရွေးချယ်ခွင့် ပိုရလာမယ်၊ တစ်ဘဏ်နဲ့ တစ်ဘဏ် ဝန်ဆောင်မှုချင်းတော့ တူမှာမဟုတ်ဘူး၊ စာရင်းဖွင့်ရင် ကျွန်တော်တို့ဘဏ်က စာအုပ်နဲ့ မဟုတ်ဘူး” လို့ ပြောပါတယ်။ အစိုးရဝန်ထမ်း၊ အစိုးရပိုင် စီးပွားရေးမှာ လုပ်ကိုင်နေသူ၊ အစိုးရနဲ့ ဖက်စပ်လုပ်ကိုင်နေသူနဲ့ သံတမန် ဆောင်ရွက်နေသူတွေကတော့ အစိုးရဘဏ်တွေမှာသာ နိုင်ငံခြားငွေစာရင်း ဖွင့်လှစ်နိုင်တယ်လို့ ညွှန်ကြားချက်မှာ ပါဝင်ကြောင်း သိရတယ်။ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေမှာ နိုင်ငံခြားငွေစာရင်း ဖွင့်ဖို့ဆိုရင် စာရင်းရှင်အပ်ငွေ ဖွင့်ရပါမယ်။ တရားဝင် နိုင်ငံခြားငွေ ကိုင်ဆောင်ခွင့်ရှိသူလို့ ညွှန်ကြားချက်မှာ ပါဝင်လို့ အထောက်အထား အနေနဲ့ တရားဝင် နိုင်ငံခြားငွေ ရောင်းဝယ်ရေးစင်တာတွေမှာ ဝယ်ယူထားတဲ့ ဖြတ်ပိုင်း ပြရပါမယ်။ အမေရိကန် ဒေါ်လာ ၁၀၀၀၀ ထက်ကျော်တဲ့ ပမာဏဆိုရင်တော့ သည်ဝင်ငွေ ဘယ်ကရရှိတယ်ဆိုတဲ့ အထောက်အထား ပြရမှာပါ။ နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတဲ့ ပုဂ္ဂလိကဘဏ်တွေအနေနဲ့ လက်ရှိမှာ စာရင်းဖွင့်ရုံသာရှိပြီး နောက်ပိုင်းမှာတော့ L/C ဖွင့်ခွင့်တွေ ရရှိလာမှာ ဖြစ်တယ်။ ပုဂ္ဂလိကဘဏ်တွေ အခုလို နိုင်ငံခြားငွေစာရင်း ဖွင့်ခွင့်ရတာ နှစ်ပေါင်း ၂၀ ကျော်မှ ပထမဆုံး စတင်ရရှိတာ ဖြစ်ပါတယ်။ ပုဂ္ဂလိကဘဏ်တွေဟာ ပြီးခဲ့တဲ့ ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ နိုင်ငံခြားငွေလွှဲကောင်တာတွေ စတင်ဖွင့်ခွင့်ရရှိပြီး နိုဝင်ဘာလမှာ အေတီအမ်စက် သုံးစွဲခွင့်ရရှိခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၃ ရက်နေ့ထုတ် မော်ဒန် သတင်းဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment