ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Friday, July 13, 2012

အာဆီယံမှ မြန်မာသို့ တင်သွင်းသည့် ကုန်ပစ္စည်း ၇၅၀၀ ကျော်ကို အကောက်ခွန် ကင်းလွတ်ခွင့်ပြု


အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းသော ကုန်ပစ္စည်းပေါင်း ၇၅၀၀ ကျော်ကို အကောက်ခွန် ကင်းလွတ်ခွင့်ပြုမည် ဖြစ်ကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန် ကာကွယ်ရေးဌာနခွဲမှ သိရသည်။ ယင်းမှာ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) ထူထောင်ရေး
သဘောတူညီချက်အရ ဖြစ်ကြောင်း ယခု ၂၀၁၂ ခုနှစ်တွင် အာဆီယံနိုင်ငံများမှ မြန်မာနိုင်ငံသို့ တင်သွင်းသော ကုန်ပစ္စည်းများ၏ ၈၀ ရာခိုင်နှုန်းအား အခွန်မကောက်ရန် သတ်မှတ်ထားရာတွင် အခွန်ကင်းလွတ်ခွင့်ပြုမည့် အမျိုးအစားများကို အာဆီယံ အတွင်းရေးမှူးချုပ်ရုံးထံ တင်ပြထားကြောင်း ဘဏ္ဍာရေးနှင့် အခွန်ဝန်ကြီးဌာန အကောက်ခွန် ကာကွယ်ရေးဌာနခွဲ၏ တာဝန်ရှိသူတစ်ဦးက ပြောပါသည်။ ယခု ၂၀၁၂ ခုနှစ်အတွက် အာဆီယံဒေသမှ တင်သွင်းသည့် သတင်းဆက်သွယ်ရေးနှင့် နည်းပညာပစ္စည်းများ အပါအဝင် ပစ္စည်းအမျိုးအစားပေါင်း ၉၅၅၈ မျိုးရှိနေပြီး ယင်းအနက် ၈၀ ရာခိုင်နှုန်း၊ ကုန်ပစ္စည်း အမျိုးစားပေါင်း ၇၅၀၀ ကျော်မှာ အခွန်ကင်းလွတ်ခွင့် ပြုရမည်ဖြစ်ကြောင်း အာဆီယံစီးပွားရေး အသိုက်အဝန်း အလုပ်ရုံဆွေးနွေးပွဲမှ သိရသည်။ မြန်မာနိုင်ငံသည် ၁၉၉၇ ခုနှစ်ကပင် အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) ထူထောင်ရေး သဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပြီး ၂၀၀၈ ခုနှစ်မှ စတင်ကာ အာဆီယံဒေသမှ သွင်းကုန် ၆၀ ရာခိုင်နှုန်းရှိသည့် အမျိုးအစားပေါင်း ၅၀၀၀ နီးပါးကို အခွန်ကင်းလွတ်ခွင့် ပေးခဲ့ကြောင်း သိရသည်။ အဆိုပါ အာဆီယံ လွတ်လပ်သော ကုန်သွယ်မှုဒေသ (AFTA) သတ်မှတ်ချက်များအရ မြန်မာနိုင်ငံ၊ လာအိုနိုင်ငံ၊ ကမ္ဘောဒီးယားနိုင်ငံနှင့် ဗီယက်နမ်နိုင်ငံတို့မှာ အာဆီယံနိုင်ငံများမှ သွင်းကုန်များကို ယခု ၂၀၁၂ ခုနှစ်တွင် ၈၀ ရာခိုင်နှုန်း၊ ၂၀၁၅ ခုနှစ်တွင် ၉၃ ရာခိုင်နှုန်းနှင့် ၂၀၁၈ ခုနှစ်တွင် ၁၀၀ ရာခိုင်နှုန်း အခွန်ကင်းလွတ်ခွင့် ပေးရမည်ဖြစ်ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၇ ရက်နေ့ထုတ် News Watch Weekly ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment