ပြည်တွင်းပြည်ပမှာရှိသော မြန်မာတိုင်းရင်းသား ညီအစ်ကိုမောင်နှမအားလုံး အေးချမ်းသာယာပြီးခေတ်မီဖွံ့ဖြိုးတိုးတက်သော စည်းကမ်းပြည့်ဝသည့် ဒီမိုကရေစီ နိုင်ငံတော်သစ်တည်ဆောက်ရာမှာ မိမိအခန်းကဏ္ဍအလိုက် တာဝန်ကျေစွား၊ စည်းလုံးညီညွတ်စွာ လက်တွဲဆောင်ရွက်ကြပါစို့

Tuesday, July 17, 2012

မက်စ်မြန်မာနှင့် ဒေသခံဆန်စပါး အထူးပြုကုမ္ပဏီများ စိုက်စရိတ် ကျပ်ငွေ ၂ ဒသမ ၅ ဘီလီယံကို ၁ ရာခိုင်နှုန်း အတိုးဖြင့် ထုတ်ချေး


မက်စ်မြန်မာကုမ္ပဏီနှင့် ဒေသခံဆန်စပါး အထူးပြုကုမ္ပဏီတို့ ပူးပေါင်းကာ ဧရာဝတီတိုင်းဒေသကြီး ရေကြည်နှင့် ကျုံပျော်မြို့နယ်ရှိ လယ်သမားများကို မိုးစပါးစိုက်ပျိုးစရိတ်အတွက် အတိုးနှုန်း တစ်ရာခိုင်နှုန်းဖြင့် ငွေကျပ် ၂ ဒသမ ၅ ဘီလီယံအား ဇူလိုင်လ ၁၂ ရက်နေ့တွင် ချေးငွေအဖြစ် ထုတ်ချေးပေးခဲ့ကြောင်း သိရသည်။ ဧရာဝတီတိုင်းဒေသကြီးအတွင်း အထူးပြုကုမ္ပဏီများမှ
လယ်သမားများကို စိုက်စရိတ် ချေးငွေများ ပံ့ပိုးပေးရာတွင် ယခင်နှစ်များက အတိုးနှုန်းကို နှစ်ရာခိုင်နှုန်း သတ်မှတ်ခဲ့ရာမှ ယခုနှစ်တွင် တစ်ရာခိုင်နှုန်းသို့ လျှော့ချပေးခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတောင်သူများက ပြောသည်။ “ချေးငွေပေးတာ သုံးနှစ်ရှိပါပြီ။ နှစ်တိုင်းတော့ အတိုးက နှစ်ကျပ်ပေးရတယ်။ ဒီနှစ် တစ်ကျပ်ဆိုတော့ ကုမ္ပဏီကို ကျေးဇူးတင်ပါတယ်။ လိုသလောက် ဦးရေတော့ မရနိုင်သေးဘူး။ ငွေထုတ်မယ့် တောင်သူတွေကိုတော့ အုပ်ချုပ်ရေးမှူးက တာဝန်ခံပေးရတယ်” ဟု ကျုံပျော်မြို့နယ် စနှောင်းကွင်းကျေးရွာမှ လယ်သမား ဦးသိန်းလွင်က ပြောသည်။ ယင်းသို့ ချေးငွေများ ထုတ်ပေးရာတွင် လယ်တစ်ဧကလျှင် ကျပ် ၅၀၀၀၀ နှုန်းဖြစ်ပြီး လတ်တလောတွင် သွင်းအားစု အပါအဝင် စိုက်စရိတ်အတွက် ကျပ် ၄၀၀၀၀ နှင့် ရိတ်သိမ်းစရိတ် ကျပ် ၁၀၀၀၀ ကိုလည်း ရိတ်သိမ်းချိန်အမီ ထုတ်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။ အဆိုပါ ချေးငွေ ထုတ်ပေးရာတွင် ကျုံပျော်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၄၆ စုမှ တောင်သူ ၃၃၅၀ အတွက် ကျပ်သိန်းပေါင်း ၁၀၀၀၀ နှင့် ရေကြည်မြို့နယ်အတွင်း ကျေးရွာအုပ်စု ၅၁ စုမှ တောင်သူ ၃၉၀၀ ကျော်အတွက် ကျပ်သိန်းပေါင်း ၁၅၀၀၀ ထုတ်ချေးပေးနိုင်ခဲ့ကြောင်း ၂၀၁၂ ခုနှစ် ဇူလိုင်လ ၁၉ ရက်နေ့ထုတ် ရန်ကုန်တိုင်း(မ်) ဂျာနယ်တွင် ဖော်ပြထားပါသည်။

No comments:

Post a Comment